ငယ်ဘဝ

ယမန်နေ့မှအဆက်

ဆရာကာပြန် အာလှံစူး ဗကပသောင်းကျန်းသူများသည် မိဘဆရာကို မရိုမသေ တော်လှန်မှ တိုးတက်သူဖြစ်ကြောင်း သင်ကြားပေးချက်အရ အဖေကြီးကျောင်းမှာနေ အဖေကြီးတပည့် ဖြစ်ခဲ့သည့် ဝန်းသိုရွာသား ခွေးသာသည် စဉ့်ကိုင်မြို့နားမှ မဲဇာရွာကိုသွားပြီး... ဒိုင်း...ဒိုင်း...ဒိုင်း

“ဘိုးသာကွ...”

“ဝန်းသိုရွာက ဘိုးသာကွ...”

ဒိုင်း...ဒိုင်း...ဒိုင်း

ပစ်ခတ်ရုံမက ရွာမှအိမ်အချို့ကိုပါမီးရှို့ခဲ့သည်။ နောက်တစ်နေ့တွင် စဉ့်ကိုင်မြို့မှစစ်တပ် ဝန်းသိုရွာသို့ ရောက်လာသည်။ ရွာထဲမှ ယောက်ျားများအားလုံး ရွာလယ်မှာစုခိုင်းသည်။ “ခင်ဗျားတို့ဝန်းသိုရွာက  ဘိုးသာဆိုတာ   ဒီထဲမှာ ပါသလား...”

စစ်ဗိုလ်ကမေးသည်။ ရွာသားများက     ကျောင်းဆရာကြီးဦးဘိုးသာကို လှမ်းကြည့်လိုက်သည်။ ဦးဘိုးသာက မတ်တတ်ရပ်လိုက်သည်။

“ကျွန်တော်ပါ...”

“ဟင်...မနေ့က မဲဇာရွာလာပြီးမီးရှို့သွားတာ...ခင်ဗျားလား”

စစ်ဗိုလ်စိတ်ဆိုးနေပြီ “ကျွန်တော်မဟုတ်ပါဘူး...”

ဦးဘိုးသာ အံ့အားသင့်စွာနှင့်ငြင်းသည်။

“အင်း...မဟုတ်တဲ့အကြောင်းရှင်းနိုင်ရင် ခင်ဗျားလွတ်မှာပေါ့...မရှင်းနိုင်ရင်တော့ ကိုယ်ပြုတဲ့ ဒဏ်ကို ခံရမှာပေါ့...”

ဆရာကြီးဦးဘိုးသာကို ဗကပ အမာခံနှစ်ယောက်နှင့်အတူ ခေါ်ဆောင်သွားသည်။ အမာခံ နှစ်ယောက်ကို ကြိုးတုပ်သော်လည်း ဆရာ့ကိုကြိုးမတုပ်၍တော်သေး၏။ စဉ့်ကိုင်ရောက်သည့် အခါ ကျောင်းဆရာဖြစ်ကြောင်း ရှင်းပြ၍ မဲဇာရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးလှဒင်ကို ခေါ်မေးသည်။ ဆရာကြီးဦးလှဒင်က ဦးဘိုးသာကို ကောင်းစွာသိကြောင်း၊ ကျောင်းဆရာ ဖြစ်ကြောင်း၊ သူတို့ရွာသို့လာပြီး သေနတ်ပစ်မီးရှို့သူမှာ အရပ်ပု၍အသားညိုညို အသက်၃၀ ခန့် လူငယ်တစ်ယောက်ဖြစ်ကြောင်း ပြောပြသည်။ အဖေကြီးကိုပြန်လွှတ်ပေးလိုက်၏။ နောက်တော့ မှ    ဗကပသောင်းကျန်းသူအဖွဲ့ဝင် ဝန်းသိုရွာသား ခွေးသာဖြစ်ကြောင်း သိရသည်။

