မေတ္တာပေး၍ မေတ္တာရကြစေချင်ပါသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာ ၂ ရက်)

ယနေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင်များအတွက် မေတ္တာအခါတော်နေ့ဖြစ်ပေသည်။ လူသားတို့သည် တစ်ဦး အပေါ် တစ်ဦး မေတ္တာထားနိုင်လျှင် ဤကမ္ဘာကြီးသည် ပျော်စရာအတိဖြစ်ပေလိမ့်မည်။ လူအချင်းချင်းခိုက်ရန် ဖြစ်ပွားခြင်းမရှိဘဲ ချစ်ခင်ခြင်း၊ ကြင်နာခြင်းများဖြင့် ပြည့်လျှမ်းနေပေမည်။ မေတ္တာတရားသည် လူသားတိုင်း နှင့်ဆိုင်သော အကျင့်စိတ်ထားဖြစ်သည်။ မေတ္တာဟူသည် ပွားများရသောဘာဝနာတရားဖြစ်သည်။ ကိုးပါး သီလ ခံယူ ဆောက်တည်ရာတွင် ကိုးပါးမြောက်ဖြစ်သော သီလသည် မေတ္တာသဟဂတေန စေတသာ ဖြစ်သည်။

မေတ္တာနှင့် တကွဖြစ်သောစိတ်ဖြင့် အလုံးစုံသောသတ္တဝါတို့အပေါ်၌ ပျံ့နှံ့၍နေထိုင်ခြင်းကို ကောင်းစွာဆောက် တည် ပါမည်ဟု ဆိုခြင်းဖြစ်သည်။

မေတ္တာဘာဝနာသည် သူတစ်ပါးကောင်းစေလိုသောစိတ်ကို အဖန်ဖန်အထပ်ထပ်ဖြစ်ပွားအောင်ပြုလုပ် ပေးခြင်း၊ အာရုံပြုခြင်း၊ ပို့လွှတ်ပေးခြင်းသည် မေတ္တာဘာဝနာ မေတ္တာပို့သည်မည်ပါသည်။ သတ္တဝါတို့အပေါ်၌  မေတ္တာပွား ၍ဖြစ်စေ၊  ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင်  တစ်ပါးပါး ပွားများ၍ဖြစ်စေနေခြင်းသည် မြင့်မြတ်သော နေခြင်းဖြစ်၍ ဗြဟ္မဝိဟာရဟု ခေါ်သည်။ ထိုသို့ ပွားများခြင်းသည် မြင့်မြတ်သောအကျင့်ဖြစ် သောကြောင့် ဗြဟ္မစိုရ်ဟု ခေါ်ပါသည်။

မေတ္တာဆိုသည်မှာ ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပုဂ္ဂိုလ်သတ္တဝါပညတ်ကိုအာရုံပြုကာ ချမ်းသာပါစေ၊ ဘေးရန် ကင်းပါစေ စသည်ဖြင့် သတ္တဝါတို့၏ကြီးပွားချမ်းသာမှုကို လိုလားတောင့်တသော အဒေါသ စေတသိက် ကိုပင် မေတ္တာဟုခေါ်ပါသည်။ မိမိမေတ္တာပို့မည့်သူကို ဓာတ်ပုံရိုက်သကဲ့သို့ ခြေဆုံး၊ ခေါင်းဆုံး တစ်ကိုယ်လုံး ထင်မြင်အောင်အာရုံယူလျက်၊ စိတ်ကိုညွှတ်လျက် ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ ဟူသော မေတ္တာ ဘာဝနာ စိတ်ကို ထိုသူ့ထံသို့ရောက်အောင်ပို့လွှတ်ခြင်း၊ ဖြန့်ကြက်ခြင်းကို မေတ္တာပို့သည်ဟု ခေါ်ဆိုသည်။ မေတ္တာ ဓာတ်ကို ထပ်တလဲလဲ ဇွဲသန်သန်ဖြင့် တစ်ကြိမ်လျှင်အနည်းဆုံး ၁၅ မိနစ်၊ နာရီဝက်ခန့်ပို့သပွားများရမည် ဖြစ်ကြောင်း ဗုဒ္ဓဘာသာ တရားတော် အခြေခံအဆင့်တွင် ဖော်ပြထားသည်။

