သံပရာရဲ့ ဆေးအစွမ်း

မြန်မာနိုင်ငံမှာ သံပရာအမျိုးစုံလင်လှသလို စီးပွားဖြစ်စိုက်ပျိုးသူလည်း များပြားလှပါတယ်။ သံပရာပေါကုန်လို့ သံပရာခြံခုတ်ထွင်ပြီး အခြားသီးနှံစိုက်ပျိုးရတယ်ဆိုရလောက်အောင် သံပရာအမျိုးမျိုးရှိပါတယ်။ သံပရာကို အင်္ဂလိပ်အမည်(Lime)ဖြစ်ကာ ရုက္ခဗေဒအမည် (Citrus Quratifolla)ဖြစ်တယ်။ မူရင်းအိန္ဒိယနိုင်ငံမှဖြစ်တယ်။ သံပရာကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပေမယ့်    မြေအောက်ရေနီးတဲ့ မြေအမျိုးအစားနဲ့  မြေအောက် အမာခံလွှာရှိကာ မြေသားထုပါးတဲ့ မြေအမျိုးအစားရှောင်သင့်တယ်။ စိုက်လို့တော့ဖြစ်တယ်။ အလုံးသေးတယ်။   အပင်မသန်စွမ်းလို့ အထွက်လျော့တယ်။ 

သံပရာနဲ့   အထူးသင့်လျော်တဲ့ ရေမြေဥတုမှာ မြေချဉ်ငန်ဓာတ် (၆ .၅ - ၇ .၁၀)အတွင်းဖြစ်တယ်။ မိုးရေချိန် ၇၅ လက်မနဲ့ ၈၀ လက်မ အတွင်းဖြစ်ပြီး အပူချိန် (၄၀°F - ၉၅ ° F) အတွင်းမှာ ကောင်းစွာဖြစ်ထွန်းပါတယ်။ နွေရာသီအပွင့်ပွင့်ချိန်၊ သီးကင်းတင်ချိန်မှာ ရေသွင်းနိုင်တဲ့ဒေသတွေ၊  အစိုဓာတ်ပြည့်စုံတဲ့ဒေသတွေမှာ စိုက်ပျိုးနိုင်ပါတယ်။

သံပရာသီးမှာ ဗီတာမင်စီဓာတ်များစွာပါဝင်ကာ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ဆို့ခြင်း၊ ပိတ်ခြင်းတို့ ကာကွယ်နိုင်တဲ့ သစ်သီးဝလံအုပ်စုမှာ ပါဝင်တယ်လို့ဆိုတယ်။

“ရှာတော်မူ ဆေးအဘိဓာန်ကျမ်း”မှာ သံပရာသီးသည် ချဉ်၏။ လေသလိပ်ကိုနိုင်၏။ လေထိုးရင်ကျပ်နာ၊ ရင်ဘတ်နာ၊ အော့အန်အနာတို့ကို ပျောက်စေတတ်၏။ ဝမ်းမီးကိုတောက်စေ၏။  ပိုးတို့ကိုလည်းနိုင်၏။ ရေငတ်နာ၊ ခံတွင်းအရသာပျက်အနာတို့ကို အထူးသဖြင့်နိုင်၏။ “အဖျားငွေ့ရှိသူတို့နဲ့မသင့်”လို့ ဖော်ပြထားပါတယ်။

သံပရာသီးကို  မြန်မာ့တိုင်းရင်းဆေးအချို့နဲ့ ဆေးမြီးတိုမှာလည်း ထည့်သွင်းဖော်စပ်ကြပါတယ်။ တိုင်းရင်းဆေး အမှတ်(၄) ပန်းနာချွဲယိုင်ဆေးတစ်ဖုံမှာ သံပရာသီးအလုံး ၅၀ ကို ထည့်သွင်း ဖော်စပ်ထားကြောင်း သိရပါတယ်။

သံပရာသီး၊ ရှောက်သီးတို့စားသုံးပြီးပါက နွားနို့မသောက်သင့်ပါဘူး။ အနည်းဆုံး ခြောက်နာရီကြာမှ သောက်သင့်ပါတယ်။ သံပရာသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာမှာ “ပဒဲကောနဲ့ ကျွဲခေါင်းသီး” ဖြစ်တယ်။

