နေပြည်တော် ဇွန် ၂၆
မန်မာနိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီးအချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားများ နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ဆိုလျှင် (၃၄) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် (၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဗဟိုအဆင့်အခမ်းအနားနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အခမ်းအနားများကို COVID-19 ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် ကွတ်ခိုင်မြို့များတွင် ကျင်းပနိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း COVID-19 ရောဂါအခြေအနေကြောင့် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများ ကိုသာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နေရာ ၃ ခုတွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ပြီး နိုင်ငံတကာသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေခဲ့ပါသည်။
မူးယစ်ဆေးဝါးသုံးစွဲမှု၊ တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ရောင်းဝယ်မှုများကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံအတွင်း အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေး ခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေသလို တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးမှ ရရှိလာသော ငွေကြေး များကြောင့် နိုင်ငံ၏တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိပါသည်။
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါခံစားနေရသော်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုများမှာ လျော့ကျသွားခြင်း မရှိခဲ့ဘဲ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုပုံသဏ္ဌာန်များ ပြောင်းလဲ လာခဲ့သည်ကို သတိချပ်ရပါမည်။
မြန်မာနိုင်ငံတွင် တရားမဝင်ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများကို ကြုံတွေ့နေ ရပါသည်။ ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးထိန်းချုပ်ရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းခဲ့ကြောင်းကို ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)မှ ထုတ်ပြန်ခဲ့သည့် ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာအရ သိရှိရပါသည်။ မူးယစ်ဆေးဝါးပြဿနာ ခံစားနေရသော ဒေသများတွင် ဖွံ့ဖြိုးမှုကိုအခြေခံသော အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝနှင့် ဒေသဖွံ့ဖြိုးရေးကို များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။
တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပင်လယ်ရေကြောင်းအပါအဝင် မူးယစ်ဆေးဝါးပြဿနာ များပြားသည့်ဒေသများ၌ အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး ၃၁ ခု ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း အများအပြားကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ရွှေတြိဂံဒေသ၌ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ အထူးစစ်ဆင်ရေးများ ဆောင်ရွက်သည့် လုပ်ဆောင်ချက်ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းအများအပြားကို တားဆီးနိုင်ခဲ့သည့်အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ကြိုတင်ကာကွယ်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ဖြန့်ဖြူးရောင်းဝယ်မှုများကို ထိရောက်စွာ ဖမ်းဆီး အရေးယူနိုင်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကန့်သတ်ချက်များရှိခဲ့သော်လည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ
ပူးပေါင်း၍ စစ်ဆင်ရေးများဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးအမှုပေါင်း ၁၃၉၆၀ မှု၊ တရားခံ ၁၉၉၉၄ ဦး၊ တန်ဖိုးငွေကျပ် ၁၄၃၆ ဒသမ ၃၄ ဘီလီယံခန့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၂၇၈၂ သန်းကျော် ကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၂၈၃၃ မှု၊ တရားခံ ၄၀၇၇ ဦး၊ တန်ဖိုးငွေကျပ် ၃၈၀ ဒသမ ၇၁၂ ဘီလီယံကျော် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၁၉၀ ဒသမ ၂၃၃၄ သန်း ကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။
ဘိန်းနှင့် ဘိန်းဖြူအပြင် လူလုပ်မူးယစ်ဆေးဝါးများဖြစ်သည့် စိတ်ကြွဆေးဝါးများ၊ မက်အဖက်တမင်း(ICE)၊ ကတ်တမင်းအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုလျှော့ချရေးအတွက် ဓာတုပစ္စည်းများထိန်းချုပ်ရေး ကဏ္ဍသည်လည်း အရေးပါလာပါသည်။ နိုင်ငံအတွင်း ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လာမှုများကြောင့် မူးယစ်ဆေးဝါးချက်လုပ်သူများနှင့် ပရီကာဆာဓာတုပစ္စည်း သယ်ဆောင် ရောင်းဝယ်သူများသည် ထိန်းချုပ်ထားခြင်း မရှိသော ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်လုပ်ထားသော အသွင်ပြောင်းဓာတုပစ္စည်း (ီနျငါညနမ ဏမနခကမျသမျ)များကို ပုံစံအမျိုးမျိုး ပြောင်းလဲအသုံးပြုလာကြပါသည်။ မြန်မာနိုင်ငံ၏ တည်နေရာ အနေအထားသည် ဓာတုပစ္စည်းအများဆုံးထွက်ရှိသော အိမ်နီးချင်း စက်မှုဖွံ့ဖြိုး နိုင်ငံကြီး များအကြား တည်ရှိနေသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ တားမြစ်ထိန်းချုပ်ရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါသည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အနေဖြင့် ဓာတုပစ္စည်းများ တင်သွင်းမှုကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ကောင်းသည် ဆိုသည့် ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်အောင်ဆောင်ရွက်နိုင်မှ အနာဂတ် လူငယ်များ၏ ဘဝကောင်းမွန်လာမည်ဖြစ်ပါသည်။ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးစေရေးအတွက် အသိပညာပေးရေး လုပ်ငန်းများကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်သူမှ ပြည်သူသို့ အသိပညာပေးခြင်းနှင့် စောင့်ကြည့်ခြင်းသည် ပိုမိုထိရောက်မှုရှိသဖြင့် လူမှုအသိုက်အဝန်းနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အထူးလိုအပ်လျက်ရှိပါသည်။
မူးယစ်ဆေးသုံးစွဲသူများသည် အလုပ်လုပ်နိုင်သူ လူငယ်လူရွယ်များ ဖြစ်သဖြင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားကို လျော့ကျစေလျက်ရှိပါသည်။ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများသည် ကျန်းမာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေပါသည်။ မူးယစ်ဆေးစွဲရောဂါသည် ကုသ၍ရသော ရောဂါတစ်ခုဖြစ်သည်နှင့်အညီ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသလို ဆေးဖြတ်ပြီးသူများကို လူ့အသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့ နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။
နိုင်ငံတော်အစိုးရသည် ပြည်သူလူထုအကျိုးစီးပွားကို မျှော်ကိုးပြီး ကုန်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ကုန်စည်စီးဆင်းမှု လမ်းကြောင်းများအား လျင်မြန်ချောမွေ့စေရေး ဦးစားပေး ဆောင်ရွက်နေမှုအပေါ် အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ပြုလုပ်လျက်ရှိပါသည်။ တစ်ကမ္ဘာလုံး COVID-19 ရောဂါကူးစက်ခံနေရချိန်တွင် ၎င်းအခြေအနေအား အသုံးချကာ မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေဆဲဖြစ်ပါသည်။ ဖမ်းဆီးရမိမှုများနှင့် ရရှိထားသောသတင်းများအရ မူးယစ်ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နေဆဲဖြစ်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။
မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများသည် လူသားများ၏ ဘဝရှင်သန်ရပ်တည်ရေးကို မျက်ကွယ်ပြုပြီး မိမိကိုယ်ကျိုးကိုသာ ကြည့်သည့် ဝိသမလောဘသားများဖြစ်သောကြောင့် လူသားမျိုးနွယ်စု တစ်ခုလုံး၏ ရန်သူများဖြစ်ကြပါသည်။ မည်သည့်လူမျိုး၊ ဘာသာဝင် ဖြစ်ပါစေ လူသားများ၏အကျိုးကိုရှေးရှု၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးခြင်းဖြင့် လူသားမျိုးနွယ်စုတစ်ခုလုံး၏ အကျိုးကို စောင့်ရှောက်ရမည်ဖြစ်ပါသည်။
မိမိတို့နိုင်ငံအနေဖြင့် ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုလည်း ပြစ်မှုပြစ်ဒဏ်များ ညီမျှစေရန် ပြန်လည်ရေးဆွဲခဲ့ပါသည်။ မူဝါဒကို ဖော်ဆောင်မည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကိုလည်း ချမှတ်အတည်ပြုခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့နေရသော COVID-19 ရောဂါအခြေအနေကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ရောဂါထိန်းချုပ် နိုင်သည့် အခြေအနေပေါ်မူတည်ပြီး ဒေသအလိုက် လုပ်ငန်းစီမံချက်များကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသအပြင်ဘက်နိုင်ငံများ၊ ဘင်းစ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများနှင့် ပူးပေါင်း၍ နိုင်ငံတကာမျက်နှာစာ၌ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ခေတ်အဆက်ဆက်အစိုးရများသည် နိုင်ငံရေးစနစ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့သော်လည်း မူးယစ်ဆေးဝါးပြဿနာကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ဖျက်ချေမှုန်းခဲ့ကြပါသည်။ အချို့နိုင်ငံများသည် မူးယစ်ဆေးဝါးပြဿနာနှင့် နိုင်ငံရေးကို ရောထွေးဆောင်ရွက်နေသည် ကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပါသည်။ မည်သို့ပင်ဖြစ်စေ မိမိတို့နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သန္နိဋ္ဌာန်ချမှတ်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နေသလို နိုင်ငံတွင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း မူးယစ်ဆေးဝါးအန္တရာယ်ကို ဘုံပြဿနာအဖြစ်ခံယူပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။
ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော "Share Facts on Drugs. Save Lives." မူးယစ်ဆေးဝါး ကင်းစင်ဖို့၊ အသိပညာဖြန့်ဝေစို့ ဆိုသည့်အတိုင်း ဘက်ပေါင်းစုံ အသိပညာတိုးပွားစေခြင်းဖြင့် မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုဘဝများကို တည်ဆောက်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။