ငယ်ဘဝ

ယမန်နေ့မှအဆက်

အလှူအဝင်နေ့နှင့်ရှင်လောင်းလှည့်ပွဲ အလှူအဝင်နေ့ရောက်ပြီ။ ဒေါ်လေးတို့အိမ်ရှေ့မှာ နန်းတော်ကြီးတစ်ခု ပေါ်လာသလို မဏ္ဍပ်ကြီးမှာ ရွှေရောင်တောက်နေသည်။ ရွာသားတို့ လုပ်အားပေးပြီး ဆောက်ထားသည့် မဏ္ဍပ်အကြမ်းကို ပန်းချီဆရာက သူ၏ ရွှေရောင်ပန်းချီကား ချပ်များနှင့် အလှဆင်လိုက်ခြင်းဖြစ်သည်။ မဏ္ဍပ်ဘေးတွင် ထမင်းကျွေးရုံနှစ်ရုံရှိသည်။ ချက်ကြပြုတ်ကြ၊ လုပ်ကြကိုင်ကြ၊ စားကြသောက်ကြနှင့် စည်ကားနေသည်။

ကိုမျိုးတို့ ညီအစ်ကိုနှစ်ယောက်ကို အပျိုကြီးမအေးရင်က သနပ်ခါးလိမ်းပေးနေသည်။ မောင်ငြိမ်းချမ်း ဘေးမှာရပ်ကြည့်နေသည်။ မအေးရင်က ကိုမျိုး၏ပါးပေါ်မှာ ပါးကွက်ကွက်၍ ပါးကွက်ကိုဝန်းရံလျက် သနပ်ခါးစက်ကလေးများ ချပေးနေသည်။

“ငါလည်း  သူ့လိုသာရှင်လောင်းဆိုရင်  သူ့လိုပဲ သနပ်ခါးစက်ကလေးတွေချရမှာ...”

မောင်ငြိမ်းချမ်း၏ မျက်လုံးမှာ မျက်ရည်များရစ်ဝဲလာ၍ ဆက်ကြည့်မနေတော့ဘဲ ထွက်လာခဲ့သည်။

“မြင်းတွေလာပြီတဲ့ဟေ့...မြင်းတွေရောက်လာပြီ တဲ့...”

ကလေးများပြေးသွားနေကြသည်။ ရှင်လောင်းတင်ရန် ငှားလာသောမြင်းများဖြစ်သည်။ ရွာတွင် မြင်းမရှိ။ မောင်ငြိမ်းချမ်းကြည့်ချင်သည်။ ခါတိုင်းလိုဆိုလျှင် အခြားကလေးများထက် ရှေ့ရောက်အောင်ပြေးမိမည်။ ခုတော့ ပြေးချင်စိတ်မရှိ။ ဖြည်းဖြည်းမှန်မှန်လိုက်သွားမိသည်။ မြင်းများမှာ လှအောင်တို့အိမ်ရှေ့တွင် ရပ်ထားခြင်းဖြစ်သည်။ လှအောင်ကိုလှူစဉ်က လှအောင်အဖေနှင့် မြင်းသမားများ ခင်သွားခြင်းကြောင့်ဖြစ်သည်။

“ဟေ့ကောင်...”

မောင်ငြိမ်းချမ်း  မြင်းနှစ်ကောင်ကိုကြည့်နေစဉ် နောက်ကျောကိုရိုက်ပြီး အသံပြုသည်ကြောင့် လှည့်ကြည့် လိုက်သည်။   မတွေ့ချင်မြင်လျက်သားဆိုသကဲ့သို့  လှအောင်ဖြစ်နေသည်။

“မင်းမြင်းမစီးရတော့ဘူးလား...”

လှအောင်၏မျက်နှာက သရော်ပြောင်ချော်ချော်။ မောင်ငြိမ်းချမ်း ခေါင်းယမ်းပြလိုက်သည်။

“ဒါများ...မင်းက မြင်းစီးရမယ်ဆိုပြီး ငါတို့ကို ကြွားနေလိုက်သေးတယ်...”

ကြွားခဲ့စဉ်က သူတို့လည်း ကြားခဲ့ကြ၍ဖြစ်သည်။ မောင်ငြိမ်းချမ်း သူတို့ကို  ဘာမျှပြန်မပြော တော့ဘဲ   မြင်းနှစ်ကောင်ကိုသာ ငေးကြည့်နေလိုက်သည်။

“မင်းကို မင်းဒေါ်လေးတို့က မထည့်ဘူးမဟုတ် လား...”

မဖြေချင်သောမေးခွန်းကိုမှ လှအောင်က ဆက်မေး နေပြန်သည်။ မောင်ငြိမ်းချမ်း သူ့ကိုလှည့်မကြည့်ဘဲ ခေါင်းယမ်းပြလိုက်သည်။ မင်း မြင်းစီးမယ်ပြောတာ မစီးရတော့ဘူးပေါ့... ဟား..ဟား..ဟား

“စီးရမှာပေါ့ကွာ...ငါ့အဖေကြီးက  လှူဦးမှာပါ...”

