COVID-19  ရောဂါ ကျော်ဖြတ်နိုင်ရေး အသိလည်းရှိ သတိလည်းရှိစေချင်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်)

COVID-19  ရောဂါ ကျော်ဖြတ်နိုင်ရေး အသိလည်းရှိ သတိလည်းရှိစေချင်

မြန်မာနိုင်ငံတွင် သြဂုတ် ၃၁ရက် တစ်ရက်တည်းတွင် ပိုးတွေ့လူနာ ၁ဝ၇ ဦး တွေ့ရှိသည်မှာ စံချိန်တင်တွေ့ ရှိမှုဖြစ်သည်။ COVID-19  ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများနှင့် ပတ်သက်၍လည်း ပြည်သူတစ်ရပ်လုံး သိရှိ စေရန် နေ့စဉ်သတင်းစာများတွင်ဖော်ပြပေးလျက်ရှိသည်။ လွန်ခဲ့သည့် ၁၄ ရက်အတွင်း ရောဂါကူးစက် ပြန့်ပွား နေသည့် နိုင်ငံများသို့ခရီးသွားခဲ့ခြင်း သို့မဟုတ် ကိုရိုနာဗိုင်းရပ်ရောဂါ COVID-19 ဖြစ်ပွားသည်ဟု  အတည်ပြုခြင်း ခံရသူနှင့်အတူ နေထိုင်ခဲ့ခြင်းတို့ရှိခဲ့ပြီး ဖျားခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁ဝဝ ဒသမ ၄ ဖာရင်ဟိုက်နှင့် အထက်ရှိခြင်း)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းစသည်ဖြင့်  ရောဂါလက္ခဏာများ ဖြစ်ပေါ် လာပါက နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် အုပ်ချုပ်ရေး အဖွဲ့များသို့ ဆက်သွယ် အကြောင်းကြား ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်သည်။

လူ့ဘဝတွင် ကျန်းမာရေးသည် အလွန်အရေးကြီးလှသည်။ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမမာဖြစ် သောအခါမှ ပိုမိုနားလည်သိရှိနိုင်သည်။ ပြန်လည်ကျန်းမာရန်အတွက် လူအား၊ ငွေအား၊ အချိန်အား စသည်ဖြင့် အရင်း အနှီးများစွာ ကုန်ကျသည်။ ကျန်းမာမှုမရှိဘဲ အသက်ဆုံးရှုံးမှုဖြင့် ရင်ဆိုင်လိုက်ရမည်ဆိုပါက မိသားစုအတွက်  တိုင်းပြည်အတွက် အနုတ် လက္ခဏာသာဖြစ်သည်။ အရေးကြီးဆုံးမှာ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းဖြစ် သည်။ ကြိုတင်ကာကွယ်ခြင်းမှာ အလွန်တရာ ခက်ခဲလှသည်မဟုတ်ပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်၊ သတိပေးချက် များအတိုင်း အသိနှင့်လိုက်နာ လုပ်ဆောင် ရန်သာ ဖြစ်သည်။

လူတစ်ဦးချင်းက မိမိကိုယ်မိမိ ကာကွယ်နိုင်မှ မိမိမိသားစု ရောဂါကင်းမည်။ မိသားစု တစ်စုချင်းကာကွယ်နိုင်မှ မိမိနိုင်ငံ ရောဂါကင်းရှင်းမည်။ နိုင်ငံတစ်ခုချင်းကာကွယ်နိုင်မှ ကမ္ဘာကြီးတွင် ရောဂါကင်းပါမည်။ လူတစ်ဦး၊ မိသားစု တစ်စု၊ နိုင်ငံ တစ်နိုင်ငံကို အိမ်ကြီးတစ်အိမ်ကဲ့သို့ ပမာပြုကြည့်လျှင် ပထမအရေးကြီး ဆုံးမှာ အိမ်ခြံစည်းရိုး လုံခြုံရေးဖြစ်သည်။ အိမ်ဝင်း ခြံတံခါးများသည်လည်း ခိုင်ခံ့နေရန်လိုသည်။  အိမ်ခြံဝင်းတံခါးများ ခိုင်ခိုင်မာမာ လုံလုံခြုံခြုံ ရှိနေမည်ဆိုလျှင် ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက်၊ ခွေး၊ ကြောင်၊  ကြွက်တို့ ဝင်နိုင်မည်မဟုတ်။ သို့ဆိုလျှင် တိရစ္ဆာန်မှ ကူးစက်နိုင်သော ရောဂါများကင်းရှင်းပေလိမ့်မည်။ ယခုဖြစ်ပေါ်လာသော COVID-19  ကပ်ရောဂါကို ထိန်းချုပ်ရန် အိမ်ခြံစည်းရိုးကဲ့သို့ တစ်ဦးချင်း၏ လုံခြုံမှု နှင့်စည်းကမ်းရှိမှုသည် အဓိကအခန်း ကဏ္ဍမှ ပါဝင်နေသည်။

အချို့သောနိုင်ငံများတွင် အိမ်နီးချင်း ကပ်လျက်ရှိသော နိုင်ငံများ၌ ရောဂါကူးစက်ပြန့်ပွားမှုနှုန်းမြင့်မား သည့်အခါ သူတို့နိုင်ငံ၏ လူဝင်လူထွက်ကို ပိတ်ပင်တားမြစ်ခြင်းဖြင့် ရောဂါကာကွယ်ရေးလုပ်ဆောင်လျက် ရှိသည်။ ယခုအခါ ရခိုင်ပြည်နယ်တွင် COVID-19  ရောဂါကူးစက်မှုလျင်မြန်နေသည့်အတွက် ကျန်းမာရေး ဆိုင်ရာကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေးများ ဆောင်ရွက်နေသည်။  အထူးသဖြင့် တစ်နယ်နှင့်တစ်နယ် သွားလာမှုပိတ်ပင်တားဆီးခြင်း ဆောင်ရွက် နေလျက်ရှိသည်မှာ သင့်လျော် ကောင်းမွန်သော အစီအစဉ်ဖြစ်သည်။

သို့သော် ဒေသနေပြည်သူများအတွက် စားသောက်နေထိုင်ရေး၊ ဆေးဝါးကုသရေးစသည့်လူမှုရေးအဖြာဖြာတွင်  အခက်အခဲ ရှိလာနိုင်သည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် COVID-19  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး ဆောင်ရွက် ပေးလျက်ရှိသော တပ်မတော်သည် ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုမြန်ဆန်လာ ခြင်းအတွက် စိုးရိမ်ပူ ပန်မှုများစွာဖြစ်ရသည်။ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာထိခိုက်မခံရရေး အတွက်  ရခိုင်ပြည်နယ်အတွင်း  COVID-19  ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်နိုင်ရန် တပ်မတော်ဆေး အဖွဲ့များသွားရောက်ကြပြီး ဆေးအထောက် အကူပစ္စည်းများ၊ စားသောက် ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို သြဂုတ် ၂၁ ရက်တွင် ပထမအကြိမ် အဖြစ်လည်းကောင်း၊ သြဂုတ်၂၆ ရက်တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ သြဂုတ် ၂၇ ရက်တွင် တတိယ အကြိမ်အဖြစ် လည်း ကောင်း တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့ပြီးဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း COVID-19  ရောဂါကို ကျော်ဖြတ်နိုင်ရေးအတွက် အသိလည်းရှိ သတိလည်း ရှိစေချင်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပေသည်။   ။