ဗီယက်နမ်အစိုးရက နိုင်ငံအတွင်းလူမှုကွန်ရက် အသုံးပြုမှုနှင့်ပတ်သက်၍ စည်းမျဉ်းအသစ်များကို ဇွန် ၁၈ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ပတ်သက်၍ အပြုသဘောဆောင်သော ရေးသားဖော်ပြမှုမျိုးကိုသာ လုပ်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပဋိပက္ခဖြစ်စေမည့် အချက်အလက်များတွေ့ရှိပါက အထက်အကြီးအကဲများထံ သတင်းပို့ရန် စည်းမျဉ်းအသစ်တွင် ဖော်ပြထားသည်။
ထို့ပြင် တရားဥပဒေကို ချိုးဖောက်သည့် ရေးသားပြောဆိုမှုများနှင့် နိုင်ငံ၏အကျိုးစီးပွားအပေါ် သက်ရောက်မှုရှိစေသော ရေးသားပြောဆိုမှုများကို မလုပ်ရန် အဆိုပါစည်းမျဉ်းတွင် တားမြစ်ထားပြီး ထိုစည်းမျဉ်းသည် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ၊ လူမှုမီဒီယာကုမ္ပဏီများနှင့် နိုင်ငံအတွင်းရှိ လူမှုကွန်ရက် အသုံးပြုသူအားလုံးအပေါ် သက်ရောက်သည်။
သို့သော် ထိုစည်းမျဉ်း၏ တရားဝင်စည်းနှောင်မှု အတိုင်းအတာ မည်မျှရှိသည်နှင့် ထိုစည်းမျဉ်းများ အသက်ဝင်အောင် မည်သို့လုပ်မည်တို့ကို မသိရသေးကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ ဖေ့စဘွတ် အသုံးပြုသူ သန်း ၆၀ ခန့်ရှိကာ အဆိုပါ လူမှုကွန်ရက်အနေဖြင့် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ နီးပါးရရှိနေစဉ် ထိုလူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် နိုင်ငံရေးနှင့် ဆက်နွှယ်သော အကြောင်းအရာများကို စိစစ်ဖြတ်တောက်ရန် အစိုးရ၏ တောင်းဆိုချက်ကိုမလိုက်နာပါက နိုင်ငံအတွင်း ဖေ့စဘွတ် အသုံးပြုမှုကို ပိတ်မည်ဟု ဗီယက်နမ် အစိုးရက ပြီးခဲ့သည့်နှစ်တွင် ခြိမ်းခြောက်ထားကြောင်းသိရသည်။
Ref: TST