ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်းက အာမခံလိုက်၍   စိန်ထွေးနှင့် အေးခင် ဝမ်းသာနေကြသည်။  ထိုနေ့မှစ၍ လှအောင်နှင့် မောင်ငြိမ်းချမ်းတို့ စကားငြင်းတိုင်း စိန်ထွေးနှင့်အေးခင်က မောင်ငြိမ်းချမ်းဘက်မှ ဖြစ်လာသည်။ မောင်ငြိမ်းချမ်းမျက်နှာပွင့်နေသည်။ အလှူမျက်နှာကြီးလှပါပေ၏။

အဖေကြီးကိုယ်တိုင် မန္တလေးသို့သွားပြီး ဖိတ်စာရိုက်သည်။ ဖိတ်စာရသောနေ့တွင် အဖေကြီးက မောင်ငြိမ်းချမ်းကို အဖတ်ခိုင်းပြန်သည်။ ပုံနှိပ်စာလုံးနှင့်ရိုက်ထားသော ကိုယ့်နာမည်ကို တွေ့ရသောအခါ မောင်ငြိမ်းချမ်း၏ အသံပိုကျယ်သွားသည်။ မောင်ငြိမ်းချမ်းဝမ်းသာ ပျော်ရွှင်နေ သည်။

မောင်ရှင်လောင်း သစ်ပင်မတက်ရ။ တောထဲမထွက်ရဆို၍ မောင်ငြိမ်းချမ်း သစ်ပင်မတက်၊ တောမထွက်ဘဲ အိမ်မှာသာနေသည်။ လုပ်စရာရှိသမျှ သွက်လက်စွာ ကူညီလုပ်ကိုင်နေသည်။ အဖေကြီးက မောင်ငြိမ်းချမ်းကို ဘုန်းတော်ကြီးကျောင်းသို့ ခေါ်သွားသည်။ သင်္ကန်းတောင်း ကျက်နိုင်ရန် ဘုန်းတော်ကြီးကို လျှောက်ထားပေးသည်။ ဘုန်းကြီးက သင်္ကန်းတောင်း ရေးပေးသည်။ အသံထွက်မှန်အောင်ချပေးသည်။ မောင်ငြိမ်းချမ်းက စိတ်ပါလက်ပါ ကြိုးစား၍ တစ်ခေါက်စီချပေးရုံနှင့် အသံထွက်မှန်သွားသည်။ အိမ်ပြန်၍ ကျက်ခွင့်ပြုလိုက်သည်။  

အလွတ်ကျက်ချင်ခဲ့သော သင်္ကန်းတောင်းကို မောင်ငြိမ်းချမ်း တကယ်ကျက်ခွင့်ရပါပြီ။  စိတ်ပါနေချိန်ဖြစ်၍ အမြန်ကျက်ပြီး အမြန်ရသွားသည်။  အလှူရက်နီးလာပြီ။ မဏ္ဍပ်လည်း မဆောက်သေး၊ ကြေးစည်တီးချင်လှပြီ။

“အဖေကြီး မဏ္ဍပ်ဘယ်တော့ဆောက်မလဲ...”

မောင်ငြိမ်းချမ်း မနေနိုင်တော့၍ အဖေကြီးကို  မေးကြည့်သည်။

“မဏ္ဍပ်တွေဘာတွေက ပကာသနတွေပါ ငါ့မြေးရာ။ အဖေကြီးက ပကာသနအလှအဖြစ်နဲ့ မင်းဦးလေး ငယ်ငယ်က အကြီးအကျယ်လှူပြီးပါပြီ။ စိတ်မောလူမောလည်း ရှိပါတယ်။ ငွေကူခံတော့ အလှူကမစင်ကြယ်ပါဘူး။ အခု ငါ့မြေးကိုလှူမှာကမှ တကယ့်စစ်မှန် မြင့်မြတ်တဲ့ အလှူ၊ ငွေကူလည်းမခံဘူး...”

“ဒါဖြင့်     မဏ္ဍပ်မဆောက်တော့ဘူးလား အဖေကြီး...”

“မဆောက်ပါဘူး ငါ့မြေးရယ်...။ ဘာလုပ်ဖို့လဲ မဏ္ဍပ်ငှားရ၊ ဘာငှားရနဲ့ ပိုက်ဆံအပိုကုန်ပါတယ်...”

“ဒါဖြင့်   မန္တလေးဆိုင်းလည်း   မငှားတော့ဘူးလား...”

“ဘာဆိုင်းမှ မငှားပါဘူး လူလေးရာ...ဒါတွေလည်း အပိုအလုပ်တွေပါ”

“ရှင်လောင်းတော့  လှည့်ဦးမှာ   မဟုတ်လား အဖေကြီး...”

မောင်ငြိမ်းချမ်း စိုးရိမ်စွာမေးလိုက်သည်။

“မလှည့်ပါဘူး လူလေးရယ်...ဒါတွေလည်း အပို အလုပ်တွေပါပဲ”

“ခင်ဗျာ...”

