ယမန်နေ့မှအဆက်
မောင်ငြိမ်းချမ်း ကိုရင်လူထွက်၍ ကျောင်းပြန်တက်သောအခါ စိန်ထွေး၊ အေးခင်နှင့်လှအောင်တို့ တပေါင်းတည်းဖြစ်သွားကြသည်။ မြင်းမစီးရသည့် ကိစ္စလှအောင်ပြောနေမည်စိုး၍ မောင်ငြိမ်းချမ်းက လှအောင်ကိုတတ်နိုင်သမျှ ရှောင်သည်။ အိမ်နှင့်ကျောင်းကနီးသောကြောင့် ကျောင်းတက်မှသွားပြီး ကိုယ့်နေရာကိုယ်ထိုင်သည်။ ကိုယ့်စာကိုယ်ကျက်သည်။ ကျောင်းဆင်း သည်နှင့် အိမ်ဘက်ပြန်နေလိုက်သည်။ ဤကြားထဲမှပင်တစ်ရက်တွင် အတန်းအဝင်မှာ လှအောင် တမင်စောင့်ပြီး-
“ ငကြွားကြီး၊ မြင်းလည်းမစီးရဘူး”ဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်။ ပြောပြီးသည်နှင့် အတန်းထဲ ဝင်ပြေးသည်။ မောင်ငြိမ်းချမ်း ဘာမျှပြန်မပြောလိုက်ရပါ။ ပြောစရာ လည်းမရှိပါ။ ပြောပြီးတော့လည်း လှအောင်ကျေနပ်သွားဟန်တူပါ၏။ နောက်ထပ်မပြောတော့ပါ။
တစ်ပတ်ခန့်ကြာပြီးသည့် နောက်တော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါသည်။ စိန်ထွေးနှင့် အေးခင်လည်း ဘာမျှမပြောတော့ပါ။ မောင်ငြိမ်းချမ်းလည်း ရှက်စိတ်နှင့် အနေခက်ခြင်း မရှိတော့ပါ။ ပုံမှန်အတိုင်းကျောင်းတက်ရပါသည်။ ရောင်စုံသောင်းကျန်းသူများ မောင်ငြိမ်းချမ်းတို့ ကလေးချင်းအေးချမ်းစွာ အကြွားပြိုင် စကားပြိုင်နေကြစဉ်မှာပင် လွတ်လပ်ရေးရပြီး ကတည်းက စိတ်ဝမ်းကွဲခဲ့ကြသော ရောင်စုံသောင်းကျန်းသူများ အပြိုင်အဆိုင် တိုက်ခိုက်ကြသည်မှာ မောင်ငြိမ်းချမ်းတို့ရွာသို့ ရောက်ရှိလာခဲ့သည်။
ရဲဘော်ဖြူများဝင်ရောက်လာသည်။ ပစ်ခတ်တိုက်ခိုက်သော သေနတ်သံများ ဆူညံသွားသည်။ ရွာလူကြီး၏ အိမ်ကိုမီးရှို့ရင်း အိမ်သုံးအိမ်မီးကူး လောင်ကျွမ်းသွားသည်။ နောက်တစ်လခန့် တွင် လက်နက်ကိုင်သောင်းကျန်း သူများစွာ ဝင်ရောက်လာကြပြန်သည်။ ရွာထဲမှာ ပစ်သံခတ်သံများ ဆူညံသွား၏။ ဦးအောင်ပိုထွက်ပြေး၍ လိုက်ပစ်ကြခြင်းဖြစ်သည်။ ဦးအောင်ပို သေနတ်မှန် သေဆုံးသွားသည်။ သူ့အိမ်ကိုလည်း မီးရှို့ခဲ့ကြသည်။ နောက်နှစ်ပတ်ခန့်တွင် ဗကပသောင်းကျန်းသူများ ဝင်ရောက်လာပြန်သည်။ ပစ်ကြခတ်ကြပြန်သည်။ အလံနီအမာခံ ဆိုသူများကို ဖမ်းခေါ်သွားကြပြန်သည်။
တစ်ကြိမ်တွင်မောင်ငြိမ်းချမ်းတို့ ကျောင်းကလေး ဘေးမှာပင် ပစ်ကြခတ်ကြ တိုက်ပွဲကလေး တစ်ခုဖြစ်သွား၍ ကလေးများစာရေးခုံများအောက်တွင်ဝင်ပုန်း နေကြရသည်။ တဖြည်းဖြည်းနှင့် မောင်ငြိမ်းချမ်းတို့ ရွာကလေးမှာ ဗကပသောင်းကျန်းသူများ ကြီးစိုးလွှမ်းမိုးလာသည်။
