ဆီစားများခြင်းသည် ဆေးမဖြစ်ဘဲ ဘေးဖြစ်စေနိုင်

ဆီစားများခြင်းသည် ဆေးမဖြစ်ဘဲ ဘေးဖြစ်စေနိုင်

စားသုံးဆီများတွင် အခြေခံအားဖြင့် (၁) ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ (UnsaturatedFats)၊ (၂) တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများ (Saturated Fats)၊ (၃) လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများ (Trans Fats) ဟူ၍ (၃) မျိုးရှိသည်။

မပြည့်ဝဆီ (Unsaturated Fats) ကိုသင့်တင့်စွာစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော    သွေးတွင်းအဆီဓာတ် (HDL) တို့ကိုမြင့်တက်စေပြီး မကောင်းသောအဆီဓာတ်(LDL) တို့အား လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား-၂ ဆီးချိုရောဂါ၊  မကူးစက်နိုင်သည့်ရောဂါများဖြစ်ပွားနိုင်ခြေကို လျော့နည်းစေသည်။ (ဥပမာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ)

 ပြည့်ဝဆီ(Saturated Fats) ကို စားသုံးခြင်းကြောင့် မကောင်းသော သွေးအတွင်းအဆီဓာတ်(LDL)များ လွန်ကဲစွာမြင့်တက်စေ၍ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေးဖက်နာ၊ သွေးကြောနံရံတွင် အဆီများကပ်ခဲ၍ သွေးကြောများ ကျဉ်းကာ နှလုံးသွေးကြော ပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ (ဥပမာ စားအုန်းဆီ၊ စားအုန်းဆီရောနှောဆီများ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ)

အသွင်ပြောင်းဆီ(Trans Fats) သည် အစားအသောက်များ ပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ် ထည့်ပေါင်းထားသော ဆီဖြစ်ပြီး ပြည့်ဝဆီစားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီ (Triglycerides) များကို ပိုမိုတက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီဓာတ် (HDL) ကို ကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများ ဖြစ်စေခြင်း ကြောင့် အထက်ဖော်ပြပါရောဂါများအပြင် အမျိုးအစား-၂ ဆီးချိုရောဂါကိုပါ ပို၍ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာ ခံစားရရှိနိုင်သည်။ (ဥပမာ အသင့်စား   အစားအစာများဖြစ်သည့် အာလူးကြော်၊   ကြက်ကြော်၊   ကိတ်မုန့်၊ပေါင်မုန့် စသည်တို့တွင်   ပါဝင်သည့်ဆီများ)

ထို့ကြောင့်   လူသားတို့ကျန်းမာရေးအတွက် ပြည့်ဝဆီများကို   တတ်နိုင်သမျှလျှော့စား၍ အသွင်ပြောင်းဆီများ စားသုံးခြင်းကို လုံးဝ ရှောင်ကြဉ်ရမည်ဖြစ်သည်။ သတိပြုရန်မှာ တချို့အရည်အသွေးမမီသော မြေပဲဆီတွင် မှိုရှိတတ်သည်။ ထို့ကြောင့် မြေပဲဆီသုံး သူများက အနံ့အရသာကောင်းသည့် အရည်အသွေးပြည့်မီ မြေပဲဆီမျိုးကို ရွေးချယ်တတ်ပါစေ။

သတိထားသင့်သော ပြည့်ဝဆီအမျိုးမျိုး

အဝလွန် အဆီပိုသူများနှင့် ကိုယ်အလေးချိန်ကျဆင်းလိုသူများအနေဖြင့် ပြည့်ဝဆီတိုက်ရိုက်ပါရှိသော ကြက်၊ ဘဲ အရေခွံများနှင့်   ခြေလေးချောင်းသားအဆီများ၊ ဝက်အူချောင်း၊ စည်သွတ်ဘူး၊ ဟော့ဒေါ့၊ အသားလုံး စသည်ဖြင့် အထူးတလည် ပြုပြင်ထားသော အရန်သင့်အစားအစာများ၊ အုန်းနို့၊ စားအုန်းဆီများနှင့် ထိုအဆီတို့ဖြင့်ချက်ပြုတ်ထားသော ဟင်းလျာများနှင့်   ဒိုးနတ်သရေစာတို့ကို ရှောင်နိုင်ပါက အကောင်းဆုံးဖြစ်သည်။  

