သမိုင်းစဉ်တွင် နေရာယူခြင်း၊ နေရာပေးခြင်း

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၃ဝ ရက်)

မြန်မာနိုင်ငံသမိုင်းတွင် လူမှန်ရွေး၍နေရာပေးတတ်သောခေါင်းဆောင်များအဖြစ် အနော်ရထာ၊ တပင်ရွှေထီးနှင့် အလောင်းမင်း တရားကြီးတို့ကို သာဓကပြလိုသည်။ လူရွေးမှားသောခေါင်းဆောင်များအဖြစ်  စောလူးနှင့် တပင်ရွှေထီးတို့ကို သာဓကပြလိုသည်။ တပင်ရွှေထီးသည် တစ်ယောက်တည်းနှင့် လူရွေးလည်း မှန်ခဲ့သည်၊ လူရွေးလည်း မှားခဲ့သည်ကိုလေ့လာတွေ့ရှိနိုင်သည်။ အနော်ရထာမင်းသည် ယနေ့ခေတ်မြန်မာ နိုင်ငံလောက် နီးနီးကျယ်ပြန့်သော နိုင်ငံတော်ကို စစ်ရေးဖြင့် စည်းရုံးခဲ့သည်။ စားရေရိက္ခာအတွက် ကန်၊ ချောင်း ဆည်မြောင်း များကို ဆည်ဖို့ခဲ့သည်။ နိုင်ငံသားများ၏ စိတ်နှလုံးကိုဆုံးမနိုင်ရန် ထေရဝါဒဗုဒ္ဓသာသနာကို ချီးမြှင့်ထောက်ပံ့ခဲ့ သည်။ အနော်ရထာမင်းအားကိုးအားထားပြုရသူနှစ်ဦးမှာ ရှင်အရဟံနှင့် ကျန်စစ်သား ဖြစ်သည်။

အနော်ရထာ လွန်လျှင် သားတော် စောလူးနန်းတက်သည်။ စောလူးရွေး၍နေရာပေးသူကား အလိုကြီး၍ သစ္စာမဲ့သော ငရမန်ဖြစ်သည်။ ငရမန်သည် ကြွေအံကစားရာ မှစသော ရန်ကြွေးရန်စကို အကြောင်းပြု၍ စောလူးကို ပုန်ကန်ခဲ့သည်။ အနော်ရထာ ရွေးခဲ့သော ကျန်စစ်သားသည် နိုင်ငံတော်၏ တာဝန်ကို အနော်ရထာ မရှိသည့် နောက်မှာပင် ကျေပွန်စွာ ဆက်လက် ထမ်းဆောင်ခဲ့သည်မှာ အနော်ရထာ လူရွေးမှန်၍ဖြစ်ပေသည်။

တပင်ရွှေထီးသည် တောင်ငူထီးနန်းကို ၁၅ နှစ်သားအရွယ်က စတင်ပိုင်ဆိုင်ခဲ့သည်။ ဘုရင့်နောင်သည် နိုင်ငံအရေး များစွာ၌ တပင်ရွှေထီး လစ်လပ်သမျှကို ကိုယ်စားဆောင်ရွက်ရသူဖြစ်သည်။ တပင်ရွှေထီးကား ပေါ်တူဂီတို့နှင့် လူရွေးမှား ပေါင်းမိ၍ သေရည်သေရက် စွဲလမ်းခဲ့သည်။ သေရည်မူး၍ မေ့မေ့လျော့လျော့ရှိနေသော တပင်ရွှေထီးကို သမိန်စောထွတ် လုပ်ကြံသဖြင့် ကွယ်လွန်ခဲ့သည်။ တပင်ရွှေထီး မရှိတော့သော်လည်း ဘုရင့်နောင်ကို နေရာပေး ရွေးချယ် မှန်ကန်မှုကြောင့် မြန်မာနိုင်ငံသည် အင်အားကြီးမားသော နိုင်ငံအဖြစ် ဆက်လက်ရပ်တည် နိုင်ခဲ့သည်။

ထို့အတူ အလောင်းမင်းတရားသည် လူမှန်ရွေး၍ နေရာပေးနိုင်ခဲ့သည်။ သူရဲကောင်းများကို သူ့နေရာ နှင့်သူ အသုံးပြုနိုင်ခဲ့သည်။ ထို့ကြောင့် ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်ဟု သမိုင်းမော်ကွန်းတင် နိုင်ခဲ့သည်။ အလောင်းမင်းတရား၏နန်းစံသက်မှာ ရှစ်နှစ်မျှသာရှိသည်။ တိုတောင်းသောကာလအတွင်း တတိယဧကရာဇ် နိုင်ငံတော်ကို အောင်မြင်စွာစည်းရုံးတည်ဆောက်နိုင်ခြင်းမှာ လူရွေးမှန်ကာ နေရာပေးတတ် ခြင်းကြောင့် ဖြစ်ပေ သည်။

