မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့်ကူးစက်ပြန့်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ တတိယလှိုင်းနှင့် Delta မျိုးကွဲအကြောင်း
ဗိုင်းရပ်အမျိုးအစားတစ်ခုသည် လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက်မှာ သန္ဓေပြောင်းမျိုးကွဲများ ဖြစ်ထွန်းလာလေ့ရှိပါတယ်။
ဗိုင်းရပ်ပိုးဟာ ကူးစက်ပြန့်ပွားဖို့အခွင့်အလမ်းရလေလေ ပုံတူပွားများမှုများလေလေဖြစ်ကာ နောက်ဆုံးမှာ မူလဗိုင်းရပ်နဲ့ အသွင် ကွဲပြားတဲ့ မျိုးကွဲများထွက်ပေါ်နိုင်ဖို့ အခွင့်အလမ်းများလာတတ်ပါတယ်။ အများစုသော ဗိုင်းရပ်သန္ဓေပြောင်းဖြစ်စဉ်များဟာ ကူးစက်မှုနှင့် ရောဂါပြင်းထန်မှုပေါ်အကျိုးသက်ရောက်မှုမရှိသော်လည်း အချို့သောပြောင်းလဲမှုဖြစ်စဉ်များသည် ဗိုင်းရပ်၏ အဓိက ကျသော မျိုးဗီဇပစ္စည်းများအပေါ်တွင် ဖြစ်ပွားပါက ကူးစက်မှုပိုမိုမြန်ဆန်စေခြင်း၊ ရောဂါပြင်းထန်မှုပိုများခြင်း စသည်တို့ကို ဖြစ်စေ ပါတယ်။ ကိုဗစ်-၁၉ ဗိုင်းရပ်ကိုလည်း မျိုးဗီဇပြောင်းလဲမှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်မှတ်တမ်းတင်ကာ ပေါ်ထွက်လာ သော သန္ဓေပြောင်းမျိုးကွဲများ၏ ထူးခြားမှုဝိသေသများအပေါ်မူတည်၍ အုပ်စုများခွဲခြားလေ့လာလျက်ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်-၁၉ ဗိုင်းရပ်မျိုးကွဲများအား အဓိကအုပ်စုနှစ်စု ခွဲခြားမှတ်တမ်းတင် စောင့်ကြည့်လေ့လာလျက် ရှိပါတယ်။ ၎င်းတို့မှာ-
- Variants of interest (သတိမူရမည့်မျိုးကွဲအုပ်စု)
- Variants of concern (စိုးရိမ်ဖွယ်မျိုးကွဲအုပ်စု)
Variants of interest (VOIs) တွင် ထည့်သွင်းရန် စဉ်းစားရာ၌ ထူးခြားသော မျိုးဗီဇပြောင်းလဲမှုရှိသည့် ကိုဗစ်-၁၉ မျိုးကွဲတစ်ခုသည် လူ့ခန္ဓာတွင်တွယ်ကပ်နိုင်မှု၊ ကာကွယ်ဆေးများ၏ အာနိသင်လျော့စေမှု၊ ကုသမှုပိုင်းတွင်ထိရောက်မှု လျော့နည်းစေမှု၊ ရောဂါရှာဖွေမှု ပေါ်တွင် သက်ရောက်မှု၊ ရောဂါပိုမိုကူးစက်စေမှု၊ ရောဂါပြင်းထန်မှု စသည့်အချက်များနှင့် ပတ်သက်ဆက်နွှယ်မှုရှိနေပါက ၎င်းမျိုးဗီဇ ပြောင်းလဲမှုကိုပိုင်ဆိုင်သည့် ဗိုင်းရပ်မျိုးကွဲများကို သတိမူရမည့် မျိုးကွဲအုပ်စုတွင်ထည့်သွင်းပါသည်။
Variants of concern(VOCs) ဆိုသည်မှာ ဗီဇပြောင်းမျိုးကွဲတစ်ခုသည် ကူးစက်မှုပိုမိုမြန်ဆန်လာခြင်း၊ ရောဂါပြင်းထန်မှုပိုမိုလာခြင်း၊ ရောဂါလက္ခဏာပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေခြင်း၊ ရောဂါကာကွယ်ရေးပိုင်းဆိုင်ရာတွင် ပိုမို၍ကန့်သတ်ချက်များ ရှိလာ စေခြင်း၊ ရောဂါကုသရေး၊ ရှာဖွေရေးနှင့် ကာကွယ်ဆေးပိုင်းဆိုင်ရာတွင် ထိရောက်မှုများလျော့နည်းစေခြင်း စသည့် ဝိသေသများ ရှိကြောင်း အထောက်အထား ခိုင်ခိုင်မာမာပြနိုင်သည့် ဗီဇပြောင်းမျိုးကွဲများကို ဆိုလိုခြင်းဖြစ်ပါတယ်။
ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး၏ ဗီဇမျိုးကွဲတစ်ခုဖြစ်သော Delta ဗီဇမျိုးကွဲဗိုင်းရပ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအခါတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံသို့ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ Delta ဗီဇမျိုးကွဲဗိုင်းရပ်သည် ကူးစက်မှုနှုန်းမှာ ယခင်မျိုးကွဲများထက် ၂ ဆခန့်ပိုမိုမြန်ဆန်ပြီး ရောဂါမှာလည်းပိုမိုပြင်းထန်ပါသည်။ ထို့ပြင် ကာကွယ်ဆေးထိုးထားပြီးသူများတွင်လည်း ကူးစက်ခံရမှုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ၎င်း Delta ဗီဇမျိုးကွဲ ဗိုင်းရပ်ကြောင့် ၂၀၂၁ ခုနှစ် ဧပြီလနှင့် မေလတို့အတွင်း အိန္ဒိယနိုင်ငံတွင် အလွန်ပြင်းထန်သော ကိုဗစ်-၁၉ တတိယလှိုင်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ထိုအချိန်ကတည်းကပင် ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ဆေးတပ်ဖွဲ့သည် အဆိုပါဗီဇကွဲ ဗိုင်းရပ်နှင့် ပတ်သက်သည့် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ထားရှိခဲ့သလို တပ်မတော်ဆေးသုတေသနတပ် အနေဖြင့်လည်း မျိုးဗီဇပြောင်းလဲမှု အား စောင့်ကြည့်လေ့လာမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် မျိုးဗီဇပြောင်းလဲမှုများလေ့လာရန်အတွက် ၂၀၂၁ ခုနှစ် ဇွန်လ ပထမပတ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် နယ်စပ်ဒေသ မြို့အချို့မှ နှာခေါင်းတို့ဖတ်နမူနာ ၁၁ ခုအားရယူ၍ မျိုးဗီဇလေ့လာခြင်း သုတေသနအား တပ်မတော်ဆေးသုတေသနတပ်တွင် ဆောင်ရွက်ခဲ့ရာ Delta မျိုးကွဲ ငါးဦး ၊ Alpha မျိုးကွဲ နှစ်ဦးနှင့် Kappa မျိုးကွဲ လေးဦးတို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လ၌ ပြုလုပ်ခဲ့သည့် မျိုးဗီဇလေ့လာခြင်းသုတေသနတွင် နမူနာ ၁၅ ခုအား စစ်ဆေးခဲ့ရာ ၁၅ ခုလုံးသည် Delta မျိုးကွဲဖြစ် ကြောင်း တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် Delta မျိုးကွဲသည်မြန်မာနိုင်ငံတွင် ယခုတတိယလှိုင်းဖြစ်ပွားမှု၏ အဓိကအကြောင်း ရင်းဖြစ် ကြောင်း သုံးသပ်ရရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါကို ဖြစ်ပွားစေသော ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး၏ မျိုးဗီဇပြောင်းလဲမှုအား စောင့်ကြည့် လေ့လာခြင်း(Genomic Surveillance)သည် အဆင့်မြင့်နည်းပညာများလိုအပ်ပြီး ကုန်ကျစရိတ်ကြီးမားသည့်အပြင် ကျွမ်းကျင်ပညာရှင်များလည်း လိုအပ် သည့်အတွက် ကမ္ဘာ့နိုင်ငံအများစုတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။ လက်ရှိအချိန်တွင် (Genomic Surveillance) ပြုလုပ်ခြင်းကို ဦးဆောင်နေသည့် ဗြိတိန်၊ အမေရိကန်၊ တရုတ်နှင့် အခြားသော နိုင်ငံကြီးအချို့တွင်ပင် အမှန်တကယ် လုပ်ဆောင်သင့်သည့် ပမာဏထက် လျော့နည်းလျက်ရှိနေသည်ကို တွေ့ရှိရပါတယ်။