အိမ်တွေမှာ အိပ်မွေ့ချပညာ၊ အောက်လမ်းပညာနဲ့ မလုပ်ခံလိုလျှင် သံပရာသီးကို အိပ်ရာ၊ အိမ်အဝင်၊ အိမ်ထရံတို့မှာ ဆောင်ထားပါက အောက်လမ်းပညာ၊ အိပ်မွေ့ချပညာနဲ့ ချလို့မရဘူးလို့သိရပါတယ်။ သံပရာသီးဟာ “တို့ဆေး”ရဲ့ အာနိသင်ကိုလည်း ပြယ်စေတယ်လို့ ဆိုပါတယ်။

သံပရာသီးဟာ အရည်သာမက အခွံနဲ့အစေ့တို့ပါ ဆေးဖက်ဝင်ပါတယ် ။ အိမ်တိုင်းဆောင်ထားသင့်ပါတယ်။ ကိုယ့်ရဲ့အိမ်ခြံဝင်းအတွင်း တစ်ပင်နှစ်ပင် စိုက်ထားရုံနဲ့ မိသားစုအားလုံး အလိုရှိတဲ့အချိန် ခူးယူအသုံးပြုနိုင်တယ်။   သားစိမ်းငါးစိမ်းကိုင်ထားပြီး အနံ့လက်မှာ စွဲနေရင် သံပရာရွက်လေး၊ ငါးရွက်ပွတ်ခြေ

ကာ လက်မှာသုတ်လိမ်းပေးရင်  နံနေတဲ့ သားစိမ်း ငါးစိမ်းနံ့ ပျက်ပြယ်နိုင်ပါတယ်။

သံပရာသီးဟာ စိတ်ကိုကြည်လင်စေပြီး အမူးအမော် ပြေစေတယ်။ အိပ်ရာဘေးမှာ အလုံးထားတာထက် အခြမ်းထားတာက ကောင်းတယ်။ သံပရာသီးအနံ့ပါ ဆစ်ထရစ်ဓာတ်က အာရုံကြောတွေ တည်ငြိမ်စေတာ ကြောင့် စိုးရိမ်ပူပင်မှုလျော့ကျစေကာ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုကို သံပရာရည်တစ်ခွက်က ပေးစွမ်းနိုင်တယ်။

အိပ်ရာဘေးထားအိပ်သူတွေမှာ စိတ်အာရုံစူးစိုက်မှု ပိုကောင်းလာတယ်။ မှတ်သားနိုင်မှုစွမ်းရည် တိုးလာတယ်။ ဂျပန်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ သံပရာသီးကို အလုပ်ခုံပေါ်မှာထားပြီး အလုပ်လုပ်မယ်ဆိုရင် အမှားနည်းစေပါတယ်။ သံပရာသီးဟာ အနံ့မွှေးရုံမက လေထဲမှပိုးမွှားတွေ  သန့်စင်ပေးပါတယ်။

ပုရွက်ဆိတ်၊ ခြင်၊ ယင်၊  အင်းဆက်ပိုးမွှားတွေ ကင်းစင်ပေးပါတယ်။ ပိုမိုပြီးထိရောက်မှုရှိစေချင်ရင် လေးညှင်းပွင့်တွေကို သံပရာသီးပေါ်မှာ ထိုးစိုက်ထားသင့်ပါတယ်။  သံပရာနဲ့ သံပရိုသီးမှာ  ဗီတာမင်စီ ပါဝင်တာကြောင့် ကျန်းမာရေး အထောက်အကူ ဖြစ်စေပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှ သက်သာစေပါတယ်။ သံပရာသီး၊ သံပရာရည်နဲ့ ဝိတ်ချလို့ ရပါတယ်။ နေ့စဉ်သံပရာရည် သုံးခွက်သောက် သုံးပေးရင် ခန္ဓာကိုယ်အလေးချိန် အချိုးအဆ BMI သာမန်(၁၈. ၉-၂၄ .၉)အတွင်း ရှိစေပါတယ်။ BMI ဆိုတာ ခန္ဓာကိုယ်အလေးချိန်(ကီလိုဂရမ်)ကို အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း)နဲ့ စားလို့ရတဲ့ရလဒ်ဖြစ်တယ်။ BMI ၃၀ နဲ့အထက်ကို အဝလွန်ခြင်းလို့ သတ်မှတ်ပါတယ်။ သံပရာသီး၊ သံပရာရည်က အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကို လျော့ကျစေပါတယ်။

