ယမန်နေ့မှအဆက်
ဆရာကြီးဦးဘိုးသာက နယ်မြေအခြေအနေအရ ကျောင်းဖွင့်ခွင့်မရ ကျောင်းပိတ်ထားရကြောင်း၊ ကြာလျှင် ပညာသင်ချင်သောမြေးဖြစ်သူ မောင်ငြိမ်းချမ်းအတွက် စဉ်းစားရမည်ဖြစ်ကြောင်း ဆရာတော်နှင့် ညှိနှိုင်းတိုင်ပင်သည်။
ဆရာတော်က မောင်ငြိမ်းချမ်းအတွက် အသေအချာစဉ်းစားပြီး မန္တလေးမြို့မှာ ဘီဘီအိုအေ မိဘမဲ့ကျောင်း ဆိုတာရှိကြောင်း၊ ဘော်ဒါအုပ်ဆရာတော်နှင့် ရင်းနှီးခင်မင်ကြောင်းပြောပြသည်။ နောက်ဆုံးတွင် ညီအစ်ကိုနှစ်ယောက်၏ တိုင်ပင်ဆွေးနွေးချက်အရ ဆရာတော်ပြန်လျှင် မောင်ငြိမ်းချမ်းကို တစ်ပါတည်းခေါ်သွားပြီး မန္တလေးမိဘမဲ့ကျောင်းကို ပို့ပေးရန် ဆုံးဖြတ်လိုက်ကြ သည်။
ဘုန်းကြီးရွာမှ ပြန်ကြွလျှင် မောင်ငြိမ်းချမ်းပညာသင်ရန် မန္တလေးသို့လိုက်ရမည်။ မောင်ငြိမ်းချမ်း ပညာသင်ချင်သည်။ ပညာသင်ရမည်ကိုဝမ်းသာသည်။ ခက်နေသည်က အမေကြီး။ မြေးနှင့်ခွဲရမည် ကို ဝမ်းနည်းကြေကွဲနေသည်။ မောင်ငြိမ်းချမ်းလည်း အမေကြီး၊ အဖေကြီး၊ ဦးလေးနှင့် မခွဲချင်ပါ။ သို့သော် ရွာမှာနေလျှင် ကျောင်းတက်စာသင်ရန် ကျောင်းဖွင့်ခွင့်မရ။ မောင်ငြိမ်းချမ်း၏ ပညာရေး အတွက် အဖေကြီးနှင့် ဘုန်းကြီး၏အစီအစဉ်အတိုင်း လိုက်နာရလိမ့်မည်။
အမေကြီးခမျာ မောင်ငြိမ်းချမ်းကို မျက်စိအောက်မှ အပျောက်မခံတော့ပါ။ မောင်ငြိမ်းချမ်း၏ အဝတ်ကလေးများကို ဖြူဖွေးသန့်စင်အောင် ကိုယ်တိုင်လျှော်ဖွပ်သည်။ မီးပူတိုက်သည်။ အသစ်ဝယ် ထားသော ထန်းခေါက်ဖာလေးထဲမှာ မောင်ငြိမ်းချမ်း၏ အဝတ်ကလေးများကို ခေါက်ထည့်ပေးသည်။ အဝတ်ကများများမရှိ။ ဖာသေးသေးလေး၏ တစ်ဝက်ပင်မပြည့်။ ဦးလေးလည်း မောင်ငြိမ်းချမ်းနှင့် ခွဲရမည်ကို စိတ်မကောင်း။ မောင်ငြိမ်းချမ်းအတွက် ရွှံ့နွားရုပ်နှစ်ကောင်နှင့် ရွှံ့လှည်းလေး လုပ်ပေးသည်။ မောင်ငြိမ်းချမ်းက ဦးလေးလုပ်ပေးသော ရွှံ့ရုပ်ကလေးများကို မကျိုးမပျက်အောင် အဝတ်ဖာလေး၏ ထောင့်ထဲမှာ အသေအချာထည့်သည်။
အမေကြီးက မောင်ငြိမ်းချမ်းဆာလျှင်စားရန် ထန်းလျက်ဖြူလေးများဝယ်၍ အိုးငယ်မှာထည့်ပြီး စက္ကူနှင့်ပိတ်စည်းပေးသည်။ ဦးလေးက မောင်ငြိမ်းချမ်း အလွယ်တကူ သယ်သွားနိုင်အောင် ထန်းလျက် အိုးလေးကို ထန်းလျှော်ကြိုး လွယ်စရာလေးလုပ်ပေးသည်။ ဘုန်းတော်ကြီး ပြန်ကြွမည့်နေ့သို့ ရောက်ပြီ။ မောင်ငြိမ်းချမ်းလည်း အဆင်သင့်ပြင်ပြီးဖြစ်နေပြီ။ အဖေကြီးနှင့် အမေကြီးကို ကန်တော့သည်။ အဖေကြီးက အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း စသောဆုများကို ပေးနေသည်။
