အင်ဒိုနီးရှား၌ ကာကွယ်ဆေးထိုးထားသည့် ကျန်းမာရေးဝန်ထမ်း ၃၅၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

အင်ဒိုနီးရှားနိုင်ငံ၌ ဆီနိုဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားသည့် ကျန်းမာရေးဝန်ထမ်း ၃၅၀ ကျော်သည် အဆိုပါ ရောဂါကူးစက်ခံရကြောင်း တာဝန်ရှိသူများက ပြောသည်။

ရောဂါကူးစက်ခံရသူအများစုသည် ရောဂါလက္ခဏာပြသခြင်း မရှိသည့်အတွက် နေအိမ်၌သာ   သီးသန့်ခွဲ နေထိုင်နေရသော်လည်း  ကျန်ရှိသည့်ဒါဇင်ပေါင်းများစွာမှာ အဖျားကြီးခြင်း၊    အသက်ရှူကျပ်ခြင်း ဝေဒနာများ ခံစားရသောကြောင့်    ဆေးရုံ၌ကုသမှု ခံယူနေရကြောင်း   ဗဟိုဂျာဗားပြည်နယ် ကူဒက်ခရိုင်ကျန်းမာရေးမှူး ဘာဒယ်အစ်မိုယာက ပြောသည်။

ကူဒက်ခရိုင်၌ အိန္ဒိယနိုင်ငံတွင် ပထမဆုံးဖြစ်ပေါ်သော ဒယ်တာဗီဇပြောင်းရောဂါပိုး ဖြစ်ပွားနေသည်ဟု ယူဆရပြီး  ဆေးရုံရှိခုတင် ၉၀ ရာခိုင်နှုန်းခန့်မှာ  လူနာများနှင့်ပြည့်နေသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ဇန်နဝါရီလတွင် စတင်သည့် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကျန်းမာရေးဝန်ထမ်းများမှာ ကာကွယ်ဆေးဦးစားပေး ထိုးခွင့်ရသူများ ဖြစ်သည်။

အဆိုပါကျန်းမာရေးဝန်ထမ်းများသည် ဆီနိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေးထိုးနှံထားသည့်အတွက် ရောဂါကူးစက်မှု ပိုမိုများပြားလာနိုင်ခြေနှင့် ပတ်သက်၍ ကျန်းမာရေးပညာရှင်များက စိုးရိမ်ပူပန်နေသည်။

ထို့ပြင် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးနှင့်ပတ်သက်၍ ကာကွယ်ဆေးများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ် ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ 

Ref: CNA