COVID-19 ရောဂါကြောင့် ပြန်လည်နာလန်ထူရန် ရုန်းကန်ရဖွယ်ရှိသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်း

ကမ္ဘာ့နိုင်ငံများ၌   ယခုနှစ်အတွင်း COVID-19 ရောဂါ  ထပ်မံကူးစက်ပျံ့နှံ့နေသောကြောင့်  ကမ္ဘာပေါ်ရှိနိုင်ငံများ၏  ၂၀၂၀- ၂၀၂၁ ခုနှစ်အတွက်  ဂျီဒီပီပမာဏသည် အမေရိကန်ဒေါ်လာ  ၄ ထရီလီယံကျော် ဆုံးရှုံးနိုင်သည်ဟု   ကုလသမဂ္ဂကုန်သွယ်ရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးမှုအဖွဲ့ကြီးက တရားဝင် ထုတ်ပြန်ထားသည်။  ရောဂါကူးစက်မှုသည် ကမ္ဘာ့နိုင်ငံများ၏ ခရီးသွားလာရေး လုပ်ငန်းများနှင့်   တခြား ဆက်စပ်သည့် ကဏ္ဍများအပေါ်    ဆိုးဆိုးရွားရွား သက်ရောက် လာနိုင်ကြောင်း  အဆိုပါ အဖွဲ့ကြီး၏ ထုတ်ပြန်သည့် အစီရင်ခံစာတွင်  ဖော်ပြထားသည်။

ကမ္ဘာပေါ်ရှိနိုင်ငံများသည် ၂၀၂၀ ပြည့်နှစ် အတွင်းက ဖြစ်ပွားခဲ့သည့်   ရောဂါကူး စက်မှုအတွင်းမှာပင် သက်ဆိုင်ရာအစိုးရအဖွဲ့များကချမှတ်ခဲ့သည့်  ကန့်သတ်ချက်များ၊ Lockdown ချမှုများကြောင့်  ခန့်မှန်းခြေအားဖြင့်   အမေရိကန်ဒေါ်လာ၂ ဒသမ ၄ ထရီလီယံဆုံးရှုံးခဲ့သည့်အပြင် ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်နေသည့်ဟိုတယ်နှင့်  တခြားကဏ္ဍများအပေါ်၌ပါ သက်ရောက်ခဲ့သည်။

ယခုနှစ်တွင် ထပ်မံဖြစ်ပွားသည့်ရောဂါကူးစက်မှုများကြောင့်  ကမ္ဘာပေါ်ရှိ  နိုင်ငံအများအပြားအနေဖြင့် အလားတူအကျိုးဆက်များနှင့်   တွေ့ကြုံရဖွယ်ရှိသည်ဟု  ကျွမ်းကျင်သူများက    သတိပေးထားပြီး သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ၎င်းတို့၏နိုင်ငံအတွင်း      ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို   ထိရောက်စွာ ဖော်ဆောင်နိုင်မှုအပေါ်တွင်    များစွာ မူတည်လျက်ရှိကြောင်း ကျွမ်းကျင်သူများကဆိုသည်။

တစ်နည်းအားဖြင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသည့်   လုပ်သား အားလုံးကို ကာကွယ်ပေးရန်   လိုအပ်နေသည့်အပြင် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူရေးနှင့် စပ်လျဉ်း၍ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များကို ချမှတ်ရန်နှင့် လူမှုဘဝအပေါ် ကျရောက်လာနိုင်သည့် ဆိုးကျိုးများကို လျှော့ချရန် လိုအပ်လျက်ရှိသည်။ အကြောင်းမှာ ခရီးသွားလုပ်ငန်းသည်     လူသန်းပေါင်း များစွာအတွက် အသက်သွေးကြောအဖြစ် တည်ရှိနေပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်   ခရီးသွားလုပ်ငန်းကို ပြန်လည်အစပြုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ရမည်ဟု   ကုလသမဂ္ဂ  ကမ္ဘာ့ခရီးသွားလာရေးအဖွဲ့(UNWTO) အတွင်းရေးမှူးချုပ်   ဇူရက်ပိုလိုလီကက်ရှ်ဗီလီက ပြောသည်။ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းသည် လက်ရှိတွင် လူသန်းပေါင်းများစွာအတွက် အလုပ်အကိုင်ပြန်လည်ဖန်တီးရေးနှင့်    နိုင်ငံအများအပြားက အရေးတကြီး လိုအပ်နေသည့် အရင်းအမြစ်များ ထုတ်လုပ်ရေးအတွက် အလွန်အရေးပါလျက်ရှိသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသည့် မညီမျှမှုများ

နိုင်ငံအများအပြား၌  ကူးစက်ပျံ့နှံ့နေသည့်  COVID-19 ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် အင်အားကြီး နိုင်ငံအများအပြားက ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် သူ့ထက်ငါအပြိုင်   ကြိုးပမ်းခဲ့ကြသည်။