margarines ခေါ် ထောပတ်တုများ၊ ကရက်ကာ၊ ကွတ်ကီး၊ ပေါင်မုန့် စသည့် မုန့်ဖုတ်သရေစာများ၊ အာလူးအကြွပ်ကြော်၊ ကြက်ကြော်အပါအဝင် ဆီကြော်မုန့်အမျိုးမျိုးတို့ကလည်း ပြည့်ဝဆီသွယ်ဝိုက်သောနည်းဖြင့် ပါရှိနေသည့်အတွက် အလွန်အကျွံ မစားသင့်ပေ။ ကိုလက်စထရောတက်စေသော ကြက်ဥ၊ ဘဲဥအနှစ်၊ ကြက် ဘဲ ဝက် အမဲ စသည့် တိရစ္ဆာန်ကလီစာများ၊ အဆီ မထုတ်ထားသော နွားနို့နှင့် အဆီမလိုင်ပြည့် နို့ထွက်ပစ္စည်းများဖြစ်ကြသော ထောပတ်၊ ကရင်မ်၊  ချိစ် ခေါ် ဒိန်ခဲတို့ကို စားသုံးမှု ရှောင်ကြဉ်ကြပါ။ သံလွင်ဆီက နှလုံးကိုအားကောင်းစေသလို ကျန်းမာရေးအတွက် ဘက်စုံကောင်းမွန်ပါသော်လည်း ကယ်လိုရီများ စေတတ်၍ များများ မစားသင့်ပေ။ သစ်ကြားသီး၊ သစ်အယ်သီးများက ဦးနှောက်ကို အားကောင်းစေသော်လည်း အလွန်အကျွံ စားမိပါက ကယ်လိုရီမြင့်တက်စေသည်။ ထောပတ်ဖြင့်လှော်ထားသော ပြောင်းဖူးပေါက်ပေါက်များကိုလည်း သင့်တင့်ရုံမျှ စားသင့်ပါ သည်။

ဆီကြော်အစားအစာများနှင့် ဘေးထွက်ဆိုးကျိုးများ

ဆီကြော်အစားအစာများ စားသုံးခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ကြောင်း လူအများသိထားကြပြီးဖြစ်သည်။  ဆီကြော်အစားအစာဟုဆိုရာ၌ ကြွပ်ကြွပ်ရွရွအကြော်အားလုံးကို ရည်ညွှန်းသည်။ ဥပမာ ဆီကို မီးပူပူ၊ မီးတောက်တောက်ဖြင့် ကြော်ထားသော   ပဲမျိုးစုံအကြော်၊ ထပ်တစ်ရာ၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဗယာကြော်၊ ငါးကြော်၊ ပုစွန်ကြော်၊ ကြက်ကြော်၊ ကြက်ဆီဖတ်ကြော်၊ ဝက်ဆီဖတ်ကြော်၊ အမဲဆီဖတ်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ တိုဟူးခြောက်ကြော်၊ ငါးမုန့်ကြော်၊  ငှက်ပျောကြော်၊ စာကလေးကြော်၊ ပဲခြမ်းနှစ်ခါပြန်ကြော် စသည်တို့ဖြစ်သည်။ ၎င်းဆီကြော် အစားအစာတို့ကို ဆီးချိုသွေးချို ရောဂါရှိသူ၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ လေးဖက်နာနှင့် အရိုးကျီးပေါင်း ရောဂါရှိသူများ အထူးရှောင်ရှား သင့်ပါသည်။ ခန္ဓာကိုယ်ထဲ အဆီများပါက အမျိုးသားသန္ဓေအောင်ခြင်းကိုလည်း ထိခိုက်စေပါသည်။ ဆီကြော်အစားအစာများက ကင်ဆာကုထုံးကို အနှောင့်အယှက်ဖြစ်စေကာ၊ ကင်ဆာဆဲလ်များကိုလည်း ကြီးထွားစေနိုင်သဖြင့် အထူးရှောင်ရှားသင့်ပေသည်။ ဘီပိုး၊   စီပိုး ရောဂါရှိသူများအနေဖြင့် ဆီနှင့်အဆီ လုံးဝမစားသင့်ပေ။ ဖော်ပြပါ ဆီကြော်အစားအစာများအပြင် အဆီ၊ အနှစ်၊ မလိုင်၊ ထောပတ်၊ နို့နှင့် ကြက်ဥအနှစ် စားသုံးခြင်းရှောင်ရှားပါ။ အထူးသဖြင့် ညစာတွင် ဆီကြော်နှင့် ဟင်းအဆီအနှစ်လျှော့စား၍ ရေလုံပြုတ်စားသုံးသင့်ပါသည်။

