နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် ဆွေးနွေး

နေပြည်တော်  စက်တင်ဘာ  ၂

Coronavirus Disease  2019(COVID-19)ကာကွယ်၊   ထိန်းချုပ်၊  ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား   စုံစမ်း ရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန   ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်စုမွန်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ  Coronavirus  Disease  2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင်  COVID နှင့် ရင်ဆိုင်နေရသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် သေသေချာချာ ထိန်းသိမ်းနိုင်ပါက COVID အန္တရာယ်ကို ကျော်လွှားနိုင်မည်ဟု မှန်းဆနိုင်ကြောင်း၊ ကာကွယ်ဆေးကို တချို့နိုင်ငံများတွင် စတင်ထုတ်နိုင်ပြီဆိုသည့် သတင်းများ ထွက်နေပြီဖြစ်ကြောင်း၊ မည်မျှအထိ သေချာသည်ကို ပြော၍မရသေးကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သေချာစွာ စိစစ်ပြီးမှ သိရှိနိုင်မည် ဖြစ်ကြောင်း၊ COVID  ရောဂါနှင့်ပတ်သက်ပြီး မိမိတို့ စည်းကမ်းရှိစွာ ဆက်လက်ရင်ဆိုင်နိုင်ပါက  ကြာရှည်စွာ ခံစားရမည်မဟုတ်ကြောင်း၊   စည်းမဲ့ကမ်းမဲ့ဖြစ်ပြီး ပြန့်ပွားသွားပါက  ကြာသင့်သည်ထက် ပိုမိုကြာ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်က မိသားစုဝင်များအား ဆက်သွယ်ရာတွင် ဖုန်းဆက်မရသည့် အခက်အခဲမျိုးရှိကြောင်း၊ တစ်ခါတစ်ရံ ဖုန်းဆက်သွယ်ပြောရာတွင် မယုံကြည်ခြင်းများ ရှိကြောင်း၊  Video  Call ဖွင့်၍ ယုံကြည်လာအောင် မိမိတို့၏ ပုံကိုပြရခြင်းမျိုးရှိကြောင်း၊ ကာယကံရှင်များ အနေဖြင့် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံခြင်း ခံရမည်ကို စိုးရိမ်မှုများ ရှိကြကြောင်း၊ မေ ၁၇ ရက် နောက်ပိုင်းတွင် ရန်ကုန်၌ ဒေသတွင်း ကူးစက်မှု မရှိတော့ဘဲ  Flight   Returning, Border Returning များထဲမှသာ တွေ့နေရသဖြင့် အနော တွင်ရှိသည့်  ဆရာဝန်များနှင့် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ Quarantine Centreများပြားလာသည့်အတွက်   ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဝိုင်းဝန်း ကူညီလုပ်ဆောင်ရန်   လိုအပ်ကြောင်း ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မိမိအနေဖြင့်  COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်း ရေးမှူးရုံး အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေကြောင်း၊   တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများအပြင် Contact Tracing  လိုက်သည့် လုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများနှင့် အခြားအုပ်ချုပ်မှု လုပ်ငန်းများ အားလုံးကို ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း၊ ကော်မတီရုံးအဖွဲ့ကို မိမိဦးစီး၍ ပြည်ထောင်စုဝန်ကြီးဌာန ၁ဝ ခုမှ ညွှန်ကြားရေးမှူးများ အပါအဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ မိမိတို့တွင် တာဝန် (၁၁)ရပ်ရှိကြောင်း၊     ယင်းတာဝန်များအတွက် လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ ဖွဲ့စည်းပြီး ၂၄ နာရီပတ်လုံး နေ့ဆိုင်း၊ ညဆိုင်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊   ပြီးခဲ့သည့် ကာလတွင် ပုံမှန်ဝင်ငွေမရရှိသည့်     မိသားစုများကို ရိက္ခာငါးမျိုး ထောက်ပံ့ခဲ့ခြင်းများ ရှိကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများနှင့် နေ့စဉ် Video Conferencing စနစ်ဖြင့် ဆွေးနွေးပြီး အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးကြောင်း။