မေတ္တသုတ်ပရိတ်တော်ဖြစ်ပေါ်လာပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ အခါတစ်ပါး၌ ရဟန်း ငါးရာ တို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူ၍ ဟိမဝန္တာအနီး တောအုပ်ကြီး တစ်ခုသို့ဝင်ကာ သစ်ပင်ရင်းတို့၌  တရားအား ထုတ်နေကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် သစ်ပင်ရှိနတ်များမနေဝံ့ကြဘဲ ရှောင်နေကြရသည်။ တစ်နေ့ပြန်နိုး၊ တစ်နေ့ပြန်နိုးနှင့် စောင့်နေခဲ့ကြရာ မပြန်တော့မည်ကို သိ၍ ရဟန်းတော် များမနေဝံ့အောင် ခြောက်လှန့်ကြတော့သည်။ ရဟန်းတော်တို့သည် တရားဖြောင့်ဖြောင့် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်များ ချောက်ချား၍ ဘုရားရှင်ထံ ပြန်သွားကြပြီး အကြောင်းစုံလျှောက်ထားကြလေသည်။ ဘုရားရှင်က  ဤ''မေတ္တသုတ် တော်'' ကို ကမ္မဋ္ဌာန်းအလို့ငှာလည်းကောင်း၊ အကာအကွယ် အရံအတား အလို့ငှာလည်းကောင်း ရွတ်ဖတ်ပွားများရန် တစ်ချက်ခုတ်နှစ်ချက်ပြတ် ရဟန်းတို့အားသင်ကြားပေး တော်မူ၍ မိမိတို့ နေရင်းတောအုပ်သို့ ပင် ပြန်စေတော် မူခဲ့သည်။

ရဟန်းတို့လည်း နေရင်းဌာန တောအုပ်သို့ပြန်သွား၍ မေတ္တသုတ်တော်ကို ရွတ်ဆိုပွားများကြရာ နတ်များက ချစ်မြတ်နိုး ကြပြီး ဝတ်ကြီးဝတ်ငယ်များပင်ပြုလုပ်စောင့်ရှောက်ကြလေသည်။ ရဟန်းတော်များလည်း မေတ္တာ ကို အခြေခံကာ  ဝိပဿနာပွားများ၍ ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိကြလေသည်။ ထို့ကြောင့် မေတ္တာ ပွားခြင်း၏ အကျိုးအာနိသင် ၁၁ မျိုးသည် လူတိုင်းနှစ်ခြိုက်စွာ ရယူလိုသောဆန္ဒဖြစ်သည်။

မေတ္တာပို့သခြင်းသည် ကောင်းမွန်သောအလုပ်ဖြစ်ပေသည်။ သူ့ကိုကိုယ်ချစ်မှ သူကကိုယ့်ကိုချစ်မည်မှာ လောက၏ နိယာမ တရားဖြစ်သည်။ မေတ္တာသည် စိမ့်စမ်းရေကဲ့သို့ ကြည်လင်အေးမြလှပါသည်။ ဤကမ္ဘာ လောက၌ မေတ္တာ တရားများ လွှမ်းမိုးနေမည်ဆိုလျှင် ကပ်သုံးပါးဟုဆိုအပ်သော ဒုဗ္ဘိက္ခန္တရကပ်- ငတ်မွတ် ဘေးကြောင့်ပျက်စီးခြင်း၊ သတ္ထန္တရကပ်- လက်နက်ဘေးကြောင့် ပျက်စီးခြင်း၊ ရောဂန္တရကပ်- ရောဂါဘေးကြောင့် ပျက်စီးခြင်းတို့မှ ကင်းဝေးလွတ်မြောက်မည်ဖြစ်သည်။ ရန်သူမျိုးငါးပါးဖြစ်သော ရေ၊ မီး၊ မင်းဆိုး၊ ခိုးသူ၊ မချစ်မနှစ်သက်သော သူတို့မှ လွတ်ကင်းနိုင်ပေမည်။

ယခုအခါ လူသားတို့တွင် မေတ္တာဓာတ်ခေါင်းပါးလာမှုကြောင့် ဝိပတ္တိ တရားလေးပါးနှင့် ရင်ဆိုင်ကြုံတွေ့နေ ရသည် မှာ သင်ခန်းစာယူသင့်ကြသည်။ ဖောက်ပြန်ချို့ ယွင်းခြင်းကို ဝိပတ္တိဟုခေါ်သည်။ ကာလဝိပတ္တိ-မင်းဆိုး မင်းယုတ်အုပ်စိုးသည့်ကာလ၌ဖြစ်ရခြင်း၊ ဂတိဝိပတ္တိ- အပါယ်လေးဘုံ၌ဖြစ်ရခြင်း၊ ဥပဓိဝိပတ္တိ-ရုပ်ဆင်းအင်္ဂါ ချို့တဲ့ရခြင်း၊ ပယောဂဝိပတ္တိ- မှန်ကန်သောကြိုးစား အားထုတ်မှုမရှိခြင်းတို့ တွေ့ကြုံရတတ်သည်။ ထို့ပြင် ပျက်စီး ဆုံးရှုံးခြင်းငါးမျိုးနှင့် ကြုံရတတ်သည်။ ဆွေမျိုးများပျက်စီးခြင်း၊ စီးပွားဥစ္စာပျက်စီးခြင်း၊ အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊ မှားသောအယူ ယူမိသဖြင့် အယူမှန်ပျက်စီးခြင်း၊ ကိုယ်ကျင့်သီလပျက်စီးခြင်းတို့သည် မေတ္တာ တရား ယိုယွင်းခြင်းကြောင့်ဖြစ်ပေသည်။ ယနေ့အချိန်အခါသည် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ဖြစ် ပေရာ မေတ္တာ ပွားများရင်း လူသားအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။