အယ်ဒီတာ့အာဘော်
(၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာ ၃ ရက်)
မြန်မာနိုင်ငံအတွင်း နေထိုင်သူအပေါင်းသည် မြန်မာ့သမိုင်း ရာဇဝင်ကို သိထားသင့်သည်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်ကလေးများ ပိုမိုသိထားသင့်ပေသည်။ ကျောင်းတွင်သင်ကြားသော ဘာသာတွဲအရ သမိုင်း ဘာသာရပ်ကို မသင်ကြားခဲ့ရသည်များ ရှိကောင်းရှိနိုင်သည်။ သို့သော် ကျောင်းစာပြီးချိန် သို့တည်းမဟုတ် ကျောင်းပြီးဘွဲ့ရသည့်အချိန်မျိုးတွင် မိမိနိုင်ငံ၏သမိုင်းကြောင်း လေ့လာသိရှိထားသင့်သည်။ သမိုင်းကြောင်းကို လေ့လာသိရှိမှလည်း မိမိတို့လူငယ်များသည် အမြင်ကျယ်သူများဖြစ်လာပေလိမ့်မည်။
သမိုင်းကိုလေ့လာရာတွင် စာရေးသူကို ပထမဦးဆုံးလေ့လာသင့်သည်။ ဤစာအုပ်ကိုရေးသူသည် ဘယ်သူလဲ၊ မြန်မာနိုင်ငံ သားလား၊ တိုင်းတစ်ပါးသားလား လေ့လာရပေမည်။ မြန်မာ့သမိုင်းကြောင်းနှင့်ပတ်သက်၍ တိုင်းတစ်ပါး သားများရေးသောစာနှင့် မြန်မာနိုင်ငံသား စစ်စစ်ရေးသော စာများသည် စေတနာချင်း လွန်စွာကွာခြားသည်။ လူငယ်တိုင်း မဖြစ်မနေသိသင့်သောအကြောင်းအရာများကို ညွှန်းဆိုရပါလျှင် သမိုင်းတွင်အင်ပါယာ နိုင်ငံကြီးများအဖြစ် တည်ထောင်နိုင်ခဲ့သော ပထမမြန်မာနိုင်ငံတော် အနော်ရထာ ဘုရင်မင်းမြတ်၊ ဒုတိယ မြန်မာနိုင်ငံတော် ဘုရင့်နောင်မင်းတရားကြီး၊ တတိယမြန်မာနိုင်ငံတော် အလောင်းမင်း တရားကြီးတို့ အကြောင်းကို လေ့လာသိရှိထားသင့်သည်။
ထိုနည်းတူစွာ ရွှေရောင်လက်ခဲ့သော ခေတ်ကာလများကို သိရှိထားသင့်သလို မြန်မာတို့ကံဆိုးမိုးမှောင်ကျခဲ့ ရသော အချိန်ကာလများကိုလည်း သိရှိထားသင့်သည်။ အထူးသဖြင့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအကြောင်း၊ ဒုတိယစစ်ပွဲနှင့် တတိယစစ်ပွဲတို့အကြောင်းမှသည် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသည့်အကြောင်း များသည် ရင်နာစရာကောင်းပါသည်။ သင်ခန်းစာယူဖွယ်လည်းဖြစ်ပါသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ရ ခြင်းသည် ရှင်မဖြူကျွန်းအရေးမှစတင်သည်။ ရခိုင်နှင့်စစ်တကောင်းနယ်ခြား နတ်မြစ်တွင်ရှိသောမြန်မာပိုင် ရှင်မဖြူကျွန်းကို အင်္ဂလိပ်ပိုင်သော စစ်တကောင်းနယ်ဘက်ပါသည်ဟု စစ်တကောင်းအရေးပိုင်က အထင် ရောက်ပြီး လျှင် အင်္ဂလိပ် အလံစိုက်ထူကာ ကင်းတပ်တည်၍နေသည်။ ထိုအကြောင်းကို ဓညဝတီမြို့ဝန် မဟာ မင်းကြီးကျော်စွာကြားသိသောအခါ အင်္ဂလိပ်အလံသည် ထိုကျွန်းနှင့် မတန်ဟုပြောဆိုနုတ်ပစ်ပြီးလျှင် အင်္ဂလိပ် ကင်းတပ်ကို ဖျက်ဆီးကာ မြန်မာ့ဒေါင်းအလံကိုစိုက်ထူသည်။ စစ်တကောင်း အရေးပိုင်က ဘင်္ဂလား အစိုးရထံသို့ မြန်မာတို့ ထိပါးနှောင့်ယှက်လာကြောင်း စာရေးသား တိုင်ကြားသည်။
အိန္ဒိယဘုရင်ခံချုပ်က အင်းဝစံမြန်မာမင်းဧကရာဇ်ထံ ဤကိစ္စကျေအေးအောင် ပြုလုပ်စေလိုကြောင်း တမန် စေလွှတ်သည်။ အင်္ဂလိပ်တို့သည် တစ်ဖက်က ကျေအေးရန်ပြောသော်လည်း အခြားတစ်ဖက်တွင် နံပါတ် ၂၅ ခြေလျင် တပ်နှစ်တပ်နှင့်အတူ ဖလင်းနက်အမည်ရှိသင်္ဘောနှင့် အခြားသောအမြောက်တင် သင်္ဘောသုံးစင်း ကိုစေလွှတ်၍ မြန်မာအစောင့်မရှိသော ရှင်မဖြူကျွန်းကို သိမ်းပိုက်ပြီး ကျွန်းပေါ်၌ ခံတပ်ဆောက်လုပ်အခိုင် အမာနေလေသည်။ ရေကြောင်းတွင်လည်း သင်္ဘောလေးစင်းဖြင့်စွဲရပ်နေသည်။ နယ်ချဲ့ကုလားဖြူတို့၏ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ကို ဤနေရာတွင် ထင်ရှားစေသည်။ နယ်ချဲ့ရန်အတွက် အရှေ့ဘက်နိုင်ငံ များသို့ ထွက်ခဲ့ကြသော အင်္ဂလိပ်တို့မှာ ဤသို့သောအချက်ကောင်းကို အကြောင်းပြု၍ နယ်ပယ်အသစ် ပိုင်ဆိုင်ရလိုမှု၌ ကြိုးစားအား ထုတ်ကြသည်မှာ ယုံမှားဖွယ်မရှိပေ။
အင်္ဂလိပ်တို့၏ကျူးကျော်ရန်စမှုကြောင့် အင်းဝနေပြည်တော်မှ မဟာဗန္ဓုလနှင့်မြဝတီမင်းကြီးဦးစ ဦးဆောင် သော တပ်များက ရှင်မဖြူကျွန်းသို့ ချီတက်တိုက်ခိုက်ကြရသည်။ ထိုတိုက်ပွဲများတွင် အင်္ဂလိပ်တပ်သား မြောက်မြား စွာပင် သေကျေပျက်စီး၍ လူပေါင်း ၃ဝဝ ကျော်ကို ဖမ်းဆီးရမိသည်။ သေနတ် ၅ဝဝ ကျော်၊ အမြောက်ကြီး နှစ်လက်၊ စစ်မြင်း ၂ဝ၊ ဆင် ငါးစီးရလိုက်ကြောင်း သတင်းစာဆရာဦးသိမ်းမောင်၏ မြန်မာသူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလစာအုပ်တွင် ရေးသားထားသည်။ မြန်မာတို့စစ်ရေးအသာစီးရနေသည်နှင့် အင်္ဂလိပ်တို့သည် ရန်ကုန်ဘက်သို့ လမ်းကြောင်းပြောင်းကာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှစ၍ အင်္ဂလိပ်- မြန်မာပထမ စစ်ပွဲထင်ရှားစွာဖြစ်ပွားသည်။ ယနေ့လူငယ်များ သတိမူသင်ခန်းစာယူကာ မိမိနိုင်ငံကို မျိုးဆက်သစ် တို့ တိုးတက် ချစ်ဖို့ သမိုင်းဖြစ်ရပ်မှန် အချို့အား ရေးသား လိုက်ရခြင်းဖြစ်ပေသည်။ ။