အင်ဒိုနီးရှားနှင့်ထိုင်းတို့၌ ကျန်းမာရေးဝန်ထမ်းများကို ထပ်တိုးကာကွယ်ဆေးထိုးပေးရန် စဉ်းစားနေ

အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံတို့၌ တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများကို ထပ်တိုး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးပေးရန် စဉ်းစားနေကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တရုတ်နိုင်ငံ   ဆီနိုဗက်ကုမ္ပဏီထုတ်ကာကွယ်ဆေးများကို နှစ်လုံးစလုံးထိုးထားပြီး ဖြစ်သော်လည်း ကိုယ်ခံအားပိုမိုတိုးမြင့်စေရေးအတွက် ထပ်တိုးကာကွယ်ဆေးထိုးပေးရန် တာဝန်ရှိသူများက စဉ်းစားနေခြင်း ဖြစ်သည်။

လက်ရှိတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့၌ ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း   မြင့်တက်လာနေစဉ် ကျန်းမာရေးစနစ် ပြိုလဲသွားမည်ကို  စိုးရိမ်နေရသည့်အတွက် ယခုအစီအစဉ်ကို ပြုလုပ်ခြင်းလည်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံရှိ  ဆရာဝန်များနှင့်သူနာပြုများမှာ ကာကွယ်ဆေးနှစ်လုံးစလုံးထိုးပြီးသူများဖြစ်ပြီး အပျော့စားနှင့် အပြင်းစား ရောဂါလက္ခဏာများကို ခံနိုင်ရည်ရှိသော်လည်း ၎င်းတို့ထဲတွင် သေဆုံးမှုများ ရှိနေသေးကြောင်း အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း  ဒုတိယဥက္ကဋ္ဌက ပြောသည်။

ယခုအခါသည် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ကူးစက်မြန်ပြင်းထန်သော ဗီဇပြောင်းရောဂါပိုးများကူးစက်ခံရမှုမှ ကာကွယ်နိုင်စေရန် ထပ်တိုးကာကွယ်ဆေးထိုးရမည့် အချိန်ဖြစ်ကြောင်း လွှတ်တော်ကျန်းမာရေးကော်မရှင်  ဒုတိယဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ယင်းသို့ထပ်တိုးကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် အစိုးရ၏ ကိုယ်ခံအားမြှင့်တင်ရေး အကြံပေးအဖွဲ့နှင့် အစားအစာနှင့်ဆေးဝါးအေဂျင်စီတို့၏ အတည်ပြုချက်များကိုစောင့်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံက ယခုလနှောင်းပိုင်းတွင် အမေရိကန်နိုင်ငံမှလှူဒါန်းသော ဖိုင်ဇာ-ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကာကွယ် ဆေးအလုံးပေါင်း ၁ သန်းခွဲကို လက်ခံရရှိမည်ဖြစ်ပြီး ထိုဆေးများကို ကျန်းမာရေး ဝန်ထမ်းအယောက် ခုနစ်သိန်းအား ထိုးပေးသွားမည်ဖြစ်ကြောင်း  တာဝန်ရှိသူများက ပြောသည်။

ဆီနိုဗက်ကုမ္ပဏီထုတ်ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါကို ပြင်းထန်စွာ ခံစားရစေခြင်း မရှိသည့်အပြင်  ဆေးရုံတက်ရောက်ကုသရမှုကို နည်းပါးစေကြောင်း လက်တွေ့မြေပြင်အချက်အလက်များအရ သိရသော်လည်း ဒယ်တာဗီဇပြောင်း ရောဂါပိုးကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ ထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။

အရှေ့တောင်အာရှရှိနိုင်ငံ အများအပြားက အနောက်နိုင်ငံထုတ်ကာကွယ်ဆေးများကို ရရှိနိုင်မှု အကန့်အသတ်ရှိခြင်းနှင့် ကာကွယ်ဆေးထိုး ပေးနိုင်မှုနှုန်းက  ၁၀ ရာခိုင်နှုန်းအောက်သာ ရှိနေခြင်းတို့ကြောင့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများအပေါ်ကိုသာ အဓိက မှီခိုနေရကြောင်း သိရသည်။

Ref: TST