COVID-19 ဖြစ်ပွားနေသည့်ကာလတွင် အများအသုံးပြုလျက်ရှိသည့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေပြီး လူထုအထိတ်တလန့်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ မလိုလားအပ်ဘဲ လူစုလူဝေးဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်း၊ အချို့နေရာများနှင့် ရပ်ကွက်များ၌ ရောဂါရှိနေသူ ရောက်ရှိနေပြီဆိုသည့်  သတင်းများ ဖြန့်ဝေခြင်း၊ မည်သည့်နေရာတွင် ဆန်၊ ဆီ၊ ဆားများ ဖြန့်ဝေပေးနေပြီး သွားရောက်ယူကြပါဆိုသည့်အတွက်   မလိုလားအပ်ဘဲ လူစုလူဝေးများ ဖြစ်ပေါ်ခြင်းများ ရှိကြောင်း၊ ရောဂါကြောင့်  စိုးရိမ်သောကရှိနေသည့် အချိန်တွင် မလိုလားအပ်ဘဲ စိုးရိမ်သောကများ၊ ကြောက်လန့်မှုများ ပိုမိုလာအောင် အဖျက်အမှောင့်လုပ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍  ပြည်ထဲရေးဝန်ကြီးဌာနရှိ နည်းပညာ ဌာနက အမြဲစောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း။အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ ၈ လပိုင်းအထိ    Website ငါးခု၊ Page ၁၅ ခု၊ Group သုံးခုနှင့် Account   ၃၅ ခု စုစုပေါင်း ၅၈ ခုကို  ပယ်ဖျက်ခဲ့ကြောင်း၊  ဆက်သွယ်ရေးဥပဒေပုဒ်မ  ၆၆(ဃ)ဖြင့်လည်း အရေးယူထားကြောင်း၊ သတင်းအမှန်များ ရရှိအောင် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် Stop COVID-19 Application ကို    လုပ်ဆောင်ထားကြောင်း၊   ယင်း Application နှင့်ပတ်သက်၍ အဆင့်ဆင့် တင်ပြခွင့်ပြုချက် ရယူပြီး စတင်ထုတ်လွှင့်သည့် အချိန်တွင် အသုံးပြုသူ သုံးသောင်းရှိပြီး ယခုအချိန်တွင် ခုနစ်သိန်းအထိ အသုံးပြုလျက်ရှိကြောင်း၊ ယင်း Application ၏ အဓိကအချက်မှာ သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ  ထုတ်လွှင့်ပေးခြင်း ဖြစ်ကြောင်း၊    ကမ္ဘာတွင်ဖြစ်ပေါ်နေ သည့် နောက်ဆုံးသတင်းများ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့်    သတင်းများ၊ သိသင့်သိထိုက်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိအောင်   တင်ပြပေးလျက်ရှိသည့် Application  တစ်ခုဖြစ်ကြောင်း။

မိမိတို့၏ အတွင်းရေးမှူးရုံးအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက Hot Line  ဖုန်းနှစ်လုံးတပ်ဆင်ခဲ့ကြောင်း၊ Hot Line ဖုန်းတပ်ဆင်ရသည့် အကြောင်းရင်းသည် ပြည်သူများတွင်  မည်သည့် အခက်အခဲရှိသည်၊ မည်သည့်ဥပဒေရေးရာ ဖောက်ဖျက်ကျူးလွန်မှုများ       ခံစားနေရသည်ကို သိရှိလိုခြင်းဖြစ်ကြောင်း၊၂၄ နာရီ နေ့ညတာဝန်ပေး၍ သတင်းရယူလျက်ရှိကြောင်း၊  ပေးပို့လာသည့် သတင်းများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊    အများဆုံး ပေးပို့သည့် သတင်းများမှာ မည်သည့်နေရာတွင်   ပြည်ပမှပြန်လာသူ သတင်းမပို့ဘဲ ရောက်ရှိနေသည်၊  မည်သည့်နေရာတွင် တရားဝင်ခွင့်ပြုချက်မရဘဲ ဝိုင်းကျူရှင် ဖွင့်လှစ်နေသည်၊  KTV ဖွင့်လှစ်နေသည် စသည့်သတင်းများဖြစ်ကြောင်း၊  ထိုသို့ ရရှိခြင်းကြောင့်   တရားဥပဒေ စိုးမိုးရေး

