ဆိုင်ကယ်ကူရှင်စွပ် တပ်ဆင်သူများ လာ၍ ကူရှင်ချုပ်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ဆိုင်ကယ်ကူရှင်စွပ်ချုပ် လုပ်ငန်း လုပ်ကိုင်သူများ မိုးတွင်းကာလတွင် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆိုင်ကယ်ထိုင်ခုံများမှာ ကြာရှည်အသုံးမခံဘဲ ပေါက်ပြဲလွယ်ခြင်း၊ ချိုင့်ဝင်သွားခြင်းများ အပြင် ဆိုဒ်ကိုက်ညီသော အပိုပစ္စည်း ရှားပါးခြင်းကြောင့် ဆိုင်ကယ်ကူရှင်ချုပ် လုပ်ငန်းဆိုင်များတွင် လာရောက်ပြုပြင်သူများ ရှိသကဲ့သို့ အလှတပ်ဆင်သူများကလည်းလာရောက်ပြုလုပ် လာကြခြင်းဖြစ်သည်။

''ကျွန်တော်တို့  ကူရှင်ချုပ်လုပ်ငန်းက မိုးတွင်းနဲ့ ဆောင်းတွင်းမှာ ပိုအလုပ်ဖြစ်တယ်။ မိုးတွင်းဆိုရင်  ပေါက်ပြဲနေတဲ့ ဆိုင်ကယ်ထိုင်ခုံတွေက မိုးရေဝင်တာကြောင့် လာတပ်ကြတယ်။ ဆောင်းတွင်းပိုင်းဆိုရင်လည်း ညပိုင်းနှင်းတွေကျပြီး ထိုင်ခုံပေါ် စိုနေတတ်တာကြောင့် လာတပ်ကြတယ်။

အခုမိုးတွင်းပိုင်း ကာလကတော့ ကူရှင်အစွပ်တပ်သူ ပိုများပါတယ်။ နွေရာသီဆိုရင်တော့ဆိုင်ကယ်ကူရှင် အစွပ်ချုပ်ရတာနည်းတယ်''ဟု ကူရှင်ချုပ်လုပ်ငန်းများ လုပ်ကိုင်နေသည့်ကလေးမြို့မှ ဦးခင်ပေါင် ကပြောသည်။

ဆိုင်ကယ်ကူရှင်အစွပ် တပ်ဆင်ရာတွင် ပစ္စည်းဖိုး၊ လက်ခအပါအဝင် ဆိုင်ကယ် အမျိုးအစားပေါ်မူတည်၍ တစ်စီးလျှင် ငွေကျပ် ၆ဝဝဝ မှ ၁ဝဝဝဝ အထိ ပေါက်ဈေး ရှိကြောင်း သိရသည်။