ပဒေသရာဇ်ခေတ်တွင် လူရွေးမှန်လျှင် တိုင်းပြည်တိုးတက်သကဲ့သို့ လူရွေးမှားလျှင် တိုင်းပြည်ဆုတ်ယုတ် ခဲ့သည်မှာ သမိုင်းဖြစ်ရပ်များက သက်သေခံလျက်ရှိသည်။ ယနေ့ပါတီစုံဒီမိုကရေစီကာလတွင် နိုင်ငံတော်ကို အုပ်ချုပ်ရန်အတွက် ရွေးချယ်ပေးရသည်မှာ ပြည်သူများကိုယ်တိုင်သာဖြစ်သည်။ ပဒေသရာဇ်ခေတ်က ဘုရင်ကိုယ်တိုင်ရွေးချယ်ခဲ့ပြီး တိုင်းပြည်တာဝန်ကိုလက်ဆင့်ကမ်းနေရာပေးခဲ့သလို ယခုပါတီစုံဒီမိုကရေစီ စနစ်တွင် ပြည်သူများကရွေးချယ်ကာ နေရာပေးရပေမည်။ လူများစွာထဲမှ မဲဆန္ဒနယ်မြေတစ်ခုတွင် လူတစ်ဦးစီ ရွေးချယ်ပေးကြရမည်။ ရွေးကောက်တင်မြှောက်ခံရသူသည် အစိုးရအဖွဲ့တွင်လည်းကောင်း၊ ပြည်သူ့ လွှတ်တော် တွင်လည်း ကောင်း၊ တရားစီရင်ရေးတွင်လည်းကောင်း နေရာယူတာဝန်ထမ်းဆောင်ကြရမည်ဖြစ် ပေသည်။

၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ပထမဦးဆုံး စဉ်းစားရမည့်အချက်မှာ ကိုယ်စားလှယ်သည် မိမိမြို့နယ်ဒေသနှင့်နိုင်ငံကို လက်တွေ့အကျိုးပြု မည့်သူဟုတ်၊ မဟုတ်စဉ်းစားရပေမည်။ ဒုတိယအချက်အနေဖြင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေ စည်းမျဉ်းစည်းကမ်း များကို ကိုယ်တိုင်လိုက်နာပြီး လုပ်ဆောင်တတ်သူဖြစ်၊ မဖြစ်စဉ်းစားရပေမည်။ တတိယ အချက်မှာ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင် သူကို စဉ်းစားရပေမည်။ စတုတ္ထအချက် အနေဖြင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို နားလည် သဘောပေါက်သူဟုတ်၊ မဟုတ်စဉ်းစားရမည်။

ပဉ္စမအချက်မှာ အလွန်ပင်အရေးကြီးလှသည်။ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန် လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းပေးနိုင်သူကိုစဉ်းစားရမည်။ နိုင်ငံတိုင်းသည် သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ဘာသာကိုထိန်းသိမ်း နေချိန် တွင်လည်း မြန်မာတို့သည်လည်း အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းရမည်သာဖြစ်သည်။ ဆဋ္ဌမ အချက် အနေဖြင့် ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ၏လွှမ်းမိုးခြင်းမခံရသူကိုစဉ်းစားရွေးချယ်ရမည် ဖြစ်သည်။ မိမိသည် သူတစ်ပါးထံမှ ငွေကြေးအကူအညီကို ယူထားမိလျှင် ထိုသူ၏လွှမ်းမိုးမှုကိုခံနေရမည်မှာ သေချာလှ ပေသည်။ အနှစ်ချုပ်ရပါလျှင် နိုင်ငံနှင့်လူမျိုးဂုဏ်ရှိန်တိုးအောင်စွမ်းဆောင်နိုင်မည့်သူ၊ နိုင်ငံတော်ကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်မည့် သူများကို ရွေးချယ်ခြင်း၊ နေရာပေးခြင်းပြုလုပ်နိုင်ရန်အတွက် ကြိုတင် စဉ်းစား နိုင်ပါရန် ရေးသားလိုက်ရပေသည်။  ။