တာဝန်ယူမှု တာဝန်ခံမှု တာဝန်သိမှု

လူတို့သည် မွေးဖွားလာသည်မှ အသိပညာ၊ အတတ်ပညာရလာကြပြီးနောက် မိမိတို့၏ အရည်အချင်း၊ ဝါသနာအလိုက် ကဏ္ဍစုံတွင် ရာထူးမျိုးစုံဖြင့် ကျင်လည်နေကြရသည်။ တပ်မတော်တွင်လည်း သူ့အဆင့်နှင့်သူ တာဝန်ထမ်းဆောင်ကြရသလို နိုင်ငံတော်၏ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်း စသည်ဖြင့် ဌာနတိုင်းတွင်လည်း သူ့ရာထူးအဆင့်အလိုက် ထမ်းဆောင်ကြသည်မှာ အရှိတရားဖြစ်သည်။ ထိုသို့တာဝန်ထမ်းဆောင်ခြင်း၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ နိုင်ငံတော်အတွက်သာဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အေးချမ်းသာယာရေး စသည့်ရည်မှန်းချက်များဖြင့်သာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် မိမိတို့သည် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြ ရပေမည်။ မိမိ၏တာဝန်အတွက် ချမှတ်ထားသောစည်းကမ်း၊ နည်းလမ်းများအတိုင်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရပေမည်။ စည်းကမ်းနှင့်ပတ်သက်လာလျှင် တစ်လက်မမှ လျှော့ပေးခြင်းမျိုး မပြုသင့်ပေ။ တပ်မတော်သားတို့အနေဖြင့် တပ်တိုင်း၊ ရဲဘော်တိုင်းတွင် ရှိရမည့် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု အခြေခံအရည်အချင်း ငါးပါးသည် အဓိကဖြစ်သည်။ စိတ်ဓာတ်ကောင်းမှစည်းကမ်းရှိမည်။ စည်းကမ်းရှိမှသစ္စာရှိမည်။ သစ္စာရှိမှလည်း စည်းလုံးညီညွတ်မှုရှိပေမည်။ ထိုအခါ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တို့ ပြည့်ဝပြီးသား ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် တပ်မတော်သားတို့နှင့် ပတ်သက်လျှင်

တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုဟူသောစကားများကို ထူးထူးထွေထွေပြောရန် မလိုအပ်တော့ပေ။ တပ်မတော်သားတို့သည် လေ့ကျင့်သားပြည့်ဝမှုကြောင့်လည်း ထိုအရည် အချင်းများနှင့် ပြည့်စုံနေသည်ဟု ဆိုနိုင်သော်လည်း မည်သူမဆို၊  မည်သည့်ဝန်ထမ်းမဆို မိမိတို့၏ စိတ်ဓာတ်ကို ပြုပြင်လျှင်ရနိုင်သည်။ အဆင့်လိုက် တာဝန်ယူလျက်ရှိရာတွင် မိမိတာဝန်ကို မိမိကျေပွန်ခြင်းသည် ဂုဏ်ယူစရာဖြစ်ပေသည်။ မြန်မာ့သမိုင်းတွင် ဂုဏ်ယူဖွယ်၊ အတုယူဖွယ်ကောင်းသော တာဝန်ထမ်းဆောင်မှု ဖြစ်ရပ်များစွာရှိခဲ့သည်။ သာလွန်မင်းကြီး လက်ထက်တွင် ဗညားကျန်းတောအမည်ရှိသော ဝန်ကြီးတစ်ဦးရှိခဲ့သည်။ ဝန်ကြီးတွင် သားနှစ်ယောက်ရှိသည်။ တစ်ခါသော် ဗညားကျန်းတောမရှိခိုက် သားနှစ်ယောက်ကို လွှတ်တော်ကခေါ်၍ ဘွဲ့အမည်ပေးနှင့်၏။ သားနှစ်ယောက်လည်း ဖခင်ဝန်ကြီးပြန်လာ၍ ဝမ်းမြောက်ဝမ်းသာနှင့် ပြန်ပြောကြသည်။ ထိုအခါ ဗညားကျန်းတောက “ သင်တို့ဘွဲ့အမည်ရ ထိုက်အောင် တစ်စုံတစ်ခုမျှမပြုရသေး။ သင်တို့အမှုထမ်း၍ ခွေးတစ်ကောင်ကိုမျှ မရနိုင် သေးချေ။ မတန်ဘဲနှင့်ယူခြင်းသည် ရှက်ဖွယ်ဖြစ်သည်။ မတန်သည်ကိုမလိုချင်နှင့်။ ပြန်၍ပေးလေ” ဟုဆိုလေသည်။ သားများကဘွဲ့ကိုပြန်၍ပေးလိုက်ရသည်။

