
ယမန်နေ့မှအဆက်
''ဖေဖေ သမီးပြောခဲ့တာတွေ ဆိုခဲ့တာတွေကို ခွင့်လွှတ်ပါ ဖေဖေရယ်။ ဒါကိုတော့ သမီး သဘောမတူပါရစေနဲ့''
''ဟုတ်ပါတယ် အန်ကယ်။ ကျွန်တော်တောင်းပန်ပါတယ်''
ကိုသန်းနိုင်က ဇနီးနှင့်သမီးကို ညင်သာစွာ တွန်းဖယ်၍ ထရပ်သည်။
သူက နှုတ်ထွက်စကားတိုင်း လုပ်ကိုင်ရန် ဆုံးဖြတ်ပြီးပေပြီ။ သူ၏ရည်ရွယ်ချက်က လေးနက်သလို ဆုံးဖြတ်ချက်ကလည်း ခိုင်မာပေသည်။
''ကိုသန်း ကိုသန်း၊ အရီပြောတာ နားမဝင်တော့ဘူးလားဟင်။ အရီ့မှာ ကလေး ရှိနေတယ်ဆိုတာကိုလည်း သတိထားပါဦး ကိုသန်းရယ်''
''ကိုယ့်အသက်အာမခံ နှစ်သောင်းရှိနေသားပဲ အရီ။ ဘာပူစရာရှိလဲ၊ ဒီသမီး ဒီသမက်နဲ့အတူ လုပ်ကိုင် စားသောက်ပေါ့''
''မဟုတ်ဘူး မဟုတ်ဘူး။ သမီးတောင်းပန်မရရင် အတင်းလိုက်ဖျက်မယ်။ ဖေဖေ ဖေဖေ၊ သမီး နောက်ကို ရိုရိုသေသေ ဆက်ဆံပါတော့မယ် ဖေဖေရယ်''
''အားလုံးကို သနားသင့်ပါတယ် အန်ကယ်။ ကျွန်တော်ဒါကို သဘောမတူဘူး''
''ကဲဟေ့ ဖယ်ကြစမ်း''
ကိုသန်းနိုင်သည် အမှတ်မဲ့ရုန်းထွက်ကာ အိမ်ပေါ်မှ ပြေးဆင်းသွား၏။
''ဖေဖေ''
''ကိုသန်း''
ပန်းနှင့် မခင်ရီတို့က အော်ခေါ်ရင်း ပြေးလိုက်ကြသည်။ နောင်အေးသည်လည်း နောက်မှကပ်ပါလာ၏။
နောင်အေးသည် ကိုသန်းနိုင် ကားရှေ့မှ ပိတ်ရပ်နိုင်အောင်ကြိုပြေးသည်။ သို့သော် ကားက ထွက်သွားပေပြီ။
''ကဲ လိုက်ရအောင် သမီး၊ တက်''
မခင်ရီက ပန်းနှင့်နောင်အေး၏ ကားဆီသို့ ပြေး၏။
နောင်အေးက ကားတံခါးကို ဖွင့်ပေးပေမယ့် ကားပေါ်သို့မတက်ပေ။
''အခုနေလိုက်သွားရင် ပိုရှုပ်ကုန်လိမ့်မယ်အန်တီ။
ဖြောင့်ချက်ပေးတဲ့လူက ကျွန်တော်သတ်ပါတယ် ဖြောင့်ချက်ပေးရင် ဘာပဲဖြစ်ဖြစ် လက်ငင်းတော့ သူတို့ဖမ်းထားမှာပဲ။ အဲဒီအခါမှာ သွားပြောတာထက် ဝတ်လုံကောင်းကောင်းနဲ့ ငွေအားတောင့်တောင့်နဲ့ ဆောင်ရွက်တာဟာ ထိရောက်လိမ့်မယ် ထင်တယ်
အန်တီ။ အခုနေလိုက်သွားလည်း မလွတ်မယ့်အတူတူ အပြင်ကနေပြီး ကျွန်တော်တို့ အကောင်းဆုံး ဆောင်ရွက်ကြပါစို့ အန်တီရယ်''
မခင်ရီသည် မည်သို့မျှမပြောတတ်တိုင်း သမီးကို ဖက်၍ငိုနေတော့သည်။
''အန်တီ လိုက်ချင်တယ်ဆိုရင်တော့ ကျွန်တော် လိုက်ပို့ပါ့မယ်''