မောင်ငြိမ်းချမ်း အထိတ်တလန့်ဖြစ်သွားသည်။ ရှင်လောင်းမလှည့်လျှင် မြင်းစီးရတော့မည် မဟုတ်။  ရွှေထီးလည်းမဆောင်းရ။ ပါးပေါ်မှာ သနပ်ခါးစက် ကလေးများနှင့်လည်းဝေးပြီ။ ပိုဆိုးသည်က စိန်ထွေး နှင့်အေးခင်ကို ပေးထားသည့်ကတိပျက်ပြီ၊ တံခွန်လုံး ကိုင်ရတော့မည် မဟုတ်။ ဤအကြောင်းကို လှအောင်သိလျှင် အကြီးအကျယ်အရှက်ကွဲတော့မည်။ ပြော၍ ပြီးတော့မည်မဟုတ်။

“ရှင်လောင်းတော့လှည့်ပါဦး အဖေကြီး ကျွန်တော် မြင်းစီးချင်လို့ပါ”

မောင်ငြိမ်းချမ်းက သူ့ရင်ထဲမှ ဆန္ဒကိုထုတ်ဖော်ပြောလိုက်သည်။

“သြော်လူလေးကလည်း အပိုအလုပ်တွေ ဘာလို့လုပ်ရမှာလဲ။ သီရိဓမ္မာသောကမင်းဆိုတာ ရေတွင်း ပေါင်းရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်း လေးထောင်၊ စေတီပေါင်း ရှစ်သောင်းလေးထောင် လှူခဲ့တဲ့ဘုရင်ကြီးပဲ။ သိပ်ချမ်းသာတာပေါ့။ ဒါပေမဲ့ သူ့သားတော်နဲ့ သမီးတော်ကိုလှူတော့ မဏ္ဍပ်ဆောက်တာတွေ၊ ရှင်လောင်းလှည့်တာတွေ၊ ဆိုင်းငှားတာတွေ ဘာမှ မလုပ်ပါဘူး။ ဘုန်းကြီးကျောင်းသွားပြီး  သင်္ကန်းဝတ်ပေးလိုက်တာပါပဲ”

မောင်ငြိမ်းချမ်းနားလည်သွားပါပြီ။ အဖေကြီးက အများလုပ်သလို ခမ်းနားကြီးကျယ်သော အလှူမျိုး လုံးဝမလုပ်ဘဲ ဘုန်းကြီးကျောင်းမှာ ကျွေးမွေးလှူဒါန်းပြီး သင်္ကန်းဝတ်ပေးတော့မည် ဖြစ်သည်။

“မြင်းငှားတာပိုက်ဆံသိပ်မကုန်ပါဘူး အဖေကြီး။ လှအောင်တို့အလှူတုန်းကငှားတာ တစ်ဆယ်ပဲ ပေး ရတယ်တဲ့။ ကျွန်တော်ရှင်လောင်းလှည့်ချင်တယ် အဖေကြီး...”

“ငါ့မြေးက မြင်းငှားခပဲကြည့်တာကိုကွ။ ရှင်လောင်းလှည့်မယ်ဆိုရင် မဏ္ဍပ်ဆောက်ရမယ်။  မဏ္ဍပ်ငှား ရမယ်။ အလှူဝင်နေ့ ညနေနဲ့အလှူနေ့  မနက်ပါ  ထမင်းနှစ်နပ်ကျွေးရမယ်။ အဲဒါဆိုရင်  ငွေကအများကြီးကုန်မယ်။ အဖေကြီးတို့မှာ ငါ့မြေးကို  ရှင်ပြုပေးချင် လွန်းလို့ လုပ်ရတာ။  စုဆောင်းထားသမျှ ငွေငါးရာ နဲ့ဆိုတော့ ဒီလောက်ပဲ လုပ်နိုင်တာမို့ပါ။ အဖေကြီးတို့  အမေကြီးတို့ အသက်ကြီးပြီဆိုတော့ သူများဆီကလည်း ချေးငှားပြီး စိတ်မောကိုယ်မော မလုပ်ချင်တော့ပါဘူး။  စိတ်အေးချမ်းသာနဲ့ပဲ   ငါ့မြေးကို  ရှင်သာမဏေအဖြစ်  သာသနာ့ဘောင် သွတ်သွင်း တဲ့အလှူအစစ်လှူချင်တယ်။ ငါ့မြေးက အဖေကြီးတို့ ကုသိုလ်ရအောင် တကယ့်ရှင် သာမဏေအစစ် ဖြစ်စေချင်တယ်။    ငါ့မြေးကသိတတ်ပါတယ်။ မောင်ငြိမ်းချမ်းအဖေကြီးကို ဘာမျှမပြောတော့ပါ။ အဖေကြီးကြိုက်သလို လှူပါစေ။ အဖေကြီးစကားကို နားထောင်တော့ မည်ဟု ဆုံးဖြတ်လိုက်သည်။ မျက်စိထဲမှာတော့ စိန်ထွေး၊ အေးခင်နှင့် လှအောင် တို့သုံးယောက် ပေါင်းပြီး သရော်လှောင်ပြောင်ကြမည်ကို မြင်ယောင်နေသည်။

ကိုရင်လူထွက်လျှင်  ကျောင်းသို့ပြန်မလာချင်။ ဝေးရာသို့ထွက်ပြေးလိုက်ချင်သည်။

ဆက်လက်ဖော်ပြပါမည်။