နေပြည်တော်၊ စက်တင်ဘာ - ၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေး ဗျူရိုအဖွဲ့ဝင် H.E.Mr. Yang Jiechi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့်အတူ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေ ဟောင်း နိုင်ငံများဖြစ်ကာ ညီအရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်မှာ နှစ်ပေါင်း(၇၀) ပြည့်မြောက်ပြီဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေအနေများ၊ ယခုနှစ် ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping ၏ ခရီးစဉ်တွင် နှစ်ဖက်သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တရုတ်နိုင်ငံတွင် COVID-19 ရောဂါစတင်ဖြစ်ပွား သည့်ကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေး အထောက် အကူပြုဆေး နှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ မြန်မာ့တပ်မတော်သို့ ရောဂါကာကွယ်ရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းကာ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် တပ်မတော်နှစ်ရပ်အကြား သတင်းအချက်အလက်များ ဖလှယ်ကာ အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး တပ်ဖွဲ့ဝင်များအကြားနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲ အုပ်ချုပ်နေသည့်အဖွဲ့များ အကြား အချင်းချင်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည့်ပြည့်၀၀ ပါဝင်လျှောက်လှမ်းရန် လိုအပ်သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေရာများတွင် စက်တင်ဘာလ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည့် အခြေအနေများ၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် အေးအတူပူအမျှ ဖြစ်သည့် အသိုက်အဝန်း ထူထောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် H.E.Mr. Yang Jiechi တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။