သက်ရှိရယ်လို့ ဖြစ်လာပြီဆိုရင် အကြောက်ရဆုံးအရာက အသက်ဆုံးရှုံးရမယ့်အရေးပါပဲ။ လူသားတွေဆိုတာ အသိဉာဏ်ရှိတဲ့ အဆင့်မြင့်သတ္တဝါများဖြစ်တဲ့အလျောက် အသက်ဆုံးရှုံး ရမှာကို ပိုကြောက်ကြသလို အသက်မဆုံးရှုံးရအောင်လည်း အသက်ကယ်နိုင်မယ့် ပညာ တွေကို တွေးတောကြံဆရှာဖွေသင်ယူလာကြပါတယ်။ ဒီလိုအသက်ကယ်နိုင်မယ့် ပညာတွေ ကို လွယ်လွယ်နဲ့မတတ်မြောက်နိုင်ပါဘူး။ အချိန် ကုန်၊ ငွေကုန်၊ လူပန်းနဲ့ အပတ်တကုတ် ကြိုးစားမှသာ တတ်မြောက်နိုင်တာပါ။ ဒါတောင်မှ ဒီပညာတွေကိုအလုံးစုံတတ် မြောက်နိုင် ခြင်းမရှိဘဲ တစ်ဆင့်ထက်တစ်ဆင့် ပိုတိုးလို့ ပညာကိုရှာမှီးရပါသေးတယ်။ တစ်ဖက်မှာလည်း လူ့အသက်တွေကို ကယ်ရသလို တစ်ဖက်မှာလည်း အသက်ကယ်ပညာ ဆက်လက်ရှာမှီးရ သူကို ဆရာဝန်လို့ခေါ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို အချိန်တိုအတွင်း မှန်ကန်စွာချမှတ်နိုင်စေဖို့ ကူညီပေးနေရသူတွေ၊ လူနာတွေကို ပြုစုပေးရသူ တွေကိုတော့ သူနာပြုလို့ခေါ်ပြီး ယေဘုယျအားဖြင့် သူတို့အားလုံးကို ကျန်းမာရေးဝန်ထမ်း တွေလို့ သတ်မှတ်ထားပါတယ်။
ဆရာဝန်အားလုံးဟာ ကျောင်းဆင်းချိန်မှာ ကတိသစ္စာပြုကြပါတယ်။ အဲဒီကတိ သစ္စာတွေထဲ မှာ လူတန်းစားမရွေး၊ အနာရောဂါ မရွေးကုသပေးမယ်ဆိုတဲ့ ကတိသစ္စာ တစ်ခုလည်း ပါဝင် ပါတယ်။အခုလို တစ်ကမ္ဘာလုံးမှာ ဆိုးဝါးတဲ့ကပ် ရောဂါကြီးဖြစ်နေချိန် ဒီကပ်ရောဂါကြီးကို နှိမ်နင်းနိုင်ဖို့နဲ့ လူနာတွေရဲ့အသက်ကိုလုဖို့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးဟာ ရှေ့တန်း ကနေ ကိုယ်တိုင်ကိုယ်ကျပါဝင်နေ ပါတယ်။ဒါဟာ သူတို့ရဲ့ဝါသနာနဲ့ လူ့အသက် တွေကိုကယ်တင်ပေးလိုတဲ့ ပရဟိတစိတ် ဓာတ်ကိုအခြေခံပြီး သူတို့ဆိုထားရတဲ့ ကတိသစ္စာ ကို တည်ကြည်ခြင်းလည်းဖြစ်ပါတယ်။ နိုဗယ်ကိုရိုနာဗိုင်းရပ်က ဒီလူသည် လူဆိုးလား၊ လူကောင်းလားမခွဲခြားဘဲ သတိမေ့ ပေါ့ဆသူတွေ၊ သတိရှိသော်လည်း သူနဲ့အမြဲတစေလိုလို ထိတွေ့နေရသူတွေကို ကူးစက်စေပြန်ပါတယ်။ ကူးစက်ခံရတဲ့ အထဲမှာ ဗိုင်းရပ်တိုက်ဖျက် ရေးရဲ့ ရှေ့တန်း တိုက်စစ်မှူးတွေလည်း မလွတ်ကင်းနိုင်ပါဘူး။
ယနေ့အချိန်အထိ တစ်ကမ္ဘာလုံးမှာ လူပေါင်း ၂၇ သန်းကျော် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံ ထားရပြီး သေဆုံးသူစုစု ပေါင်းကတော့ ၈၉၀၀၀၀ ကျော်ရှိပါတယ်။ မိမိတို့ရဲ့ အရှေ့တောင် အာရှဒေသမှာ ဆိုရင်တော့ သေဆုံးသူအများဆုံးနိုင်ငံက အင်ဒိုနီးရှားနိုင်ငံပါ။ အာရှဒေသ တစ်ခုလုံး မှာဆိုရင်တော့ အိန္ဒိယနိုင်ငံက ဗိုင်းရပ် ကူးစက်ခံရသူကော