''ဟုတ်ပါတယ် မေမေရယ်။ ဖေဖေ အဖမ်းခံပြီးခါမှတော့ကို လိုက်ပြီး ဇယားမရှုပ်ပါစေနဲ့တော့နော်၊ မေမေနော်''
ပန်းသည် မိခင်ကိုတွဲ၍ ကားပေါ်မှပြန်ဆင်းသည်။
နောင်အေးကလည်း ကူ၍ မခင်ရီအားတွဲ၏။
သို့စဉ်တွင် ခြံထဲသို့ ကားတစ်စီး ဝင်လာပြန်ပေသည်။
ကိုယ့်အမှားကို ကိုယ်စဉ်းစားမိ၍ ကိုသန်းနိုင် ပြန်လာသလားဟု ဝမ်းသာအားရ လှမ်းကြည့်မိသော နောင်အေးမှာ မျက်လုံးပြူးသွားသည်။
ဝင်လာသောကားမှာ နောင်အေးမိခင် ဒေါ်လှမြတ်မင်းကို တင်ဆောင်လာသော ကားပေတည်း။
''ဟာ မေမေပါကလား''
နောင်အေးသည် ညည်းတွားသံဖြင့် ရေရွတ်ရင်း နောက်ကြောင်း လှည့်လိုက်စဉ် ကားပေါ်မှ ဒရိုင်ဘာ အပြေးအလွှားဆင်း၍ နောက်ခန်းတံခါးကို ဖွင့်ပေးပြီး ခါးကုန်းနေခိုက် အသက် ၆ဝ အရွယ် မိန်းမကြီးတစ်ယောက် ကားပေါ်မှဆင်းလာ၏။ ဒေါ်လှမြတ်မင်း။
ဒေါ်လှမြတ်မင်းသည် ဖြူဖြူဝင်းဝင်းကြီးတည်း။
ပါးရေများသည် ပြောပလောက်အောင် မတွန့်သေး။
ဆံပင်များသည် ဆေးမဆိုးရဘဲ နက်မှောင်ရုံးဖွဲ့နေဆဲ။
ပါးမခွက်သဖြင့် သွားများ စုံလင်ကောင်းမွန်ဆဲဟု ယူဆရ၏။
ဒေါ်လှမြတ်မင်း၏ မျက်နှာသည် နောင်အေးလို သွယ်သွယ်လျလျတည်း။ စိန်ဆံထိုး၊ စိန်လက်ကောက်၊ စိန်နားကပ်၊ စိန်ဆွဲကြိုးနှင့် စိန်ဘီးတို့ကြောင့် မာကျောသည်လား ခက်ထန်သည်လားမသိ။ ရပ်နေသော လူသုံးယောက်ကို တည့်တည့်မကြည့်၊ မော်သောမျက်နှာက မျက်လွှာချယောင်ပြုလျက် လှမ်းကြည့်ကာ စက်ဆုပ် ရွံရှာသောအသွင်၊ အဖက်မလုပ်ချင်သော အသွင်၊ ကြည့်ရသည်မှာ မျက်လုံးသနသည်မှတ် ပိုက်သောအသွင်ဖြင့် နီးကပ်လာ၏။
''မေမေ ဘာဖြစ်လို့ လိုက်လာတာလဲ ဟင်''
နောင်အေးက သိပ်ပြီး နှစ်နှစ်ကာကာ မရှိဟန်ဖြင့် ဆီးမေးသည်။
''လိုက်ချင်လို့ လိုက်လာတယ်လေ။ ဘာပြောချင်သေးလဲ''
မာနသံက ထင်ရှားစွာပင် ပေါ်လာ၏။
''သြော်...ဟဲ ဟဲ။ အန်တီ၊ ပန်း၊ ဒါ ကျွန်တော့် မေမေလေ''
''ဟုတ်ကဲ့ရှင်။ တွေ့ရတာ ဝမ်းသာပါတယ်ရှင်၊ အိမ်ပေါ်သို့ကြွပါ''
''နေပါစေ''
မခင်ရီက ပူပန်သောက ရောက်နေပါလျက်က ကြိုးစားပြုံးရယ်ကာ အတတ်နိုင်ဆုံးသော အေးချမ်းသော အသံဖြင့် လောကဝတ်ပြုပေမယ့် ဒေါ်လှမြတ်မင်းက တင်းတင်းမာမာဆို၏။
ဆက်လက်ဖော်ပြပါမည်။