အတွက် ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်သည့် အပိုင်းများရှိကြောင်း၊ ထို့ကြောင့် Hot Line   ဖုန်းနှစ်လုံး ဖွင့်လှစ်ထားခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုကြောင်း။

ဗဟိုကော်မတီမှ ညွှန်ကြားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူက တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်း၊ ယင်းမှာ တရားဥပဒေ စိုးမိုးရေးအတွက် များစွာ အထောက်အကူပြုပေးသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့နှင့်  သတင်းတပ်ဖွဲ့များ၏ အကူအညီကို ထိထိရောက်ရောက်ရယူပြီး သတင်းအချက်အလက်များ စုဆောင်းကြောင်း၊  ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာမှု ရှိ၊ မရှိ၊ ဈေးများ အတွင်းသွားလာလှုပ်ရှားမှုများ၊ စားသောက်ဆိုင်များတွင် ထုတ်ပြန်ထားသည်များနှင့်အညီ  ဆောင်ရွက်မှု ရှိ၊ မရှိ၊ ကျောင်းများ ဖွင့်သည့်အချိန်တွင် ကျောင်းသားမိဘများနှင့်    ကျောင်းသား၊ ကျောင်းသူများ   ကျောင်းတက်လာသည့် အနေအထားများ၊ ဘတ်စကားစနစ် တကျ စီးနင်းမှု ရှိ၊ မရှိ စသည်တို့ကို သတင်းရယူကာ အမျိုးသားအဆင့် ဗဟိုကော်မတီကို ပြုစုတင်ပြကြောင်း၊   ထို့ပြင်  အဓိက လက်တွေ့ဆောင်ရွက်ရမည့် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများကို မည်သည့်နေရာ၊ မည်သည့်ရပ်ကွက်တွင် Mask  တပ်ခြင်းများ မရှိကြောင်း၊ Social Distancing လိုက်နာခြင်းမရှိကြောင်းကို ဓာတ်ပုံများနှင့် တကွချပြ၍ သွားရောက်ကြပ်မတ်ရန် အမြဲမပြတ်ညွှန်ကြားခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက ယင်းနေရာများသို့ ချက်ချင်းသွားရောက် ကြပ်မတ်ခဲ့ခြင်းများ ရှိသည့်အတွက်  တရားဥပဒေအရ ထိန်းချုပ်နိုင်ခြင်းများ ရှိကြောင်း။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်     Contact Tracing  လိုက်သည့်နေရာတွင် များစွာ ထိရောက်အရေးပါကြောင်း၊    ရောဂါဖြစ်ပွားမှု အပိုင်းကိုကြည့်ပါက နေရပ်ပြန်များတွင် ဖြစ်ပွားသည်ကို အများဆုံး တွေ့ရှိရကြောင်း၊ Relief   Flight  ဖြင့် ပြန်လည် ဝင်ရောက်လာပြီး ရောဂါကူးစက်မှု အပိုင်းနှင့် နယ်စပ်ဒေသမှ ပြန်လည် ဝင်ရောက်လာပြီး  ရောဂါကူးစက်မှု အပိုင်းတို့ရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍  စနစ်တကျဆောင်ရွက်ခြင်းများရှိပြီး တချို့တွင် စနစ်တကျ မဆောင်ရွက်နိုင်ခြင်းများ ရှိကြောင်း။

