တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၃) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်

နေပြည်တော်၊ သြဂုတ် - ၃၁

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၂၉ ရက်နှင့် ယနေ့တို့တွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာ တက္ကသိုလ်၌ ပြုလုပ်သည့် တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၃) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက် စိစစ် ရွေးချယ်သည်။

အဆိုပါ စစ်လက်ရုံး ရွေးချယ်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်း တွေ့ဆုံကာ သင်တန်းကာလ တစ်လျှောက် စည်းကမ်း လိုက်နာမှု၊ ဘာသာရပ်အလိုက် ထူးချွန် ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစား အားထုတ်မှုများ အပေါ် မူတည်၍ သင့်လျော်သည့် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ် ပေးခဲ့ကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပညာတန်ဆောင် ဗိုလ်လောင်း စားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်းများ နှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြပြီး စစ်လက်ရုံး ရွေးချယ်မှုအား ဆက်လက် ပြုလုပ် ခဲ့ကြကြောင်း သတင်းရရှိသည်။