သစ်ပင်လေးတွေ စိုက်ကြမယ်

သစ်ပင်တို့သည် ရှင်သန်နေစဉ် လူသားတို့အပါအဝင် သတ္တဝါများ၊ ရေ၊ လေ၊ မြေပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ ခုတ်လှဲခံ နေရသည့်တိုင် ခုတ်လှဲသူကို အရိပ်ပေးခြင်း၊ သစ်သားအဖြစ် လူမှုဝန်းကျင်ကို အကျိုးပြုပြီး နောက်ဆုံးလောင်စာဘဝဖြင့်

အဆုံးသတ်သည်အထိ အကျိုးပြုနေသည့်အတွက် သစ်ပင်သစ်တောများ တိုးပွားစေရန် သစ်ပင်စိုက်ခြင်းသည် ထာဝရကောင်းမှုကုသိုလ်ပြုခြင်းမည် ပါသောကြောင့် မိုးရာသီသစ်ပင်စိုက်ကာလ၌ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။

နှစ်စဉ်မိုးရာသီသစ်ပင်စိုက်ကာလတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ သဘာဝရှုမျှော်ခင်းနှင့် မျက်စိပသာဒဖြစ်ရေး၊ ဂေဟစနစ်ဝန်ဆောင်မှုများ တိုးမြှင့်ရေး၊  စိမ်းလန်းစိုပြည်ရေး စသည်တို့အတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ တစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာတွင် စိုက်ပျိုးခြင်း၊ အိမ်ရာဝင်း၊ ဥယျာဉ်ခြံဝင်းစိုက်ပျိုးခြင်း စသည့်သစ်ပင်တစ်ပင်မှစ တစ်နိုင်တစ်ပိုင်၊ တစုတဝေး၊ မြောက်မြားစွာသော သစ်ပင်များကို နေရာဒေသအစုံ၌ စိုက်ပျိုးလျက်ရှိပါသည်။

သစ်တောဦးစီးဌာနအနေဖြင့် သစ်တော စိုက်ခင်းသစ်များတည်ထောင်ရန်၊ စိုက်ခင်း ဟောင်းများတွင် သေပင်များ ဖာထေးရန်၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်  သစ်တော စိုက်ခင်းများနှင့် လူထုဖြန့်ဝေရန်အတွက် သစ်တောပျိုးပင် များကို နှစ်စဉ်သန်းနှင့် ချီ၍ ပျိုးထောင်ထားရှိပါသည်။ အချို့သော တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာနများတွင် သစ်တောပျိုးပင်များအပြင် သီးပင်စားပင်ပျိုးပင်များလည်းပျိုးထောင်၍ သစ်ပင်စိုက်ရာသီအမီ ပြည်သူ လူထုလက်ဝယ်အရောက် ဖြန့်ဝေလျက်ရှိပါသည်။

စိုက်ပင်တိုင်းရှင်စေချင်စာရေးသူမြို့နယ်တစ်ခုတွင် တာဝန်ကျစဉ်က မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ အပြီး   သစ်ပင်စိုက်ပွဲတက်ရောက်လာသည့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံတစ်ဦးက-

“သစ်တောဌာနကစိုက်တဲ့ စိုက်ခင်းတွေက တစုတဝေး စိုက်ခင်းအဖြစ် မြင်တွေ့ရတာရှိတယ်။ အခုလို လူထုသစ်ပင် စိုက်ပွဲအပင်တွေက အောင်မြင်တာရှိသလို စိုက်ပြီးသေကျေပျက်စီးတာတွေလည်း တွေ့ရတာ အဲ့ဒါဘယ်လိုကြောင့်ပါလိမ့်ခင်ဗျာ” ဟုမေးခဲ့ရာ-

