၂ဝ၂၁ ခုနှစ် မော်တော်ယာဉ် တင်သွင်းသည့် ပေါ်လစီအရ စလစ်ကပ်ပြီး မော်တော်ယာဉ် သွင်းစရာ မလိုတော့သည့်အတွက် ကားဟောင်းစလစ် အဝယ်ရပ်သွားနိုင်

၂ဝ၂၁ ခုနှစ် မော်တော်ယာဉ် တင်သွင်းသည့် ပေါ်လစီအရ စလစ်ကပ်ပြီး မော်တော် ယာဉ် သွင်းစရာမလိုတော့သည့်အတွက်   ကားဟောင်းစလစ်  အဝယ်ရပ်သွားနိုင်ကြောင်း မော်တော်ယာဉ်တင်သွင်း ရောင်းချ သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့ကြောင့်   စလစ်ဈေးကွက် ပျောက်နိုင်မည်ဖြစ်ပြီး ငွေကျပ် သိန်း ၁ဝဝ နှင့် သိန်း ၁၅ဝ ကြား  အနိမ့်ကားများ ငွေကျပ်  သိန်း   ၁ဝဝ  အောက် ကျဆင်းနိုင်ကာ ဈေးအမြင့်ကားများလည်း  အဆင့်ဆင့် ဈေးနှုန်း ကျဆင်းနိုင်ကြောင်း Moezac Auto Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော် မတီအနေဖြင့် ယခင်နှစ်များက ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ခြင်းများတွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်(Con-signment  စနစ်အပါအဝင်) နှင့် လူပုဂ္ဂိုလ် တစ်ဦးချင်း အစီအစဉ်တို့ကို ခွဲခြားသတ် မှတ် ထုတ်ပြန်ခဲ့သော်လည်း  ၂ဝ၂၁ ခုနှစ် အတွက် သတ်မှတ် ထုတ်ပြန်ရာတွင် လူစီး မော်တော်ယာဉ်များ အနေဖြင့်သာ သတ်မှတ် ဖော်ပြခဲ့ကြောင်း သိရသည်။

''၂ဝ၂၁ ခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်တာက စလစ်ကပ်ကား ဆိုပြီး သီးသန့် မော်ဒယ် သတ်မှတ်ပြီး  မထုတ်ပြန်ဘူး။ လူစီးကားကိုပဲ ထုတ်ပြန်ထားတယ်။ နောက်ပြီး လူစီးကားတွေကို ၂ဝ၁၉ ခုနှစ်ကစပြီး တင်သွင်းရမယ်ဆိုတော့   မော်ဒယ်နိမ့် ကားဟောင်းတွေက   ဈေးကျသွားမယ်။   စလစ်ဈေးကွက် မရှိတော့ရင် ကားဟောင်း တွေက ဈေးပိုပြီး ကျသွားနိုင်တယ်။ ကားဟောင်းဝယ်စီးမယ့် သူတွေကတော့ အဆင်  ပြေတာပေါ့''  ဟု  မော်တော်ယာဉ် ဝယ်ရောင်း လုပ်ကိုင်သူ ဦးမင်းလွင် ကပြောသည်။

လက်ရှိ စလစ်ဈေးမှာ  နှစ်နှစ်ဆယ် စလစ်တွင် ငွေကျပ် သိန်း ၁ဝဝ ဝန်းကျင် အထိ ပေါက်ဈေးရှိသည်။

အနိမ့်ဆုံး  ၂ဝ၁၉ မော်ဒယ်မှ  စတင် တင်သွင်းရတော့မည်ဖြစ်၍ စလစ်ကပ်ရ မည့် မော်ဒယ်ဟူ၍   မရှိတော့ကြောင်း၊ ရန်ကုန်လိုင်စင် လိုချင်ပါက   စလစ်ကပ်ရမည်ဖြစ်ပြီး နယ်လိုင်စင်ဆိုပါက စလစ် မလိုသည့်ပုံစံမျိုး ဖြစ်ကြောင်း သိရသည်။