ဆေးဖြူလေး ဖော်စပ်နိုင်တယ်။ ဆေးဖြူလေးဆိုတာ ဂေါဒန်ကျောက် တစ်ပိဿာခန့်ကို နွားနို့နဲ့စိမ်၊ ဂေါဒန်ကျောက်ထဲ နွားနို့စိမ့်ဝင်သွားတယ်။ နွားနို့စိမ်ထားတဲ့ ဂေါဒန်ကျောက်ကို   နေသွေ့အောင် လှမ်းကာ နွားနို့စိမ်ခြင်း၊ နေသွေ့အောင် လှန်းခြင်း သုံးကြိမ်မျှပြုလုပ်ပြီး သံပရာသီးငါးလုံးခန့်   ဂေါဒန်ကျောက်ထဲ     အရည်ဝင်သလောက်ညှစ်ထည့်၊ သွေ့အောင်လှန်း မီးဖုတ်ပြီးအမှုန့်ထောင်းပါက ဖြူနုနေတဲ့ဆေးမှုန့်ကို “ဆေးဖြူလေး”လို့ ခေါ်တယ်။ ဖျားနာ၊ ငန်းဖမ်း၊ တုပ်ကွေး၊ အညောင်းမိ၊  အညှော်မိပါက ကွမ်းရွက်ပြုတ်ရည် (သို့) ထန်းလျက်ရည်နဲ့ တိုက်နိုင်တယ်။ ထိခိုက်ဒဏ်ရာရရှိရင် ဒဏ်ရာရတဲ့နေရာကို ရေစင်စင်ဆေးကာ ဆေးဖြူလေးအမှုန့် သိပ်ထည့်ပေးရင် အနာကျက်မြန်စေတယ်။ အဆိပ်ရှိတဲ့သတ္တဝါ ကိုက်ပါက အဆိုပါဆေးဖြူလေးအမှုန့်ကို ဒဏ်ရာမှာထည့်၊ သောက်လည်းသောက်သင့်တယ်။ လူကြီးဆေးတစ်ခွက်စာ ဆီးသီးလုံးခန့်၊ ကလေးဆေးတစ်ခွက်စာ မန်ကျည်းတစ်စေ့ခန့်   (ကော်ဖီဇွန်းတစ်ဇွန်းခန့်)တိုက်ကျွေးနိုင်တယ်။ ရောဂါအနု၊ အရင့် လိုက်ကာ အသက်အရွယ်အလိုက် ဆေးကို တစ်နေ့ (၂-၄)ခွက် ထိသောက်သုံးနိုင်တဲ့ “အဘိုးဆောင်” ရဲ့ မောနေယျ ဆေးနည်းမှာ ဖော်ပြထားပါတယ်။

သံပရာကို စီးပွားဖြစ် စိုက်နိုင်တယ်။ တစ်ကျင်းနဲ့ တစ်ကျင်း ၁၂ ပေအကွာထားကာ အလျား ၂ ပေ၊ အနံ ၂ ပေ၊ အနက် ၂ ပေ ရှိတဲ့ စိုက်ကျင်းများတူးကာ အပေါ်ယံမြေ တစ်ဆနဲ့ မြေဆွေး နှစ်ဆရောကာ ပြန်ဖို့ထားပြီး သံပရာပျိုးပင်များကို ဝါဆိုလနဲ့ ဝါခေါင်လ တို့မှာ ပြောင်းရွှေ့စိုက်ပျိုးနိုင်သလို အစေ့ထုတ်ကာ စိုက်ပျိုးနိုင်ပါတယ်။ မြေထုပ်စည်းခြင်း၊ အဖူးမြှုပ်ခြင်း၊ ကိုင်းကူးခြင်းနည်းတို့က ပိုမိုမျိုးပွားနိုင်လို့ စီးပွားဖြစ်စိုက်ပျိုးကာ  တစ်ပင်လျှင် အလုံး ၅၀ မှ ၃၀ ထိ ထွက်ရှိကာ စီးပွားဖြစ်စိုက်ပျိုးနိုင်ကြပါတယ်။ သံပရာရည်နဲ့ပတ်သက်လို့ အားကစားသမားတွေ အမောပြေနိုင်တာကြောင့်  အားကစားလုပ်စဉ်နှင့် လုပ်အပြီးမှာ သံပရာရည်ကို သောက်သုံးစေလေ့ရှိပါတယ်။ အလုပ်ပင်ပန်းနွမ်းနယ် သူများကိုလည်း  သံပရာရည်ကို သောက်သုံးစေပါတယ်။ ရှေးယခင်ကတည်းက မြန်မာတို့ရဲ့ တိုင်းရင်းဆေးမှာ    သံပရာရွက်၊ သံပရာသီး၊ သံပရာရည်တို့ဟာ မပါမဖြစ် ပါဝင်နေတာကြောင့် မီးဖိုချောင်သုံး   ဆေးစွမ်းကောင်း တစ်လက် အဖြစ် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။   ။

ဒေါက်တာလွင်သန့်