ဆရာ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ဆရာဒုက္ခရောက်အောင် ချောက်ချသူဖြစ်၏။ အကုသိုလ် ဆိုသည်မှာ ကြောက်စရာကောင်းလှသည်။ နောက်တစ်လပင်မကြာ။ သေနတ်ပြောင်းတိုက်ရင်း သေနတ်ထဲမှ ကျန်သောကျည်ဆန်ထွက်သွား၍  ပြောင်းတိုက်သံချောင်းသည်    ခွေးသာ၏ မေးမှဝင်  အာခေါင်ကိုဖြတ် ခေါင်းမှဖောက်ထွက်ပြီး သေဆုံးသွားပါသည်။

နောက်တစ်ပတ်ခန့်ကြာသောအခါ ဆရာဖြစ်သူထံမှ ဆက်ကြေးအဖြစ် ဖောင်တိန်တောင်းသူ ဘသိန်းမှာလည်း လယ်တဲတစ်ခုမှာ ညအိပ်နေစဉ် တပ်မတော်စစ်ကြောင်းနှင့် တွေ့ရှိတိုက်ခိုက် ပစ်ခတ်ကြရာမှ သေဆုံးသွားပါသည်။ ဘီဘီအိုအေ မိဘမဲ့ကျောင်းသို့ အိမ်ခြံဝင်းအတွင်းမှာပင် စာသင်ကျောင်းရှိပါလျက် မောင်ငြိမ်းချမ်းပညာသင်ကြားခွင့်မရ။ သူငယ်ချင်းများ နှင့်လည်း ဆော့ကစားခွင့်မရ။ ဗကပသောင်းကျန်းသူများက ကျောင်းပိတ်ထားရမည်ဆို၍ ကျောင်းသား၊ ကျောင်းသူများ ဘယ်သူမျှမလာဝံ့ကြ။ မနက်ခင်းများတွင် မောင်ငြိမ်းချမ်း ကျောင်းလှေခါး ထစ်မှာ သွားထိုင်နေသည်။

တစ်နေ့တွင် မောင်ငြိမ်းချမ်းပျောက်နေ၍ အဖေကြီးလိုက်ရှာရာ စာသင်ကျောင်းပေါ်ရှိ သူ၏ စာသင်ခန်းမှာ တစ်ယောက်တည်းအိပ်ပျော်နေသည်ကို တွေ့ရသည်။ ကျောင်းနေစာသင် ချင်သော မောင်ငြိမ်းချမ်းကို  အဖေကြီးဖြစ်သူ ဦးဘိုးသာက အိမ်မှာစာသင်ပေးသည်။ စာအဖတ် ခိုင်းသည်။ မောင်ငြိမ်းချမ်းက စိတ်ပါဝင်စားစွာသင်သည်။ ဖတ်ခိုင်းသည်တို့ကိုဖတ်သည်။ အကျက်ခိုင်း သည်တို့ကိုလည်း   ကျက်သည်။   သို့သော် စာသင်ခန်းအတွင်းမှာ အများနှင့်အတူ စနစ်တကျသင်ကြားရသည်သို့ ထိရောက်ခြင်းမရှိဟု မြေးအတွက်စိတ်မကောင်း ဖြစ်မိသည်။

ဤအခြေအနေက မည်မျှကြာမည်နည်း။ တစ်နှစ်ကြာမှာလား၊ နှစ်နှစ်ကြာမှာလားမသိ။ မြေးအတွက် စာသင်ရက်များနောက်ကျမှာကို ဆရာဦးဘိုးသာ စိုးရိမ်စိတ်ဖြစ်မိသည်။ ကြာလျှင် နစ်နာတော့မည်။ ဉာဏ်ကောင်း၍ ပညာသင်ချင်သောမြေးငယ်ကို ပညာကောင်းကောင်း သင်ပေးချင်သည်။  ထိုအချိန်အတွင်း  တိုက်တိုက်ဆိုင်ဆိုင် သဲတော ဝမ်းတွင်း သိမ်တောင် ကျောင်းတိုက်မှာ စာချဆရာတော် ဖြစ်နေသော  ဦးအဂ္ဂဝံသကြွလာသည်။   ဆရာကြီး ဦးဘိုးသာ၏ ညီဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။