ဗိုင်းရပ်ကြောင့်သေဆုံး သူကော အများဆုံး နိုင်ငံဖြစ်ပါတယ်။ ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဆရာဝန်တွေလည်း အများအပြားပါဝင်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရတဲ့ ဆရာဝန်စုစုပေါင်း ၁၀၅ ဦး ရှိပါပြီ။ ဗိုင်းရပ်ကူးစက်မှုကို တိုက်ဖျက်နေတဲ့၊ ဗိုင်းရပ်အကြောင်းကို သာမန်လူတွေထက် ပိုသိတဲ့ ဆရာဝန်တွေက ဘာဖြစ်လို့ ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးရတာလဲ။ ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားတဲ့အစောပိုင်း ကာလမှာဆိုရင်တော့ ဒီမေးခွန်းရဲ့အဖြေက တစ်ကိုယ်ရေ သုံး အကာအကွယ်ဝတ်စုံ လုံလောက်မှုမရှိလို့ဖြစ်တယ်ဆိုပြီး ဖြေရမှာပါ။
ဒါပေမဲ့ ဒီကနေ့လိုအခြေအနေမျိုးမှာတော့ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်နဲ့ ဆရာဝန် အင်အားမမျှတဲ့အတွက် ဆရာဝန်တွေဟာ အလုပ်ချိန်ပိုဆင်းရပြီး အနားယူ ချိန်အနည်းငယ် သာရရှိပါတော့တယ်။ ဒါ့အပြင် ကူးစက်မှုအလွန်မြန်ဆန်တဲ့ ဒီဗိုင်းရပ်ရဲ့ ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ဆေးရုံတွေမှာ လိုအပ်တဲ့အဆောက်အဦ တွေမရှိခြင်းကလည်း ဆရာဝန်တွေ ကို ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးစေတဲ့ အဓိကအချက်တွေ ဖြစ်လာပါတယ်။ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေရဲ့ အလုပ်လုပ်ချိန်ကို အကောင်းဆုံးစီမံခန့်ခွဲခြင်းနဲ့ ကိုဗစ်-၁၉ လူနာတွေကိုသာ သီးသန့် ကုသနိုင်မယ့်ဆေးရုံတွေ သတ်မှတ် ထားရှိခြင်းကလည်း ကျန်းမာ ရေးဝန်ထမ်းတွေကို ဗိုင်းရပ်ကူးစက်မှု လျှော့ချရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ အင်ဒိုနီးရှား ဆေးပညာအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါက်တာအာဒစ်ခူမေဒီကပြောပါတယ်။
ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာအဆမတန်များပြားခြင်းကလည်းဗိုင်းရပ်တည်ရှိ မှုပမာဏကို လွန်စွာများပြားစေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဘယ်လောက်ပင် ကျန်းမာ ရေး ကောင်းပါစေ၊ ဘယ်လောက်ပင်အကာအကွယ်ဝတ်စုံတွေဝတ် ထားပါစေ ဗိုင်းရပ်တွေနဲ့ အမြဲတစေလို ထိတွေ့နေရတဲ့အတွက် ဗိုင်းရပ်ကူးစက်နိုင် ခြေအမြင့်ဆုံးဖြစ်ပါတယ်။ ဒီအချိန် မှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဘဝနဲ့ ကျန်းမာ ရေးဆိုင်ရာ အခွင့်အရေးတွေဟာ လျစ်လျူရှုခံထားရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအစိုးရတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရမှုရှိတဲ့ လုပ်ငန်းခွင်တွေကို ဖန်တီးပေးပြီး သူတို့ရဲ့လုံခြုံစိတ်ချမှုဆိုင်ရာအခွင့် အရေးတွေကို ကာကွယ်ပေးသင့်တယ်လို့ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က တောင်းဆိုထားတာပါ။