တစ်ခါသော် ဝန်ကြီးဗညားကျန်းတောသည် စစ်ကိုင်းတွင် ညဉ့်နက်အောင်နေပြီးမှ အင်းဝမာရ်အောင် တံခါးသို့လာ၍ “ဝန်ကြီးစစ်ကိုင်းက ရောက်လာသည်။ တံခါးဖွင့်ပါ” ဟု လူတစ်ယောက်ကို အပြင်ကပြောဆို ခိုင်းလိုက်သည်။ ထိုအခါ တံခါးမှူးက “သန်းခေါင်ဝန်ကြီးကို ငါမတွေ့ဖူးချေ။ အချိန်မဲ့ဝင်လိုလျှင် မြို့ဝန်ထံမှာ စာခံ၍ပြလှည့်ပါ” ဟု ပြန်လည်ပြောဆိုသည်။ ဗညားကျန်းတောကလည်း “ငါဝန်ကြီးရောက်လာသည်ကို နင်အဘယ်ကြောင့် တံခါးမဖွင့် သနည်း” ဟု ပြောဆိုပြန်သည်။ တံခါးမှူးကလည်း “ထွက်၍သွားစဉ်က ငါဘယ်အချိန် ပြန်ရောက်မည်ဟု အမှာအထားလည်းမရှိ သို့မဟုတ် စောစောတင်ကြိုလူလွှတ်၍ လည်း အပြောအဆိုမရှိ၊ ဝန်ကြီးအင်္ဂါနှင့်မညီ၊ ဝန်ကြီးဟုတ်မည်မထင်၊ ဤသို့စည်းမဲ့ကမ်းမဲ့ဖွင့်ပေးက  သူပုန်သူကန်တို့  ဝန်ကြီး အယောင်ဆောင်သော် အကျိုးမယုတ်လော၊ မဖွင့်နိုင်”ဟု ရဲဝံ့စွာ ပြောဆိုလေသည်။

ဗညားကျန်းတောလည်း မာရ်အောင်တံခါးမှ ဝင်၍မရသောအခါ အောင်ထွန်းတံခါးဘက်သို့ သွားလိုက်ပြီး အောင်ထွန်းတံခါးမှူးအား မာရ်အောင်တံခါးမှူးကို ပြောသကဲ့သို့ပြောဆိုကာ တံခါးဖွင့်ခိုင်းလိုက်သည်။ အောင်ထွန်းတံခါးမှူးက မဆိုင်းမတွပင်တံခါးဖွင့်ပေးလိုက်သဖြင့် ဝန်ကြီး ဗညားကျန်းတော နန်းတော်အတွင်းသို့ ပြန်ဝင်ခွင့်ရရှိသွားခဲ့သည်။ မနက်လင်းသောအခါ ဗညားကျန်းတောသည် တံခါးမှူးနှစ်ယောက်လုံးကို ခေါ်လိုက်သည်။ မိမိတာဝန်မိမိကျေပွန်စွာ ထမ်းဆောင်သော မာရ်အောင်တံခါးမှူးကို ဂုဏ်ပြုချီးကျူးစကား ပြောကြားကာ ဆုလာဘ်များ ပေးလိုက်သည်။ တာဝန်မကျေ၊ ဝန်ကြီးလာသည်ဆိုရုံမျှနှင့် တံခါးဖွင့်ပေးခဲ့သော အောင်ထွန်း တံခါးမှူးကို အပြစ်တင်စကားပြောကြားကာ သတိပေးဆုံးမလိုက်သည်။

နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသူအားလုံးသည် မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာပါ ဤဖြစ်ရပ်ကို သင်ခန်းစာယူ၍ ဝန်ကြီးဗညားကျန်းတောနှင့် မာရ်အောင်တံခါးမှူးတို့ကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ဖြင့် မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြ ပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။   ။