လတ်တလော အမေရိကန်ပြည်ထောင်စုတွင် လေ့လာမှုအသစ်တစ်ခုအရ ဆီကြော်အစားအစာများစားခြင်းကြောင့် စောစောစီးစီး အသက်သေဆုံးနိုင်ကြောင်းနှင့် အထူးသဖြင့် ဆီကြော်ထားသော အစားအစာများပုံမှန်စားသည့်   အသက် ၅၀ ကျော် အမျိုးသမီးများ သည် သေဆုံးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သတိပေးထားသည်။ ကြော်ထားသော အစားအစာများ မကြာခဏ စားသုံးခြင်း ကြောင့် မလိုလားအပ်သော ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာများဆီ ဦးတည်သွားကာ နှလုံးသွေးကြော ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အမျိုးအစား-၂ ဆီးချိုရောဂါ   ဖြစ်ပွားနိုင်သည့်အန္တရာယ်ပိုများစေကြောင်း   သိရသည်။ အမေရိကန်နိုင်ငံမှ အသက် ၅၀ ကျော်အမျိုးသမီးများအား လေ့လာရာတွင် ကြော်ထားသော အစားအစာများ မကြာမကြာစားသုံးပါက လူတစ်ဦး၏ သေဆုံးနိုင် သည့်အန္တရာယ်ကို  မြင့်တက်စေနိုင်ကြောင်းတွေ့ရသည်။

အဆိုပါလေ့လာမှုကို အိုင်အိုဝါတက္ကသိုလ် သုတေသီများက ဦးဆောင်ခဲ့ကြပြီး လေ့လာမှုကာလအတွင်း လူဦးရေ ၃၁၀၀၀ ကျော် သေဆုံးပြီး ၎င်းသေဆုံးသူများအနက် လူဦးရေ  ၉၃၀၀ ခန့်သည် ကျန်းမာရေးပြဿနာများကြောင့်ဖြစ်ပြီး ၈၃၀၀ ကျော်မှာ ကင်ဆာနှင့် ဆက်စပ်၍ သေဆုံးသူများဖြစ်ကာ ကျန်လူဦးရေ ၁၃၀၀၀ ကျော်မှာ အခြားသော အကြောင်းရင်းများနှင့် ဆက်စပ်၍  သေဆုံးကြောင်း လေ့လာတွေ့ရှိရသည်။ ၎င်းတို့စားသုံးသော ဆီကြော်အစားအစာများအနက် ကြက်ကြော်၊ ငါးကြော်၊ ငါးအသားညှပ် ပေါင်မုန့်၊  ပင်လယ်စာကြော်၊  အာလူးကြော်ကဲ့သို့  ဆီကြော်စာများကို စားသုံးသူ လူအုပ်စုခွဲ၍  သုတေသီများက လေ့လာခဲ့ခြင်းဖြစ်သည်။    အဖြေ ရလဒ်အဖြစ် ဆီကြော်အစားအစာများ ပုံမှန်စားသုံးမှုကြောင့် မည်သည့်အကြောင်းကြောင့်မဆို သေဆုံးနိုင်သည့် အန္တရာယ် မြင့်မားပြီး အထူးသဖြင့် နှလုံးပြဿနာများဖြင့် သေဆုံးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း အသိပေးထားသည်။

