
ယမန်နေ့မှအဆက်
ဖိတ်စာများသည် အဖေကြီးကိုယ်တိုင် မန္တလေးသို့သွားအပ်ခဲ့ခြင်းဖြစ်သည်။ အလှူတွင်ပါရမည်ထင်ပြီး ဝမ်းသာပျော်ရွှင်နေသော မောင်ငြိမ်းချမ်းကို မပြောရက်၍ မပြောခဲ့ခြင်းဖြစ်လိမ့်မည်။ ယနေ့တော့ ပြော သင့်သောအချိန်လည်းကျပြီ။ တိုက်ရိုက်လည်း မပြောချင်၍ ဖိတ်စာအဖတ်ခိုင်းပြီး အသိပေးခြင်း ဖြစ်သည်ဟု မောင်ငြိမ်းချမ်းနားလည်လိုက်ပါသည်။
''ဒီကောင် ဘယ်နှတန်းလဲ...'' လူကြီးတစ်ယောက်က အဖေကြီးကိုမေးသည်။
''ဒုတိယတန်းပါ...''စာတောင်တော်တော်သွားနေပြီ။ မေးသူလူကြီးကချီးမွမ်းသော်လည်း မောင်ငြိမ်းချမ်း ဝမ်းမသာနိုင်ပါ။ အဖေကြီးတို့ဝိုင်းမှ ထထွက်လာသောအခါ မောင်ငြိမ်းချမ်း၏ပါးပေါ်မှာ မျက်ရည်များ စီးကျလာပါသည်။ မောင်ငြိမ်းချမ်းမဏ္ဍပ်ထဲသို့ ပြန်မဝင်ချင်တော့ပါ။ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိတော့ပါ။ မျက်ရည်ကျသည်ကိုလည်း သူများမမြင်စေချင်ပါ။ ရွာတောင်ပိုင်းရှိအိမ်သို့ တစ်ယောက် တည်းပြန်လာခဲ့သည်။ လမ်းတွင်မှောင်မိုက်နေ၍ မောင်ငြိမ်းချမ်းလွတ်လပ်စွာ မျက်ရည်ကျနိုင်ပါသည်။ အိမ်သို့ ရောက်သောအခါ အမေကြီး၏ရင်ခွင်မှာခေါင်းအပ်၍ ဝမ်းနည်းစွာငိုမိသည်။ အမေကြီးက ကြင်နာစွာပွေ့ဖက်၍ နှစ်သိမ့်မှုပေးရင်း စိတ်မကောင်းဖြစ်နေသည်။ ''အဖေကြီးရော အမေကြီးရော မင်းဒေါ်လေးကိုပြောပါတယ်။ မင်းဒေါ်လေးကလည်း ထည့်ချင်ပါတယ်။ သူလည်း သူ့ယောကျ်ားကို ပြောပါတယ်။ အစကတော့ သူ့ယောကျ်ားကလည်း မငြင်းပါဘူး။ နောက်တော့ တစ်ယောက်ယောက် ကဖျက်တယ်နဲ့တူပါရဲ့ ငါ့မြေးရယ်။ သူ့သားသမီးကလွဲရင် ဘယ်သူ့မှ မထည့်တော့ဘူးဆိုပြီး စိတ်ပြောင်း သွားတယ်။ ငါ့မြေးစိတ်မကောင်းမှာစိုးလို့ အမေကြီးတို့ မပြောဘဲနေတာ။ မင်းအဖေကြီးလည်း ငါ့မြေးအတွက် တော်တော်စိတ်မကောင်းဖြစ်ရှာတယ်'' ထိုနေ့ညက မောင်ငြိမ်းချမ်းအိပ်၍မပျော်ပါ။ ကွယ်လွန်သွားပြီဖြစ်သောအဖေ့ကို သတိရမိသည်။ အဖေသည် မောင်ငြိမ်းချမ်းကိုသိပ်ချစ်သည်။ အဖေ၏ အစ်ကို ဘကြီးတို့လှူစဉ်က မောင်ငြိမ်းချမ်းတစ်နှစ်အရွယ်သာရှိသေးသည်။ ငယ်လွန်း၍ အလှူမှာ မထည့်ခဲ့ရ။
''ငါ့သားကြီးလာမှ မြင်းကြီးနဲ့ရှင်လောင်းလှည့်ရအောင် အဖေကိုယ်တိုင်လှူဦးမယ်''
ဟု ပြောခဲ့ကြောင်း အမေက မောင်ငြိမ်းချမ်းကိုပြောခဲ့ဖူးသည်။ အခုတော့ အဖေမရှိရုံသာမက အမေပါ နောက်အိမ်ထောင်ပြု၍ မြို့သို့ပြောင်းသွားပြီမို့ မောင်ငြိမ်းချမ်းနှင့် အဝေးကြီးသို့ရောက်နေသည်။ အလှူမှာမပါရ၍ ဝမ်းနည်းရာတွင် အမေ့ရင်ခွင်နှင့်ပါဝေးရ၍ အမေကြီးရင်ခွင်မှာ ဝမ်းနည်းစွာ ငိုမိသည်။ အမေကြီးကလည်း မျက်ရည်မဆည်နိုင်ဖြစ်ရှာ၏။