တစ်ချိန်တည်းမှာပဲ အာရှဒေသမှာ ဗိုင်းရပ်ကူးစက်မှု အများဆုံးနဲ့ ဗိုင်းရပ်ကြောင့် လူသေဆုံး မှုအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရှိ ဆရာဝန်တွေကလည်း သူတို့အနေနဲ့ ခြောက်လနီးပါး ဆက်တိုက် မနားမနေ အလုပ်လုပ်နေရတာကြောင့် ခြေကုန်လက်ပန်းကျနေပြီဖြစ်ကြောင်း ပြောလာပါတယ်။ အိန္ဒိယနိုင်ငံမှာ နေ့စဉ်ဗိုင်းရပ်ကူးစက် ခံရသူအရေအတွက်က ဒီရက်ပိုင်း အတွင်း တစ်ရက်တစ်ရက်ကို တစ်သိန်းနီးပါးအထိ မြင့်တက်လာပါတယ်။ စက်တင်ဘာ ၇ ရက်မှာတော့ တစ်နိုင်ငံလုံးမှာ ဗိုင်းရပ်ကူးစက် ခံရသူစုစုပေါင်း ၄ ဒသမ ၂ သန်းကျော်သွား ပါပြီ။ ဒီလိုဗိုင်းရပ်ကူးစက်ခံရသူအရေအတွက် တစ်ဟုန်ထိုးမြင့်တက်လာရခြင်းကလည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် အလွန်ပြင်းထန်တဲ့ ဖိအားများပဲဖြစ်ပါတယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာအရေအတွက် မမျှတတော့တဲ့အတွက် ဝန်ထမ်း အင်အားပြတ်လပ်မှုတွေ နဲ့တောင်မှ ရင်ဆိုင်နေရပြီလို့ဆိုပါတယ်။
နွေရာသီတုန်းက နယူးဒေလီမြို့မှာ နေ့စဉ်ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက် ၁၀၀၀ အောက်သာရှိပေမယ့် အခုတော့ ၃၀၀၀ကျော်အထိမြင့်တက်လာပါပြီ။ ဒီအချိန်မှာပဲ အစိုးရက စီးပွားရေး လုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်လုပ်ကိုင် ခွင့်ပေးလိုက်တဲ့အပြင် မတ်လကနေ စပြီး ပိတ်ထားတဲ့ မြေအောက်မီးရထားလိုင်းကိုလည်း ပြန်ဖွင့်လှစ်လိုက်တာကြောင့် ဗိုင်းရပ် ကူးစက်ခံရသူအရေအတွက်က ဒီထက်မက မြင့်တက်လာပါဦးမယ်။ အထူးသဖြင့် နယူးဒေလီ မြို့ဟာ မြို့တော်ဖြစ်တာနဲ့အညီ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အားကောင်းတာကြောင့် အနီးအနား ပတ်ဝန်းကျင်ကလူတွေကလည်း နယူးဒေလီမှာပဲ လာရောက်ဆေးကုသမှုခံ ယူလေ့ရှိပါတယ်။ ဒါကြောင့် နဂိုကတည်းကမှ ဝန်နဲ့အား မမျှဖြစ်နေတဲ့ ကျန်းမာရေး ဝန်ထမ်း တွေဟာ အလွန်ကြီးမားလှတဲ့ ဝန်ထုပ်ဝန်ပိုးပိပါတော့တယ်။ အိန္ဒိယဆေးပညာ အဖွဲ့ အစည်းရဲ့ ထုတ်ပြန်ချက်အရဆိုရင် တစ်နိုင်ငံလုံးမှာ ဆရာဝန်ဦးရေသုံးသိန်းခွဲရှိတယ်လို့ သိရ ပါတယ်။ အဲဒီထဲကမှ အယောက် ၂၀၀ ဝန်းကျင်ဟာ ဗိုင်းရပ်ကူးစက်ခံရပြီးသေဆုံးသွားပါပြီ။