ဆီအမျိုးမျိုးကို ဘယ်လိုဆင်ခြင်ပြီးစားသုံးကြမလဲ

ဆီက နှုတ်မြိန်စေပြီး အင်အားဖြစ်စေတာ မှန်သော်လည်း ဆီစားများပါက ကယ်လိုရီရရှိမှုသည်   လိုအပ်သည့်ပမာဏထက် ပိုလာကာ အဝလွန်အဆီပိုဖြစ်လာကြသည်။ ထိုမျှမက အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ စသည်တို့ ဖြစ်နိုင်ခြေ အလား အလာများလည်း မြင့်တက်လာနိုင်သည်။

(           က        )           နို့၊ မလိုင်၊ ထောပတ် စသည့် တိရစ္ဆာန်ထွက်အဆီများမှာ ပြည့်ဝသော ဖက်တီးအက်စစ်များ ကြွယ်ဝစွာ ပါရှိနေသဖြင့်  နှလုံးသွေးကြောကျဉ်းရောဂါနှင့်  အခြားရောဂါများဖြစ်ပွားနိုင်၍ ဆင်ဆင်ခြင်ခြင်စားသုံးပါ။ 

(           ခ          )           ဆိတ်သား၊ အမဲသားနှင့် ဘဲအရေပြားတို့တွင် မျက်စိဖြင့် အလွယ်တကူမမြင်နိုင်သည့် အဆီများပါရှိနေ၍ အတန်အသင့်မျှ စားသုံးပါ။

(           ဂ          )           ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ စသည့် အပင်ထွက်ဟင်းချက်ဆီများမှာ မပြည့်ဝသော ဖက်တီး အက်စစ်များကြွယ်ဝစွာပါရှိ၍ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော်လည်း အသက်အရွယ်အလိုက် စားသုံးသင့်သည့် ပမာဏထက်ပို၍မစားသင့်ပေ။

(           ဃ        )           ဖြစ်နိုင်လျှင် အစားအစာများကို ဆီဖြင့်ကြော်မစားဘဲ အပြုတ် သို့မဟုတ် နို့မလိုင်ထုတ်ပြီးမှ စားသောက် ခြင်းတို့က ဆီကို ချင့်ချိန်စားသည့်  နည်းလမ်းကောင်းများ ဖြစ်ကြသည်။   

(           င          )           အဖြူရောင်နှင့် အထူးသဖြင့် အနီရောင်အသားများကို မီးကင်စားခြင်းက ဆီကြော်စားခြင်းထက် ပို၍သင့် တော်ပါသည်။ သို့သော် မီးကင်သည့်အခါ အသားကို ကျက်အောင်ကင်ရမည်ဖြစ်ပြီး  အကျက်လွန်ပြီး တူးမည်းနေသော အစိတ်အပိုင်း တို့ကို ဖယ်ရှားစားသောက်မှသာ ဘေးကင်းစေပါမည်။

(           စ          )           ပင်လယ်ငါးအချို့၏ အဆီတွင် အိုမီဂါ-၃ ဖက်တီးအက်စစ်များ ကြွယ်ဝသဖြင့် နှလုံးရောဂါဖြစ်ပွားမှု ကာကွယ်ပေးနိုင်သည့်  ဂုဏ်သတ္တိရှိပါသည်။ သို့သော် လိုအပ်သည့်ပမာဏထက် ပိုမိုစားသုံးခြင်းက အမျိုးသားများ၌ ဆီးကျိတ်ရောဂါ ဖြစ်နိုင်ခြေအလားအလာများပြား၍ အလွန်အကဲမစားသင့်ပေ။