စာရေးသူက “ကျွန်တော်တို့ သစ်တောစိုက်ခင်းတွေက  စိုက်ဖို့မြေနေရာရွေးကတည်းက သစ်ပင်စိုက်လို့ရ၊ မရ အရင်စဉ်းစားတယ်။ စိုက်ပြီးတော့လည်း သေပင်ဖာ၊ ပေါင်းရှင်း၊ မြေတောင်မြှောက်၊ မြေ သြဇာကျွေး၊ မီးကာကွယ်စတဲ့ ပြုစုမှုတွေကို အပင်ငါးနှစ်သားထိလုပ်တယ်။ အဲ့ဒီနောက် စိုက်ခင်းက သဘာဝတောလိုဖြစ်လာအောင် ပင်ကျပ်နုတ်၊ ပင်ပူးခွာကိုင်းချိုင် စတဲ့ပြုစုထိန်းသိမ်းမှုတွေလုပ်ပေးဖြစ်တယ်။ သစ်ပင်တွေ ဆိုတာကလည်း  ကာလ၊  ဒေသ၊ ပယောဂဆိုတဲ့အပေါ် မူတည်ရှင်သန်ကြီးထွားကြတာပဲ။ ရှင်သန်နေစဉ် ကာလတစ် လျှောက် သူ့အရွယ်အလိုက် ပြုစုထိန်းသိမ်းရတယ်။ အပင်ကြီးဖြစ်ချိန်မှာ နွယ်တက်နေရင်တောင်  ကြီးထွားမှုနှေးစေတယ်။ သစ်ပင်စိုက်ထားတဲ့ နေရာဆိုလည်း  သူ့အတွက်လိုအပ်တဲ့ အစာရေစာ၊ အလင်း ရောင်ရှိရမယ်။ ရှင်သန်ကြီးထွားမှုကို နှောင့် ယှက်ဟန့်တားမှုမရှိမှလည်း  အပင်က လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွားမယ်လေ။ လူထုနဲ့ သစ်ပင်စိုက်ပွဲတွေမှာ စိုက်တဲ့သစ်ပင်တွေကို ကျွန်တော်တို့ သစ်တောဝန်ထမ်းတွေက လက်လှမ်းမီရာ၊ နီးစပ်ရာမှာဆို  အချိန်အခါအလိုက်  ပြုစုပေးကြတယ်။

တကယ်ဆို သစ်ပင်စိုက်ပွဲတော်လုပ်ပြီး သက်ဆိုင်ရာမြေပိုင်တဲ့ဌာန၊ အဖွဲ့အစည်း၊ ကျေးရွာက တာဝန်ရှိသူတွေက ဆက်ပြီးပြုစုထိန်းသိမ်းရမယ်လေ။  နည်းပညာလိုအပ်ရင်   သစ်တောက   ကူညီပေးပါတယ်။

ကျွန်တော်တို့ သစ်တောဝန်ထမ်းတွေရဲ့   စိုက်ပင်တိုင်းရှင်စေချင်တဲ့ဆန္ဒက အဲဒီထက်ပိုတာပေါ့ဗျာ။ သစ်ပင်စိုက်ချိန် အသင့်ဖြစ်အောင် အချိန်၊ ငွေကြေး၊ လုပ်အား  ပျိုးထောင်တဲ့  နည်းပညာအရင်းအနှီးအများကြီးကုန်ပြီး ပျိုးထောင်ခဲ့တဲ့ အပင်လေးတွေ စိုက်ပြီးရင် ရှင်သန်ကြီးထွားစေချင်ကြတယ်။ တချို့မြို့နယ်တွေမှာ ကြုံတာပေါ့ဗျာ။ သစ်ပင်စိုက်ပွဲကြီး စည်စည် ကားကားလုပ်ပြီး နောက်နေ့လည်းရောက်ရော   သစ်ပင်စိုက်တဲ့နေရာက   ကျွဲနွားစားကျက်ဖြစ်လို့ဖြစ်၊  ကလေးတွေဘောလုံးကန်တဲ့ ကစားကွင်းဖြစ်နဲ့ တွေ့တွေ့နေရတာ။ လူထုနဲ့ သစ်ပင်စိုက်တယ်ဆိုတာ လူထုကလည်း အသိစိတ်ဓာတ်နဲ့ စိုက်ပြီးရင် ပြုစုထိန်းသိမ်းဖို့လိုကြောင်း” ဆွေးနွေး ဖြေကြားခဲ့ပါသည်။             

သစ်ပင်စိုက်ဖို့ မြေနေရာရွေးချယ်ခြင်းအတွက် မြေအမျိုးအစား ညံ့သည့်နေရာများတွင် မဖြစ်မနေစိုက်ကြမည်ဆိုပါက မြေဆွေးထည့်ရန်၊ မြေပြုပြင်ရန်၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် လွတ်တဲ့နေရာမှာစိုက်ရန်၊ လမ်းဘေးဝဲယာတွင်စိုက်ပျိုးမည် ဆိုပါက လမ်းပြုပြင်မည့်၊ လမ်းတိုးချဲ့မည့် လမ်းဧရိယာနဲ့လွတ်တဲ့နေရာမှာ စိုက်ရန်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စားကျက်ချတဲ့နေရာများတွင် သစ်ပင်အတွက် လုံခြုံတဲ့ခြံစည်းရိုး မဖြစ်မနေ   ကာရံထားရန်    လိုအပ်ပါမည်။