ထို့ကြောင့်  ရုရှားနှင့်  တရုတ်အပါအဝင် နိုင်ငံကြီးတချို့က အမည်အမျိုးမျိုးပေးထားသည့် ကာကွယ်ဆေးများကို ထုတ်လုပ်နိုင်ခဲ့ကြသည်။

ကာကွယ်ဆေးမထုတ်လုပ်နိုင်သေးသည့် ချမ်းသာကြွယ်ဝသော  တချို့နိုင်ငံများကလည်း ငွေကြေး အများအပြား အသုံးပြု၍ ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။  ထိုသို့သော   ကြိုးပမ်းမှုများကြောင့်   အထိနာခဲ့ရသည့် နိုင်ငံများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်သည်။   တချို့နိုင်ငံကြီးများတွင် စုစုပေါင်းလူဦးရေ၏  ၆၀ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတချို့မှာ  စုစုပေါင်းလူဦးရေ၏ ၁ ရာခိုင်နှုန်းအောက်ကိုသာ ကာကွယ်ဆေးထိုးနှံထားနိုင်သည်။ နိုင်ငံအတွင်းရှိ လူဦးရေအများအပြားကို    ကာကွယ်ဆေးထိုးနှံ ပေးထားနိုင်သည့် နိုင်ငံကြီးများကို ကြည့်မည်ဆိုပါက ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့်အမေရိကန် စသည့်ချမ်းသာကြွယ်ဝသော နိုင်ငံများ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါ နိုင်ငံကြီးများရှိ ခရီးသွား လုပ်ငန်းများသည်  တခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက  အလျင်အမြန်ပြန်လည် နာလန်ထူလာမည့် အလားအလာ    ရှိနေသည်။ သို့သော် အဆိုပါ ချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးများ၌ ပင်လျှင်   ခရီးသွားလုပ်ငန်းများသည် ၂၀၂၃ ခုနှစ် သို့မဟုတ် နောက်ပိုင်းအချိန်မတိုင်မီအထိ  အပြည့်အဝနာလန်ထူရန်    ရုန်းကန်နေရမည့် အခြေအနေရှိသည်ဟု ကျွမ်းကျင်သူများက ဆိုထားသည်။   ဤကား   ရောဂါကူးစက်မှုကြောင့်  ခရီးသွားလုပ်ငန်းများအပေါ် ကျရောက်လာသည့်  အကျိုးဆက်ပင် ဖြစ်သည်။    ဆိုးရွားလှသည်ဟုဆိုနိုင်သည်။

ပြည်သူအများစုကို   ကာကွယ်ဆေးထိုးနှံပေးထားနိုင်သည့် အဆိုပါ နိုင်ငံကြီးများပင် ဤမျှလောက် ရုန်းကန်ရမည် ဆိုပါက နိုင်ငံအတွင်းရှိ လူနည်းစုကိုသာ ကာကွယ်ဆေးထိုးနှံပေးထားနိုင်သည့်    ဖွံ့ဖြိုးဆဲနိုင်ငံ များအနေဖြင့်  ဆိုဖွယ်ရာမရှိပေ။  အကျိုးဆက်ကို   ဆက်လက်ရင်ဆိုင်ရဖွယ်သာရှိသည်။

ကမ္ဘာ့နိုင်ငံအများအပြားရှိ   ခရီးသွားလုပ်ငန်းများသည် ၂၀၂၁ ခုနှစ် နှစ်ဝက်ခန့်တွင်  ပြန်လည် စတင်လာနိုင်မည့် အလားအလာရှိသည်ဟု   မျှော်လင့်ရသော်လည်း ဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇  ထရီလီယံမှ  ၂  ဒသမ  ၄  ထရီလီယံအထိ မြင့်တက်လာနိုင်သည်ဟု  ကျွမ်းကျင်သူများက သတိပေးထားသည်။  ထို့ပြင်   ခရီးသွားလုပ်ငန်းများ ပြန်လည်လည်ပတ်မှု   နှေးကွေးနေခြင်းကြောင့်   နိုင်ငံအများအပြားတွင်  အလုပ်အကိုင်ဆုံးရှုံးမှုနှုန်းမှာ ၅  ဒသမ ၅  ရာခိုင်နှုန်းအထိ ရှိလာမည့် အလားအလာ ရှိသည်။

ထို့ကြောင့်  ကမ္ဘာ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ စီးပွားရေးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်   ခရီးသွားလုပ်ငန်းများ  ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းရှိ လုပ်သားများနှင့် ဝန်ထမ်းများ အပါအဝင် ပြည်သူအများအပြားကို တတ်နိုင်သမျှ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး  အဓိကအာရုံစိုက် လုပ်ဆောင်ရန်လိုအပ်နေပြီး   ဒူပေနာပေခံနိုင်မှု၊    အခြေအနေနှင့်   အလိုက်သင့် ပြောင်းလဲနိုင်မှုရှိရေး အတွက်လည်း လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

နိုင်အောင်

Ref: Ecobnb, unctad