အဆီဖြေဆေး

ဆီကြော်အစားအစာများနှင့် အထက်ဖော်ပြပါ ပြည့်ဝဆီများကို မကြာခဏ စားသုံးသူများအနေဖြင့် အဆီဖြေဆေး လိုအပ်သည်။ အောက်ဖော်ပြပါ သဘာ၀ သစ်သီးဝလံများနှင့် သစ်ဥသစ်ဖုများက အဆီဖြေဆေးသဖွယ်   အကောင်းဆုံး စွမ်းဆောင်ပေးနိုင်သည်။ ကညွတ်၊ ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ သစ်ကြံပိုးခေါက်၊ လျှော်ပင်စေ့၊ လက်ဖက်စိမ်း၊ လိမ္မော်သီး၊ တည်သီး၊ တလည်းသီး၊ ဟင်းနု နယ်ရွက်၊ စိမ်းပြာရေညှိ၊ နနွင်း၊ ဖရဲသီး၊ ကောက်နှံများ စားပေးပါ။

နံနက်စာစားပြီးနောက် ချဉ်စော်ကားသီးအခြောက် သုံးဖတ် သို့မဟုတ် လေးဖတ်ခန့်ကို  ရေနွေးဆူဆူတစ်ခွက်ထဲထည့်၍သောက်ပါ။  အသီးခြောက်ပျော့ပြဲသွားသည်အထိ ရေနွေးထပ်ဖြည့်ကာ ရေဆာတိုင်းသောက်နိုင်ပါသည်။ (နောက်ဆုံးမှာ အသီးခြောက်ကို ဝါးစား ပါ) ထိုသို့ သောက်ပေးခြင်းဖြင့် သွေးထဲရှိ အဆီများ၊ မကောင်းသော LDL ကိုလက်စထရောများ ကျဆင်းစေပြီး သွေးတိုးရောဂါ ရှိသူများ၊ နှလုံးအဆီ ပိတ်သူများ၊ အသည်းရောဂါ ဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်းအဆီများသူများကို ကောင်းကျိုးပြုသည်။ သွေးလည် ပတ်မှု အားကောင်းစေသည်။

ဝဥက ကိုယ်တွင်းအဆီများကို သိသိသာသာကျဆင်းစေသည်။ ဝဥသုပ်၊ ဝဥဖြင့်ပြုလုပ်ထားသော ခေါက်ဆွဲ၊ ဝဥ ဟင်းချို သောက်ပါ။ မင်းကွတ်သီးစားပါ။ သွေးထဲရှိ အဆီများကို ကျစေပါသည်။

အချုပ်အားဖြင့်ဆိုသော် ဆီအမျိုးမျိုး၊ ဟင်းအဆီအနှစ်များနှင့် ဆီကြော်အစားအစာများ မကြာခဏစားသုံးခြင်းက အဝလွန် အဆီပို စေရုံမျှမက ဦးနှောက်ကို ထိခိုက်စေနိုင်ပါသည်။ ယနေ့ကမ္ဘာ့လူသားများကို ခြိမ်းခြောက်နေသော မကူးစက်တတ်သော ရောဂါများ ဖြစ်ကြသည့် နှလုံး၊ နှလုံးသွေးကြော ရောဂါအမျိုးမျိုး၊ သွေးတိုး၊ ဆီးချို၊ လေငန်းရောဂါများ၊ သွေးအတွင်း ဘေးဖြစ်စေသော LDL ကိုလက်စထရောမြင့်ရောဂါ စသည်တို့သည် ဆီစားများခြင်းနှင့် ပတ်သက်ဆက်နွှယ်နေသော ဘေးထွက်ဆိုးကျိုးဖြစ်ပါသည်။ ထို့ကြောင့် ၎င်းအစားအစာများ စားသုံးခြင်းကိုလျှော့ချခြင်းဖြင့် လူ့သက်တမ်းကို အထိုက်အလျောက် ဆွဲဆန့်ထားနိုင်မည်ဖြစ်ပေ သည်။ သို့ပါ၍ ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် ဆီစားသုံးမှုကိုလျှော့ချရန်၊ ပြန်ကြော်ဆီများဖြင့် ကြော်လှော် ထားသော အစားအစာများကို ရှောင်ရှားရန်၊ ဘေးကင်းလုံခြုံမှုမရှိသော စားအုန်းဆီနှင့် ပဲဆီအတုများကို စားသုံးခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း အကြံပြုလိုက်ရပါသည်။         ။

 

ပေါက်ပေါက်