စနစ်တကျ ဆောင်ရွက်နိုင်သည့်အပိုင်းမှာ ပြည်ပက ပြန်လည်ဝင်ရောက်လာသူများကို နယ်စပ်ဒေသများတွင် စနစ်တကျ လက်ခံရေးအဖွဲ့များ ဖွဲ့စည်း၍   လက်ခံကြောင်း၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်ဝင်ရောက်လာသူတိုင်းကို မှတ်တမ်းဓာတ်ပုံများ ရိုက်ယူပြီး   ကိုယ်ရေးရာဇဝင်များ ကောက်ယူကြောင်း၊ Contact Tracingစုံစမ်းသည့်အခါတွင် ထိထိရောက်ရောက် အထောက်အကူပြုနိုင်ရန်    ရည်ရွယ်ကြောင်း၊ ထိုသို့ပြန်လည် ဝင်ရောက်လာသူများသည် နယ်စပ်ဒေသတွင် Quarantine ဝင်ရန် သို့မဟုတ် သက်ဆိုင်ရာဒေသသို့ ရောက်ရှိသွားရန် လိုအပ်ကြောင်း၊ ၎င်းတို့ကို လက်ခံရာတွင်    စနစ်တကျဖြစ်စေရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်က တာဝန်ရှိသူများ အနေဖြင့် နယ်စပ်တွင် သွားရောက်စောင့်ဆိုင်းရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိပြီး Quarantine တစ်ခါတည်း ဝင်ရောက်မည်ဆိုပါက ရောဂါဖြစ်ပွားမှု ရှိခဲ့လျှင်လည်း Contact Tracing လိုက်ရန် အခက်အခဲ မရှိနိုင်ကြောင်း။

စနစ်တကျ မဆောင်ရွက်နိုင်သည့် အပိုင်းမှာ မိမိအစီအစဉ်ဖြင့် ဝင်ရောက်လာခြင်း၊ ခိုးပေါက်များမှ ဝင်ရောက်လာခြင်းများ ရှိကြောင်း၊ ထိုသို့ ဝင်ရောက်လာပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း နေထိုင်ကြကြောင်း၊ ယင်းအပိုင်းတွင် မိမိတို့အနေဖြင့် Contact Tracing  စုံစမ်းရန် များစွာခက်ခဲကြောင်း၊     မည်သူတို့နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး မည်သည့်နေရာများ ရောက်ရှိခဲ့သည်ကို သိရှိရန် ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်ရသည့်အပိုင်းများ ရှိကြောင်း။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ရဲလုပ်ငန်းသည် တရားဥပဒေ စိုးမိုးရေးအပြင် Contact Tracing  လုပ်သည့်အပိုင်းတွင် ရဲလုပ်ငန်းစနစ်နှင့်   များစွာထိရောက် ဆက်စပ်မှုရှိသည့်အတွက် အကျိုးသက်ရောက်မှု ရှိပါကြောင်း၊   အမိန့်နှင့် ညွှန်ကြားချက်များ အဆင့်ဆင့်ထုတ်ပြန်ပေးရာတွင်  ပိုမိုစနစ်ကျပြီး ပြည်သူများ အကြားတွင် အသိပညာပေးမှု ပိုမိုကျယ်ပြန့်လာကာ ရောဂါထိန်းချုပ်မှု အပိုင်းတွင် ပိုမိုထိရောက်လာပါကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ရန်ကုန်တောင်ပိုင်းခရိုင်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး   ဦးနေဝင်းအောင်က  Contact Tarcing လိုက်ရသည့် လုပ်ငန်းစဉ်များတွင် အနည်းငယ် စိတ်ပူရကြောင်း၊ လူများသွားလာ လှုပ်ရှားမှုများ     များပြားလာသည့် အတွက် Contact Person  ဖော်ထုတ်မှု နောက်ကျသည်နှင့်အမျှ ထိတွေ့မှုပိုမို များပြားလာမည်ဖြစ်ကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းတွင် ကြေညာချက်ကို ကာယကံရှင်များ သိရှိပြီး လာရောက်ဆက်သွယ်ခြင်းများ ရှိသကဲ့သို့ ရပ်ရွာမှသိရှိပြီး သတင်းပေးသည့်အတွက် စုံစမ်းဖော်ထုတ်နိုင်ခြင်းများလည်း ရှိကြောင်း၊ ယခု Quarantine Center များတွင် ပြည်ပမှပြန်လည် ဝင်ရောက်လာသူများနှင့် ရခိုင်ပြည်နယ်မှ ပြန်လာသူများ ထပ်မံရောက်ရှိလာသည့် အတွက် ContactPerson  များ များပြားလာကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအဆင့် ကိုဗစ်ကော်မတီမှCommunity     Base  Facility Quarantine Center များ ဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်း၊ ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်း Community Base Facility Quarantine Center ၁၂ ခုပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း၊ ပြည်ပမှပြန်လာသူများကို ဘူတာရုံနှင့် အမြန်လမ်း Zero မိုင်တွင် ကြိုဆိုပြီး Facility   Quarantine Center များသို့ ပို့ဆောင်နိုင်ရန် ဆောင်ရွက်ရကြောင်း၊ အခက်အခဲအနေဖြင့် မော်တော်ယာဉ် စက်သုံးဆီ လိုအပ်ချက်ဖြစ်ကြောင်း၊