မိစုံဖစုံလှူခွင့်ကြုံပါစေ
နောက်နေ့မနက်မှာတော့ ဒေါ်လေးတို့အလှူအိမ်ကို မောင်ငြိမ်းချမ်းသွားချင်စိတ်မရှိ ဖြစ်နေသည်။ သွားရမည်ကိုရှက်နေသည်။ ''အလှူအိမ်မှာ ကူညီလုပ်ပေးတာတော့ စေတနာမပျက်ပါနဲ့ ငါ့မြေးရယ်။ စေတနာလေးနဲ့ ကောင်းကောင်း မွန်မွန်သွားလုပ်ပေးလိုက်ပါ။ ဒါမှ ငါ့မြေး နောက်ဘဝမှာ ခုလိုမဖြစ်ဘဲနဲ့ မိစုံဖစုံ အလှူကြီးနဲ့ကြုံရမှာ'' အမေကြီး၏စကားသည် စေတနာပျက်သွားသော မောင်ငြိမ်းချမ်းကို လမ်းကြောင်းမှန်အောင် တည့်မတ်ပေးလိုက်နိုင်ပါသည်။ မောင်ငြိမ်းချမ်းအလှူအိမ်သို့ သွားပါသည်။ ယခင်ရက်များကလိုပင် ကူညီလုပ်ကိုင်ပေးပါသည်။ ကြေးစည်သံတဝေဝေဖြစ်အောင် ကြေးစည် သံပေးပါသည်။ နောင်ဘဝမှာ မိစုံဖစုံလှူခွင့်ကြုံချင်သည်။ သို့သော် သူငယ်ချင်းများနှင့်တော့ မတွေ့ချင်ပါ။ တတ်နိုင်သမျှလွတ်အောင်ရှောင်သည်။ တွေ့လျှင်ယခင်ရက်များက ကြွားထားသည်များမှာ ရှက်စရာ ဖြစ်နေသည်။ အထူးသဖြင့် လှအောင်ကိုမတွေ့ချင်ဆုံးဖြစ်သည်။ တွေ့လျှင် လှအောင် ပြောလိမ့်မည်။ အနည်းဆုံးသူ့မျက်လုံးများက သရော်နေလိမ့်မည်။ ထို့ကြောင့် လူသူများများ မတွေ့နိုင်သောနေရာမှာသာ လုပ်အားပေးရသည်။ အလှူရက်နီးလာသောအခါ ရွာမှလူများ မန္တလေး သို့သွား၍ အဝတ်အစားဝယ်ကြသည်။ အဖေကြီးလည်း မန္တလေးသွားသည်။ ပြန်လာသောအခါ မောင်ငြိမ်းချမ်းအတွက် ပိုးချိပ်လုံချည်တစ်ထည်နှင့် အင်္ကျီအသစ်တစ်ထည်ပါလာသည်။
''ငါ့မြေးကြည့်စမ်း...ငါ့မြေးဖို့ အဖေကြီးဝယ်လာတဲ့ လုံချည်နဲ့အင်္ကျီလေးက သိပ်လှတာပဲ''အဖေကြီးက မောင်ငြိမ်းချမ်းကို နှစ်သိမ့်နေပါသည်။
''ဟယ်...ဟုတ်ပါရဲ့တော် ...လှလိုက်တာ...ငါ့မြေးနဲ့သိပ်လိုက်တာပဲ...''
အမေကြီးက လုံချည်နှင့်အင်္ကျီကို ဖြန့်ကြည့်ပြီးဝမ်းသာအားရပြောသည်။ မှန်ပါသည်။ လုံချည်နှင့် အင်္ကျီက အလွန်လှပါသည်။ သို့သော် မောင်ငြိမ်းချမ်းမပျော်ပါ။ အဖေကြီးက ရိပ်မိ၍ စိတ်မကောင်း ဖြစ်ဟန်တူပါသည်။
''ငါ့မြေး...ဘာမှ စိတ်အားမငယ်နဲ့။ ငါ့မြေးကိုအဖေကြီးကိုယ်တိုင်လှူမယ်... ကြားလားလူလေး'' မခံချင်စိတ်ကြောင့်ထင်ပါ၏။ အဖေကြီး၏ မှုန်ရီသောမျက်လုံးများသည် အရောင်လင်းလက်လာသလို ထင်ရသည်။ သို့သော် အဖေကြီး၏ မျက်နှာပေါ်တွင်ဇရာ၏ အရေးအကြောင်းများအဖြစ် အရေများတွန့် နေကြပါပြီ။
ဆက်လက်ဖော်ပြပါမည်။