အရင်ဆုံးဗိုင်းရပ်ကူးစက်ခံရလေ့ရှိတဲ့ ဆရာဝန်တွေကတော့ မိသားစုဆရာဝန်တွေဖြစ်ပြီး သူတို့ဟာ လူနာနဲ့ပထမဆုံးထိတွေ့ ရလေ့ရှိသူတွေဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဆရာဝန် တွေဟာ အနားယူချိန်အပြည့်အဝမရတာကြောင့် သာမန်လူတွေထက်ပိုပြီး ကူးစက်လွယ်နေ ကြတာပါ။ ဗိုင်းရပ်ကူးစက်ခံရ ပေမယ့်လည်း ကံကောင်းလို့ အသက်မသေတဲ့ ဆရာဝန် တစ်ဦးဆိုရင် သူ့အနေနဲ့ ဗိုင်းရပ်ကူးစက်ခံရချိန်မှာ သာမန်လူနာတွေလိုမျိုးပဲ ကြောက်စိတ် ဝင်လာကြောင်း၊ သူဟာအောက်ဆီဂျင် ဒါမှမဟုတ် အသက်ရှူစက်ကူရတဲ့ အခြေအနေ အထိ ရောက်ပေမယ့်လည်း အလွန်စိတ်ဓာတ်ကျရကြောင်း၊ သို့သော် ဆေးရုံကဆင်းပြီး ကောင်းစွာ အနားမယူရသေးခင်မှာဘဲ လုပ်ငန်းခွင်ထဲပြန်ဝင်ပြီး လူနာတွေကို ကုသပေးနေရကြောင်း ပြောလာပါတယ်။
ဆရာဝန်များသည်လည်း မဟာ စွမ်းအားရှင်များမဟုတ်ဘဲ သာမန်လူသားများသာ ဖြစ်သည့် အတွက် သာမန်လူတစ်ယောက်ကဲ့သို့ ကောင်းစွာအနားယူဖို့ အလွန်ကို လိုအပ်လှပါတယ်။ ဒါပေမဲ့လည်း သူတို့ဆိုထားတဲ့ ကတိသစ္စာကို တည်ကြည်လိုသူတွေ၊ သူတို့အသက်ထက် လူနာတွေရဲ့ အသက်ကိုပိုပြီးဦးစား ပေးလိုသူတွေဖြစ်သည့် အလျောက် ဆရာဝန်တွေ၊ သူနာပြုတွေ၊ တခြားကျန်းမာရေးဝန်ထမ်းတွေဟာ နိုဗယ်ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ မားမား မတ်မတ်ရပ်တည်ပေးနေကြတာပါ။ ဒီလိုရှေ့တန်းကနေ ရပ်တည်ပေး နေသူ တွေမရှိတော့ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ဘာတွေဖြစ်လာနိုင်လဲဆိုတာ မတွေးရဲစရာပါပဲ။ ဒါကြောင့် ကမ္ဘာ့ကပ်ရောဂါကြီးပြီးဆုံး သွားဖို့အတွက်ဆိုရင် ကျန်းမာရေး ဝန်ထမ်း တွေရဲ့အင်အားတစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။
အစိုးရဘက်ကလည်း ကျန်းမာရေး ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေကို အပြည့်စုံဆုံး စီစဉ်ပေးရမှာဖြစ်သလို ပြည်သူတွေအနေနဲ့ကလည်း တမင်တကာ ဗိုင်းရပ် ကူးစက်ခံချင်သူ ဘယ်သူမှမရှိဘူး ဆိုပေမယ့် ဗိုင်းရပ်ကူးစက်မခံရအောင် ဆောင်ရန်ရှောင်ရန် တွေကို လိုက်နာမယ်၊ ဗိုင်းရပ် ကူးစက်ခံရသူနဲ့ ထိတွေ့ဖူးသူတွေကလည်း လူကြားထဲမှာ လျှောက်မသွားဘဲ ကိုယ့်အသိစိတ်နဲ့ကို စစ်ဆေးစမ်းသပ်မှုတွေခံယူမယ်ဆိုရင် ဗိုင်းရပ် ကူးစက်မှုဟာ တဖြည်းဖြည်း လျော့ကျလာမှာပါ။ ဒီလိုမျိုးသာဗိုင်းရပ် ကူးစက်မှုလျော့ကျ လာပြီဆိုရင် ကျန်းမာရေးဝန်ထမ်းတွေလည်း ခြေကုန်လက်ပန်းမကျတော့ဘဲ ကမ္ဘာ့ကပ် ရောဂါကြီးကို အောင်မြင်စွာတွန်းလှန်နိုင် မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Ref: The Straits Times