ရက်ကြာလာသည်နှင့်အမျှ အနည်းငယ် အခက်အခဲဖြစ်လာကြောင်း၊ တိုင်းဒေသကြီးအစိုးအရ အစီအမံဖြင့် ပထမတစ်ကြိမ် ကုန်ကျသည့် ကုန်ကျစရိတ်များကို ပံ့ပိုးကူညီထားကြောင်း ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စစ်တွေမှရန်ကုန်သို့လေယာဉ်ဖြင့် လာရောက်သူများအားလုံးကို ဆက်သွယ်ကြရန် ပြောထားကြောင်း၊ မဆက်သွယ်ပါက ဥပဒေကို ချိုးဖောက်ရာ ရောက်သည့်အတွက် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဥပဒေအရ အရေးယူခြင်းကို  တချို့ကကြိုက်ကြမည်မဟုတ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုးကူးစက်နေသည့် လူဦးရေ ၄ဝဝ ရှိပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်းတွင် ရောဂါတွေ့ ရှိသူ လူသုံးဦးကျော်ပါက Stay at Home လုပ်ကြောင်း၊ သုံးဦးကျော်သည့်မြို့နယ်များသည်လည်း များပြားလာကြောင်း၊ ရန်ကုန်မြို့ နေရာ အများအပြားတွင် stay at Home အစီအစဉ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် နောက်ဆုံးစာရင်းအရ ရောဂါပိုးတွေ့ရှိသူ ၃၉၈ ဦးဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ၄ဝဝ ဖြစ်ကြောင်း၊ အင်းစိန်မြို့နယ်တွင် ၆၂ ဦးနှင့် လှိုင်မြို့နယ်တွင် ၄၉ဦးဖြစ်ပြီး  များပြားလာကြောင်း၊  ထိုသို့ များပြားလာမှုကို ကြောက်ရန် မလိုကြောင်း၊ပို၍ စည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ဥပဒေနှင့် ပတ်သက်၍ တင်းကျပ်စွာ ကိုင်တွယ်ရမည် ဖြစ်ကြောင်း၊   တာဝန်မဲ့သည့် လုပ်ရပ်များကို မနှစ်သက်ကြောင်း၊ ရခိုင်နှင့်စစ်တွေဘက်မှ လာရောက်သည ့်ပုဂ္ဂိုလ်များနှင ့်ထိတွေ့မှုရှိခဲ့ပါက သတင်းပေးရန်နှင့် ထိတွေ့မှုရှိသည့်သူများ အကြောင်း   သိရှိပါကလည်း အသိ ပေးရန် လိုအပ်ပါကြောင်း၊ ယင်းမှာ တိုင်ကြားခြင်းမဟုတ်ဘဲ အများကို ကာကွယ်ခြင်းဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။