ကောင်းမှုမြတ်နိုး ကောင်းမှုပျိုးသည် ကောင်းကျိုး ရတနာကြွယ်ပါစေ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၃၁ ရက်)

နေပြည်တော်တွင်တည်ထား ကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အစိတ်အပိုင်း(၁)အား ပြည်ကြီးမွန်ရတနာ ရွှေဖောင်တော်ဖြင့် လှေတော်ဝင်းခင်း၍ ပင့်ဆောင် ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး၌ကျင်းပခဲ့သည့်မြင်ကွင်းကိုကြည့်ရင်း ဗုဒ္ဓဘာသာဝင် သူတော်စင်များမှာ ပီတိလည်းပွား ကုသိုလ် လည်း များစေခဲ့သည်။

အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်လောင်းလျာ ပင်မကျောက်တော်ကြီးအား စကျင်တောင်မှ မြောင်မြစ်အတိုင်း၊ ယင်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်း အတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ ဆိပ်ကမ်းသို့ ဒေဝါဝင်း၊ ရာဇာဝင်းများလိုက်ပါပူဇော်၍ ရာသီဥတုကောင်းမွန်သာယာပြီး သင့်လျော်ကောင်းမြတ် သည့် မင်္ဂလာကာလတွင်  ပြည်တော်ဝင်အခမ်းအနားအဖြစ်  မြင်းခြံမြို့နယ် ဆီမီးခုံမှ  တံတားဦးအဝိုင်း၊  ယင်းမှ တစ်ဆင့် မန္တလေး-ရန်ကုန်အမြန်လမ်းအတိုင်း ရာဇဌာနီ ခေါ် မင်းနေပြည်တော်သို့ပင့်ဆောင်ရန် ဖြစ်သည်။

အဆိုပါမင်္ဂလာအခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝမ်းမြောက် ရွှင်လန်း ဥဒါန်းစကားမြွက်ကြားလျှောက်ထားရာတွင် ယခုကဲ့သို့ မဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပ၍ အမျိုးဘာသာ သာသနာကိုတည်တံ့ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရသည့် ထူးခြားလှသည့် ကုသိုလ်တော် ပါရမီစွမ်းအားကြောင့် နိုင်ငံတော်ကြီးငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်ပါစေကြောင်း၊ ကပ်ရောဂါ ဆိုး များကင်းရှင်း၍ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာစွာ တည်တံ့ ထွန်းလင်းနိုင်ပါစေကြောင်း၊ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ခြင်း၏ ကောင်းမြတ်သောရည်ရွယ်ချက်များနှင့်အညီ လျင်မြန်ချောမွေ့စွာ အောင်မြင်ပြီး မြောက်ပါ စေကြောင်း ထည့်သွင်းလျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် ရှေးယခင်သာသနာပြု မင်းအဆက်ဆက်တို့သည် စကျင်ကျောက်တော်ကြီးများကို ပင့်ဆောင်၍ ဗုဒ္ဓ ရုပ်ပွားတော်များအဖြစ် ထုဆစ်ပူဇော်ခဲ့ကြသည်။ အင်းဝခေတ်၌ တနင်္ဂနွေမင်းသည် အင်းဝမြို့တွင် လောက သရဖူ ကျောက်တော်ကြီးဘုရား၊ စစ်ကိုင်းမြို့တွင် လေးကျွန်းမာန်အောင် ကျောက်တော်ကြီး ဘုရားတို့ကို တည်ထား ကိုးကွယ်ခဲ့သည်။ အမရပူရခေတ် ဘိုးတော်ဗဒုံမင်း လက်ထက်တွင်လည်း အသည်ဝန်၊ မဟာမင်းလှ ကျော်စွာ ဦးဆောင်၍ တောင်သမံအင်းအနောက်ဘက်၌ နေပူခံ ဘုရားကြီး ခေါ် တောင်မင်းကြီး ကျောက် တော်ကြီး ဘုရားကို တည်ထားပူဇော်ခဲ့သည်။ ဘကြီးတော်စစ်ကိုင်းမင်းသည်လည်း တောင်သမံအင်း အရှေ့ဘက်တွင် မဟာသကျရံသီ ကျောက်တော်ကြီးဘုရားကို တည်ထားပူဇော်ခဲ့လေသည်။ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးသည်လည်း မန္တလေးတောင်ခြေ၌ ကျောက်တော်ကြီးဘုရားကို အသီတိသာဝကရှစ်ကျိပ်သော ရဟန္တာ အရှင်မြတ်များခြံရံလျက် သိုက်မြိုက်သပ္ပာယ်စွာ တည်ထားပူဇော်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်လည်း ကျောက်တော်ကြီး ဘုရားများ တည်ထားကိုးကွယ် ခြင်း ကောင်းမှုကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ တပ်မတော် အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်၌ လောကချမ်းသာအဘယ လာဘ မုနိကျောက်တော်ကြီးဘုရားကိုလည်းကောင်း၊   ဒီမိုကရေစီ ခေတ်ဦး ပထမအစိုးရလက်ထက်တွင်  ပြည်ထောင်စု နယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ကုသိနာရုံလျောင်းတော်မူ ကျောက်တော်ကြီးဘုရားနှင့် ဥတ္တရ သီရိမြို့နယ် အောင်မောဠိတောင်ညွန့်ထက်တွင် ပုဂံအာနန္ဒာ ဘုရားတောင်ဘက်မုခ်ရှိ ကဿပဘုရားရှင် ပုံတော်အတိုင်း မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီးတို့ကိုလည်းကောင်း အသီးသီးတည်ထား ပူဇော်ခဲ့ကြသည်။

ယခုအခါ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ် မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်လျက်ရှိရာတွင် မြတ်စွာ ဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော် ညီညွတ်စွာ ထုဆစ်လျက်ရှိသည်။ ပလ္လင်အမြင့် ၁၈ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ စုစုပေါင်း ၈၁ ပေအမြင့် ရှိမည်ဖြစ်ပြီး သဗ္ဗညုဘုရားရှင်၏ ကြည်လင်သန့်ရှင်းဖြူဝင်းသော သြဒါတဂုဏ်တော်၊ သီရိဂုဏ်တော်တို့နှင့် ပြည့်စုံစေရန်အတွက် ခေတ်မီနည်း စနစ်များဖြင့် ထုဆစ်ပူဇော်မည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံ အဖြစ် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဘုရားတည်ခြင်းသည် ကုသိုလ်အနန္တ ရရှိပေရာ ကောင်းမှုမြတ်နိုး ကောင်းမှုပျိုးသည် ကောင်းကျိုးရတနာကြွယ်ပါ စေကြောင်း ရေးသားလိုက်ရပေသည်။   ။