ပြည်သူ့စစ်ဆိုပြီး ရွာသူရွာသားများကို ဗကပသောင်းကျန်းသူအဖွဲ့မှာ အလှည့်ကျ လိုက်ပါခိုင်း သည်။ မလိုက်ဘဲ ငြင်းဆန်၍မရ။ ဆန့်ကျင်သူ၊ ပြည်သူ့သစ္စာဖောက်အဖြစ် စွပ်စွဲခံရလျှင် သက်သာမည်မဟုတ်။ ဆက်ကြေးပေးရသည်။ ထမင်းထုပ်ပေးရသည်။ မြို့မသွားရ။ မြို့သွားလျှင် သူလျှိုအစိုးရသတင်းပေး အဖြစ်စွပ်စွဲမည်။ ကျောင်းဆရာဖြစ်သော အဖေကြီးကိုလည်း ကွန်မြူနစ် သောင်းကျန်းသူများက မယုံကြည်ကြ။ ကျောက်ဆည်သွားလခထုတ်သည်။ အစိုးရ လခစားဖြစ်သည်။ အစိုးရ လူ၊ အစိုးရသတင်းပေး၊ အစိုးရဝါဒဖြန့်သူဟု စွပ်စွဲသည်။ ဗကပအမာခံ များကို ကြောက်နေရသည်။ ဗကပ အမာခံများက အမျိုးမျိုးခြိမ်းခြောက်နေကြသည်။
နောက်ဆုံးမှာ အဖေကြီးကျောင်းလေးကို ပိတ်ခိုင်းသည်။ စာသင်ကျောင်းလေးပိတ်ရသည်။ ကလေးတို့ ပညာမသင်ရတော့ပါ။ တစ်ခါတစ်ရံတွင် အစိုးရ၏ တပ်ရောက်လာတတ်သည်။ အစိုးရတပ်ရောက်လာလျှင်တော့ ကွန်မြူနစ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ ကွန်မြူနစ် အမာခံများပါပျောက်သွားသည်။ အစိုးရတပ်များပြန်သွား လျှင် ရွာမှအမာခံများနှင့် အတူ ကွန်မြူနစ်သောင်းကျန်း သူများပြန်လာကြသည်။ ရွာသူရွာသားများမှာ နှစ်ဖက်လုံး ကြောက်နေရသည်။ ဗကပသောင်းကျန်းသူတို့ကို ထောက်ပံ့အားပေးလျှင် အစိုးရဘက်က မကြိုက်၊ ဗကပသောင်းကျန်းသူ များကလည်း သူတို့ကို အားမပေးလျှင်မကြိုက် အစိုးရ လူဟုစွပ်စွဲသည်။ ဆက်ကြေးကိုအမျိုးမျိုးတောင်းနေကြသည်။
အဖေကြီး မူလတန်းတွင်လေးတန်းအထိ နေခဲ့ဖူးသော အဖေကြီး၏တပည့် ကိုလှသိန်း ဆိုသူသည် ဗကပသောင်းကျန်းသူများအဖွဲ့တွင် မြို့နယ်အဆင့် စည်းရုံးရေးမှူးဖြစ်နေသည်။ တစ်နေ့တွင် အဖေကြီးထံသို့ရောက်လာသည်။ သူ့အတွက် စာရေးရန်ဖောင်တိန် ကောင်းကောင်း တစ်ချောင်းဝယ်ပေးပါဟုပြောသည်။ ဆက်ကြေးတောင်းခြင်းဖြစ်၏။ အဖေကြီးဝယ်ပေးရသည်။ ဒေါ်လေးတို့အိမ်တွင် မြင်းတစ်ကောင်ရှိသည်။ ဦးလေးက ခြေတစ်ဖက်မသန်၍ တောသွား တောပြန် စီးရန်ဝယ်ထားခြင်းဖြစ်သည်။ တစ်ညတွင် ဗကပ သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ လူဆယ်ဦးရောက်လာသည်။ ရန်ပုံခွင်းသေနတ် (ယမ်းထည့် သံကျိုးသံပဲ့များထည့် စနက်တံ မီးရှို့ပြီး ပစ်ရသောသေနတ်) များကိုကိုင်ထားကြသည်။ ခေါင်းဆောင်ကတော့ ခြောက်လုံးပြူးကို ခါးပတ်ထားသည်။ ထိုအချိန်က မောင်ငြိမ်းချမ်း ဒေါ်လေးတို့အိမ်မှာရှိသည်။ ကလေးများအားလုံး ကြောက်၍ငြိမ်နေကြရ၏။ တော်လှန်ရေးအတွက် မြင်းကိုအလှူခံခြင်းဖြစ်ကြောင်း ပြောဆို၍ အဒေါ်တို့အိမ်မှ မြင်းကိုယူသွားကြသည်။ ဘာမျှမပြောဝံ့ကြပါ။ တော်လှန်ရေးကြီးပြီးလျှင် မြင်းကိုပြန်ပေးမည့် အကြောင်းပြောသည်။ ခေါင်းဆောင်လုပ်သူက သူ့လူများကို တန်းစီစေပြီး အမိန့်ပေးအလေးပြုခိုင်းသည်။ “တော်လှန်ရေးအတွက် မြင်းအလှူရှင်မိသားစုကို အလေးပြု...” မြင်းကိုယူဆောင်သွားကြပါသည်။
ဆက်လက်ဖော်ပြပါမည်။