သစ်တောသယံဇာတအရင်းအမြစ်နှင့် အခြားသော အကျိုးပြုမှုများကို ရေရှည်အမြဲစဉ်ဆက်မပြတ်   အသုံးပြုနိုင်ဖို့ အတွက် ပြုစု၊ ထိန်းသိမ်း၊ စီမံအုပ်ချုပ်ရာတွင် သိပ္ပံပညာ၊ ဝိဇ္ဇာပညာ၊ စီးပွားရေးပညာတွေကို အသုံးပြုပြီး သစ်တောသစ်ပင် သစ်တောမြေများကို  ထိန်းသိမ်းစောင့်ရှောက် ကာကွယ်လာခဲ့ရာမှ  ယနေ့ခေတ်တွင် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပြည်သူလူထုအခြေခံစားဝတ်နေရေး၊  ရာသီဥတုပြောင်းလဲမှု လျှော့ချရေး  စတဲ့ပြည်သူ့အကျိုးပြုရေး အချက်များအထိ မျှော်မှန်းပြီး သစ်တောပြုစုခြင်း၊  သစ်တောကာကွယ်ခြင်း လုပ်ငန်းတွေကို ပြည်သူလူထုမှလည်း ပူးပေါင်း ပါဝင်လာအောင်ဆောင်ရွက်နေကြလေပြီ။

“ကောက်ပဲသီးနှံစိုက်ပျိုးတဲ့ အလုပ်က ကာလတို တစ်ရာသီအတွင်း အကျိုးအမြတ်ဖြစ်စေတယ်။ နှစ်တစ်နှစ်အတွင်း အကျိုးသက်ရောက်စေတယ်။ ကောက်ပဲသီးနှံစိုက်ပျိုးရေးမှာ “မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်” ဆိုတဲ့စကားမှာ  တစ်ခုခုလွဲချော်ရင်  အမှားအယွင်းဖြစ်ရင် နောက်တစ်ရာသီမှာ ပြင်ဆင်လုပ် လို့ရတယ်။ သစ်တောအလုပ်က ကာလ ရှည်ကြာမှ   အကျိုးအမြတ်ထွက်မယ်။ ရေရှည်အကျိုးသက်ရောက်မယ်။ မှားရင်ပြင်ဖို့ အချိန်ပေးရမယ်။ ဒါကြောင့် နောင်တစ်ချိန်  သစ်တောဝန်ထမ်း ဖြစ်လာကြမယ့် တပည့်တို့ဟာ ကိုယ်တိုင်လက်တွေ့ နယ်ပယ်မှာ ပါဝင်ဆောင်ရွက်လာကြရပြီဆိုရင် ကိုယ်တိုင်စီမံအုပ်ချုပ်လုပ်ကိုင်ရမယ့်  သစ်တောလုပ်ငန်းတွေကို  အစကောင်းမှ    အနှောင်းသေချာဆိုသလို စကတည်းက  ရေရှည်အကျိုးကိုမျှော်၊ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံက ကြည့်ကြ၊ မြင်တတ်ကြ၊ စဉ်းစားကြ၊ ပြီးမှဆုံးဖြတ်ဆောင်ရွက်ကြ”ဆိုတဲ့ သစ်တောတက္ကသိုလ် တက်ရောက်နေစဉ် ဆရာတစ်ဦး၏ စာသင်ချိန်မှာ  သင်ကြားမှာကြားချက်များသည် စာရေးသူကိုယ်တိုင်လည်း လိုက်နာသလို ကိုယ်နဲ့ နီးစပ်ရာ  တာဝန်ကျရာနေရာက ဝန်ထမ်းများနှင့်   ပြည်သူများကိုပါပြောပြပြီး    စည်းရုံးဆောင်ရွက်နေလျက်ရှိပါသည်။

သစ်တောဝန်ထမ်းတိုင်း   လူထုဖြင့်စိုက်သည့် သစ်ပင်များရှင်သန်ရေး၊ ပြည်သူ လူထုကိုယ်တိုင် ပြုစုထိန်းသိမ်း စောင့်ရှောက်ရေး၊ လက်တွေ့အသုံးချနိုင်သည်ထိ အသိပညာဖြန့်ဝေရန်  တစ်ဦးတစ်ယောက်မှစ တစ်ရွာတစ်မြို့ထိ ပြည်သူများအတွင်း စည်းရုံးရမည်ဖြစ်ပါသည်။

