ယခုနှစ် ဖရဲ သခွားမွှေးစိုက်ဧက သုံးပုံနှစ်ပုံခန့် လျှော့ချ စိုက်ပျိုးနိုင်

ပြည်တွင်းမှထွက်ရှိသည့် ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံသို့  နှစ်စဉ် နိုဝင်ဘာလမှ  မေလအထိ တင်ပို့လေ့ ရှိသော်လည်း  COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း  တင်ပို့မှုလျော့ကျကာ တောင်သူများ အရှုံးပေါ်ခဲ့သဖြင့် ယခုနှစ်  စိုက်ပျိုးရာသီတွင် စိုက်ဧက သုံးပုံနှစ်ပုံခန့် လျှော့ချစိုက်ပျိုးနိုင်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊  သခွားမွှေးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်း ၏ပြောဆိုချက်အရ သိရသည်။

''ဒီနှစ်မှာ   မနှစ်ကစိုက်ဧကရဲ့  သုံးပုံတစ်ပုံလောက်ပဲ စိုက်ပျိုးနိုင်တယ်။  COVID-19 ရောဂါအခြေအနေကြောင့် တချို့တောင်သူတွေက မစိုက်ကြတော့ဘူး။ အဲဒါကြောင့် ဒီနှစ်စိုက်ဧကနည်းမှာ သေချာပါတယ်'' ဟု ဦးနိုင်ဝင်း ကပြောသည်။

အဆိုပါစိုက်ပျိုးမှု လျှော့ချသော  ဧကများကို မြေလွတ်အတိုင်းမထားဘဲ   တခြားဈေးကွက်ဝင် သီးနှံများ ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း  သိရသည်။

''ဖရဲ၊ သခွားမွှေးစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ သတင်း အချက်အလက်တွေကို နားစွင့်ကြဖို့လိုအပ်ပါတယ်။ ကုန်သည်၊  ပွဲစားတွေနဲ့ အသင်းအဖွဲ့တွေဆီက အကြံဉာဏ်တွေတောင်းပြီး    သေချာညှိနှိုင်း လုပ်ကိုင်ရမယ့်အချိန်   ရောက်နေပါပြီ။

ဒါကြောင့်  ဖရဲသခွားမွှေး စိုက်ပျိုးသူတွေ အနေနဲ့   တစ်ပိုင်တစ်နိုင်လောက်တော့  စိုက်ပျိုးကြပါလို့ အကြံပြုလိုပါတယ်'' ဟု  ဦးနိုင်ဝင်း ကပြောသည်။

လတ်တလောတွင် ပြည်တွင်းမှ ထွက်ရှိသည့် ဖရဲ၊ သခွားမွှေးများကို  တရုတ်နိုင်ငံသို့  တစ်ရက်လျှင်   ယာဉ်အစီးရေ ငါးစီးခန့်  တင်ပို့လျက် ရှိကြောင်း  သိရသည်။