မန္တလေးရွှေဈေးကွက် ရွှေဈေးမြင့်တက်၍ အရောင်းအဝယ်အေး

မန္တလေးတိုင်းဒေသကြီး ရွှေဈေးကွက်၌ စက်တင်ဘာ ၁ ရက် ဈေးဖွင့်ချိန်တွင် ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်းကျော်အထိ မြင့်တက်လာသောကြောင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း  မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ရွှေထွက်ရာဒေသများဖြစ်သော သပိတ်ကျင်း၊ ရမည်းသင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခြင်း၊ ဒေါ်လာ လဲလှယ်နှုန်းမြင့်တက်နေခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်နေခြင်းကြောင့်   ရွှေဈေး မြင့်တက်လျက်ရှိကြောင်း သိရသည်။

ရွှေဈေးအမြင့်ဆုံး ရောက်ရှိသွားသောကြောင့်  အရောင်းအဝယ် အေးသွားပြီး ရွှေစုဆောင်းထားသူ   အချို့မှာလည်း အခေါက်ရွှေဈေးငွေကျပ် ၁၃ သိန်းကျော် ရောက်ရှိလာသဖြင့်   ပြန်လည်ထုတ်ရောင်းချသူ   များပြားလျက်ရှိကြောင်း မန္တလေးမြို့ ရွှေအရောင်းအဝယ် ဈေးကွက်မှ သိရသည်။

စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီ ရွှေအဖွင့်ဈေး အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ် ၁၃၁၄ဝဝဝ ၊ ၁၅ ပဲရည် တစ်ကျပ်သား ငွေကျပ် ၁၂၂၆၇ဝဝ၊ ဒင်္ဂါး ၁ဝ၅ဝ၈ဝဝ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်ထရိုင်အောင်စ ၁၉၈၉ ဒေါ်လာ၊ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၃၄၅ ကျပ်ဖြစ်ကြောင်းသိရသည်။