စုပေါင်းလူထုသစ်ပင်စိုက်ပွဲများတွင် မြေကျင်းတူး၊ အနားရှိပြီး အဆင်သင့်နေရာမှာ ပျိုးပင်လေးမြေတွင်းထဲထည့် (အချို့ပလတ်စတစ်အိတ်ပင် မခွာကြပါ) သာမန်ကာလျှံကာစိုက်ပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်တာကို သစ်ပင်စိုက်တာ လွယ်လိုက်တာလို့ယူဆနေသူများလည်း ရှိကောင်း ရှိတတ်ရှိနေကြပြီး သစ်ပင်စိုက်ကြရင်ဖြင့် စိုက်တဲ့အပင်တိုင်း ရှင်သန်ဖို့မလွယ်ရေးချ မလွယ်ပါ။

“မောင်ရင့်နှယ် သစ်ပင်စိုက်တာကို အထူးအဆန်းမှတ်လို့၊ တို့များတစ်သက်လုံး အဲဒီလိုတွေနဲ့ပဲ သစ်ပင်စိုက်လာကြတာပါ ကွ၊  အသေအပျောက်တော့ရှိမှာပဲလေ၊ သဘာဝတောထဲဆို အပင်တွေက ဓမ္မတာအတိုင်းကို ပေါက်ရောက် ရတာပါလို့တော့ မပြောပါနဲ့လား။ တစ်သက်လုံးစားလာတဲ့ ထမင်းလည်း အခန့်မသင့်ရင်၊ ဝမ်းအချင့် မဖြစ်ရင် အစာမကြေဖြစ်မယ်၊ ဝမ်းတစ်လုံး မကောင်းရင် ခေါင်းခဲရသလို စိုက်ပြီးတဲ့ သစ်ပင်ကိုလည်း စနစ်တကျပြုစုထိန်းသိမ်း မှုမရှိရင် အသေအပျောက်များပြီး ရှင်သန်မှု ဘယ်မှာရှိမှာလဲ။ သဘာဝသစ်တောတွေထဲက သစ်တောသယံဇာတကို အလွန်အကျွံ ထုတ်ယူအသုံးပြုမှု၊ လိုအပ်မှုကပိုများနေရင် လက်ရှိကာလစိမ်းလန်းစိုပြည်ရေး၊ အနာဂတ်ကာလ နောင်လာနောက်သားတွေ သုံးစွဲနိုင်ရေး မျှော်တွေးလို့ သစ်ပင်တွေကို စိုက်နေရမှာပဲ။ သဘာဝတောမှာ ရှင်သန် ကြီးထွားရတဲ့ သစ်ပင်ဆိုတာက သူ့အတွက် လိုအပ်တဲ့ အရာတွေကို သဘာဝကပေးစွမ်း နေလို့ပါ။ အခုချိန်မှာ သဘာဝတောတွေကိုပဲ မှီခိုနေလို့မရတော့ပါ။ ကိုယ်တိုင်သုံးချင်ရင် သစ်ပင်ရဲ့ အရိပ်အာဝါသ၊ အကျိုးကျေးဇူးတွေ ခံစားရရှိချင်ရင် ကိုယ်တိုင် စိုက်ပျိုးပြုစု ထိန်းသိမ်းရမှာပါ” ယခင်နှစ်များက စိုက်ခဲ့သည့်သစ်ပင် စိုက်နေရာများတွင် ဖာထေးရန်၊ မြေတောင်မြှောက်ရန်၊ မြေသြဇာကျွေး ပေါင်းရှင်းပေးရန်နှင့်  အဖျက်အဆီးအန္တရာယ်များ ကာကွယ်ရန် ခြံစည်းရိုးကာရံပေးရန် စသည့် ပြုစုထိန်းသိမ်းမှုများ    လုပ်ဆောင်ရပါမည်။

သို့ဖြစ်ပါ၍ ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ကာလ  မြေဆီစိုခိုက် သစ်ပင်စိုက်ပါက ရွေးချယ်ပြီး မြေနေရာတွင် မြေပြုပြင်ခြင်း၊ အောင်လုံသော ပျိုးပင်သယ်ယူခြင်း၊ စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို  ရေရှည်အကျိုးမျှော်မှန်း

တန်ဖိုးထား၍ လေးလေးနက်နက်ဆောင် ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားတင်ပြအပ်ပါသည်။

သစ်ပင်သစ်တောများသည်အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလ၏ အကျိုးစီးပွားနှင့် အနာဂတ်ဖွံ့ဖြိုးမှုတိုးတက် မှုအတွက်  ရင်းနှီးမြှုပ်နှံရသော  အရင်း အနှီးကောင်းများပါ။         ။

အုန်းလွင်လေး(သစ်တော)