အမေကြီးကတော့ မျက်ရည်လေးတစမ်းစမ်းနှင့် ပညာသင်သွားမည့်မြေးကို ပေးသောဆုမှာ “ငါ့မြေး ပညာတို့အမျိုး၊ ဒိုးကဲ့သို့မွှေ့နိုင်ပါစေ” ဟူ၍ဖြစ်ပါ၏။ မောင်ငြိမ်းချမ်း ဦးလေးကိုကန်တော့သည်။ ဦးလေးခမျာ သူအလွန်ချစ်သော တူလေးကို မျက်ရည်ဝေ့ဝဲသော မျက်လုံးများနှင့်ကြည့်လျက် သူဖြစ်စေချင်သောဆုများကို ပေးနေရှာသည်။ အတူနေကျေးဇူးရှင်များကို ကန်တော့ပြီးပြီဖြစ်၍ မောင်ငြိမ်းချမ်း ဘဘဘုန်းဘုန်းနောက်သို့ လိုက်ပါရန် ထန်းခေါက်ဖာကလေးကို ထမ်းလိုက်သည်။ ထန်းလျက်အိုးကလေးကို ထန်းလျှော်ကြိုးနှင့် ပခုံးမှာလွယ်သိုင်းလိုက်သည်။
ဘဘဘုန်းဘုန်းက အားလုံးကိုနှုတ်ဆက်ပြီး ရှေ့မှကြွသွားသည်။ မောင်ငြိမ်းချမ်းနောက်မှ လိုက်ပါခဲ့ရ၏။ ဘဘဘုန်းဘုန်းနှင့် မောင်ငြိမ်းချမ်းတို့ ဝန်းသိုရွာမှ ဆယ်ရွာအထိ ငါးမိုင်ခရီးကို ခြေကျင်သွားသည်။ ဆယ်ရွာမှမန္တလေးသို့ ကားစီးရသည်။ မန္တလေးသို့ရောက်သောအခါ ဘဘဘုန်းဘုန်းက မောင်ငြိမ်းချမ်းကို မန္တလေးအရှေ့ပြင်ရှိ ဘီဘီအိုအေ မိဘမဲ့ကျောင်းသို့ ခေါ်သွားသည်။ ဆရာတော်ဦးပဝရ အုပ်ချုပ်သောကျောင်းဖြစ်၏။
မိဘမဲ့ကျောင်းကိုတည်ထောင်၍ မိဘမဲ့ကလေးများ ပညာသင်နိုင်ရန် ကူညီစောင့်ရှောက်ပေးသော ဆရာတော် ဦးပဝရသည် ဘဘဘုန်းဘုန်းနှင့် ရှေးယခင်ကပင် ခင်မင်ရင်းနှီးသူများဖြစ်ကြ၏။ ဘဘဘုန်းဘုန်းက မောင်ငြိမ်းချမ်းကို ကျောင်းအိပ်ကျောင်းစား ပညာသင်ကြားမည့် မိဘမဲ့ကလေး အဖြစ် ဆရာတော်ထံအပ်နှံသည်။ မောင်ငြိမ်းချမ်းဆရာတော်ကို ကန်တော့သည်။
ဆရာတော်ကလက်ခံပါသည်။ ကူညီစောင့်ရှောက်ပါမည်။ ကျောင်းမှာသင့်သလိုနေပြီး ရှိတာနဲ့ စားနိုင်ရင် ပညာသင်ကြားနိုင်ခွင့် ရမည်ဖြစ်ကြောင်း မိန့်ပါသည်။ ပညာသင်ချင်သော မောင်ငြိမ်းချမ်း ပညာသင်ခွင့်ရ၍ ဝမ်းသာမိသည်။ သို့သော် ထိုအချိန်မှာပင် ဆရာတော်က
“သူ့ကိုဒီအတိုင်းထားခဲ့လို့ဖြစ်ပါ့မလား..”ဟု ဘဘဘုန်းဘုန်းကိုမေးလိုက်၏။
ဆရာတော်မေးလိုက်သောစကားကို ကြားရသောအခါ မောင်ငြိမ်းချမ်း ရင်မှာကြီးစွာတုန်လှုပ်ရသည်။ ထိုသို့မမေးမီအချိန်အထိ ပညာသင်ချင်သောစိတ်နှင့် မောင်ငြိမ်းချမ်းပျော်နေပါသည်။ နေရာအသစ်မှာ နေရမည်ကိုလည်း စိတ်ဝင်စားနေပါသည်။ ရွာနှင့်ဝေးကွာသောနေရာမှာ အဖေကြီး၊ အမေကြီး၊ ဦးလေးနှင့် ခွဲခွာနေရမည့်အဖြစ်ကိုမေ့နေသည်။ ခုတော့မိမိ၏ ဝမ်းနည်းကြေကွဲစရာအဖြစ်ကို သတိရသွားပြီး ဘဘဘုန်းဘုန်း၏ အဖြေကိုနားစွင့်လိုက်သည်။
“ဖြစ်ပါတယ်”
ဘဘဘုန်းဘုန်းက ခပ်လွယ်လွယ် အဖြေပေးလိုက်သည်။ မောင်ငြိမ်းချမ်းစိတ်ထဲမှာ မုန်တိုင်းတိုက် သလို လှုပ်ရှားနေပြီး ရင်ထဲမှာလည်းဆို့နင့်နေ၏။ မျက်ရည်များက သူ့အလိုလိုစီးဆင်းလာကြသည်။
“ငါနေခဲ့တဲ့ရွာနဲ့ အဝေးကြီးရောက်နေပြီ” အားငယ်စိတ်များဝင်လာ၏။
“အမေကြီး...”
အမေကြီးကိုသတိရပြီး အမေကြီးမျက်နှာကို မြင်ယောင်လာသည်နှင့် အော်ငိုပစ်ချင်စိတ်ဖြစ်လာမိ သည်။ အမေကြီးကိုလွမ်းသည်။ မျက်ရည်များက တားမရ၊ ဆီးမရ၊ စီးဆင်းလာကြ၏။ ထိန်းချုပ် ထားသည့်ကြားမှ ရှိုက်သံနှင့်အတူ ငိုသံထွက်လာ၏။
ဆက်လက်ဖော်ပြပါမည်။