တရုတ်နိုင်ငံက ၎င်းတို့၏ အာကာသစခန်းအသစ်အတွက် ပထမဆုံးသော အာကာသယာဉ်မှူး သုံးဦးပါ အဖွဲ့ကို ဇွန် ၁၇ ရက်တွင်စေလွှတ်သည်။
အဆိုပါ အာကာသယာဉ်မှူး ၃ ဦးမှာ သိပ္ပံပညာကို စိတ်ပါဝင်စားသည့် စစ်ဘက်မှ လေသူရဲများဖြစ်ပြီး ၎င်းတို့ကို နိုင်ငံအနောက်မြောက်ပိုင်း ကျူးခွမ်အာကာသယာဉ် လွှတ်တင်ရေးစခန်း၌ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်သည်။
ထိုအာကာသယာဉ်မှူးများသည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၂ မိနစ်တွင် Long March-2F Y12 ဒုံးပျံဖြင့် လွှတ်တင်လိုက်သော ရှန်ကျိုး-၁၂ အာကာသယာဉ်ဖြင့် လိုက်ပါသွားခြင်းဖြစ်သည်။
ထို့နောက် အဆိုပါ အာကာသယာဉ်သည် လွှတ်တင်ရေးစခန်းမှထွက်ခွာလာပြီး ၆ နာရီအကြာတွင် တရုတ်တို့၏ တီအန်ဟေးအာကာသစခန်းအသစ်သို့ ဆိုက်ကပ်သည်။
အာကာသစခန်းအသစ်သို့ရောက်ရှိနေသည့် အာကာသယာဉ်မှူးများသည် ပင်မလူနေခန်းတွင်နေထိုင်ကာ သုတေသနများ၊ စမ်းသပ်မှုများ၊ ပြုပြင်ထိန်းသိမ်းမှုများနှင့် လာမည့်နှစ်တွင် လာရောက်ချိတ်ဆက်မည့် သုတေသနဓာတ်ခွဲခန်း နှစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ၂၀၀၃ ခုနှစ်မှစ၍ ယခုအချိန်အထိ အာကာသယာဉ်မှူး ၁၄ ဦးကို အာကာသအတွင်းသို့ စေလွှတ်နိုင်ပြီဖြစ်ကာ ထိုသို့စေလွှတ်နိုင်ခြင်းသည် အမေရိကန်နှင့် ရုရှားနိုင်ငံတို့ပြီးနောက် အာကာသယာဉ်မှူး များကို ကိုယ့်အစီအစဉ်နှင့် ကိုယ်စေလွှတ်နိုင်သည့် တတိယမြောက်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။
Ref: Japan Today