အဖေကြီးက လှူမည်ပြောထားသည်ကိုသတိရ၍ မောင်ငြိမ်းချမ်း အားကျမခံ ပြန်ပြော လိုက်သည်။

“ပြောပြန်ပြီလား...ငကြွားကြီး..”

လှအောင်၏စကားကြောင့် ကလေးများ ဝိုင်းရယ်ကြပြန်သည်။ ဤနေရာတွင် ကြာကြာ ဆက်နေလျှင် လှအောင်၏မျက်နှာကို လက်သီးနှင့်ထိုးမိတော့မည်။ အဖေကြီးက ရန်ဖြစ်သည်ကို လုံးဝမကြိုက်၍ မောင်ငြိမ်းချမ်းထွက်လာခဲ့သည်။

နောက်ဘက်မှာ ရယ်သံများကျန်နေခဲ့သည်ကို မောင်ငြိမ်းချမ်းကြားလိုက်ရသေး၏။ ရှင်လောင်း လှည့်ခါနီးပြီ။ ရွာလူကြီးများက မဏ္ဍပ်ရှေ့တွင် လူတန်းကြီးကို စနစ်တကျဖြစ်အောင် စီစဉ် နေရာချနေ၏။ ကိုမျိုးတို့ညီအစ်ကို   မြင်းပေါ်ရောက်နေကြပြီ။

ဦးသျှောင် စလွယ်လက်စည်း၊ ရှင်လောင်းဝတ်စုံများကို လှပစွာဝတ်ဆင်ထားကြသည်။ ကိုမျိုးရော  အငယ်လေးပါ ကြည့်၍သိပ်လှသည်။ မောင်ငြိမ်းချမ်းလည်း ပါခွင့်သာရခဲ့လျှင် ဤအချိန်မှာ မြင်းကြီးစီးနေရမည်။ မြင်းထိန်းများက အစမ်းလေ့ကျင့်ရင်း ရွှဲတိုက်နေကြ၍  ဝါးဝါးပွဲကျနေကြသည်။ ဗြောအဖွဲ့ကလည်း မြိုင်ဆိုင်စွာ တီးမှုတ်နေကြပြီ။ ဗြောသမားများ တက်ကြွသလောက် ဗြောမင်းသားက ကွေးအောင်ကနေ၏။

အားလုံးအဆင်သင့်ဖြစ်သောအခါ ရှင်လောင်းလှည့်ပွဲ စတင်ပါသည်။ ရှင်လောင်းလှည့်ပွဲကို မောင်ငြိမ်းချမ်းအစအဆုံး လိုက်ကြည့်ပါသည်။ အများဆုံးကြည့်ဖြစ်သည်ကတော့ မြင်းကြီးစီးနေ ကြသော ရှင်လောင်းနှစ်ယောက်ကိုဖြစ်ပါ သည်။

အဖေကြီးအလှူ ဒေါ်လေးတို့အလှူပြီး၍ ကျောင်းပြန်တက်သောအခါ လှအောင်အတွက် မောင်ငြိမ်းချမ်း  နိုင်ကွက်ကောင်း ကောင်းရသွားသည်။  လှအောင်ကို အစကပင် အထင်ကြီး နေကြသော စိန်ထွေးနှင့်အေးခင်တို့ကလည်း မောင်ငြိမ်းချမ်းကို သရော်လိုသောမျက်လုံးများနှင့် ကြည့်ကြသည်။ ကြွားသောလှအောင်ကို ကြွားသည် မထင်ဘဲ ကြွားခွင့်မရသော မောင်ငြိမ်းချမ်း ကို လူကြွားထင်နေကြသည်။

“အဖေကြီးက  ငါ့ကိုလှူဦးမှာပါကွ” ဟု  ပြောသည်ကိုလည်း   ဘယ်သူကမှမယုံ။ လှူခါနီး အဖေကြီး ငါးခြောက်များဝယ်လာမှ ယုံကြသည်။ ထိုအခါကျမှပင် မောင်ငြိမ်းချမ်း ရဲရဲဝံ့ဝံ့ ကြွားနိုင်တော့သည်။

“တွေ့လား...အလှူမှာကျွေးဖို့ ငါးခြောက်တွေ တောင်ဝယ်လာပြီ။  ငါလည်း မြင်းကြီးစီးရတော့မှာ ပါကွ...”

လှအောင် ဘာမျှ ပြန်မပြောနိုင်တော့ပါ။ “နင်တို့အလှူကျ ရှင်လောင်းလှည့်ရင် ငါတို့ တံခွန် လုံးကိုင်ချင်တယ်ဟယ်...”

စိန်ထွေးနှင့်အေးခင်က မောင်ငြိမ်းချမ်းကို ချဉ်းကပ် လာကြသည်။

“အေး...စိတ်ချ၊ နင်တို့ကိုင်ရမယ်...”   ဆက်လက်ဖော်ပြပါမည်။