မျိုးဗီဇပြောင်းလဲမှုအားလေ့လာခြင်းသုတေသန (Genomic Sequencing) သည် ဗိုင်းရပ်မည်သို့ ပြောင်းလဲနေသည်ကိုနားလည်ရန်၊ ကုသဆေးများနှင့် ကာကွယ်ဆေးအသစ်များ ဆက်လက်ထိရောက်မှု ရှိ/မရှိ ဆုံးဖြတ်ရန်တို့အတွက် အလွန်အရေးကြီးပါတယ်။ ဗိုင်းရပ်ပိုး၏ စဉ်ဆက်မပြတ်ဗီဇပြောင်းလဲနေခြင်းကို တစ်ကမ္ဘာလုံးဆိုင်ရာအားဖြင့် ခြုံငုံမိအောင် လက်ဦးမှုရယူပြီး စောင့်ကြည့် လေ့လာရန် လိုအပ်သည့်အတွက် တပ်မတော်ဆေးသုတေသနတပ်အနေဖြင့်လည်း အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် လေ့လာမှု များကို ပုံမှန်ဆောင်ရွက်နိုင်အောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အပြင် တပ်မတော်ဆေးတပ်ဖွဲ့အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မျိုးဗီဇစောင့်ကြည့်လေ့လာခြင်း သုတေသန(Genomic Sequencing)ကို အကြိမ်ရေ များများ ဆောင်ရွက် နိုင်သော်လည်း မိမိတို့နိုင်ငံအနေဖြင့် နည်းနည်းနှင့်ကျဲကျဲဝိုင်းကာ နေရာဒေသအစုံအလင်အား လွှမ်းခြုံနိုင်အောင် ရွေးချယ်၍ လုပ်ဆောင်နေရပါတယ်။ တစ်ဖက်တွင်လည်း (Genomic Sequencing) ပြုလုပ်ခြင်းသည် ကုန်ကျစရိတ် ကြီးမားသည့် အတွက် အကြိမ်ရေများများဖြင့် မကြာခဏဆောင်ရွက်ရန် အခက်အခဲရှိပြန်ရာ ကူးစက်မှုမြင့်မားသည့်အချိန်များနှင့် အခြားသံသယ ဖြစ်ဖွယ် ကူးစက်မှုများရှိလာသည့် အချိန်များတွင်သာအဓိကထား၍လုပ်ဆောင်ရပါတယ်။ ယခုနောက်ပိုင်းတွင် နှစ်လတစ်ကြိမ် ဆောင်ရွက် နိုင်ရန် ရည်မှန်းထားပြီး နမူနာများရယူရာတွင်လည်း အသက်အရွယ်၊ ကျား^မ၊ နာတာရှည် ရောဂါ အခံရှိသူ၊ ရောဂါ လက္ခဏာပြင်းထန်သူ၊ ကာကွယ်ဆေးထိုးထားပြီးကူးစက်ခံရသူ၊ သေဆုံးသူ စသဖြင့် လေ့လာသင့်သည့် အမျိုးအစား စုံလင်စေရန် နမူနာများကို ရယူဆောင်ရွက်ရေး စီစဉ်လျက်ရှိပါတယ်။
အချုပ်အားဖြင့်ဆိုသော် တတိယလှိုင်းကာလအတွင်း ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများပြားရခြင်း၏ အဓိကအကြောင်းရင်းမှာ Delta မျိုးကွဲကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ကိုဗစ်-၁၉ ဗိုင်းရပ်၏ မျိုးရိုးဗီဇပြောင်းလဲမှုကိုစောင့်ကြည့်ခြင်းဟာ ကူးစက်နိုင်ခြေ ပိုမိုမြင့်တက်ခြင်း၊ ရောဂါပြင်းထန်မှု သို့မဟုတ် ပြည်သူ့ကျန်းမာရေးနှင့် လူမှုရေးထိန်းချုပ်မှုအစီအမံများအပေါ် အခြားဆိုးရွားသော သက်ရောက်မှုများဖြစ်စေနိုင်သော ဗိုင်းရပ်မျိုးကွဲများပေါ်ထွက်မှု ရှိ/မရှိကို ရှာဖွေ၊ စောင့်ကြည့်အကဲဖြတ်ရန် လိုအပ်ပါတယ်။ ဒါ့ကြောင့် စုစည်းတည်ဆောက်ထားသော မျိုးဗီဇစောင့်ကြည့်ခြင်း (Integrated Genomic Sequencing) စနစ်တစ်ခုရှိရန် အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အဆိုပါစောင့်ကြည့်မှုမှ တွေ့ရှိရသည့် ကိုဗစ်-၁၉ မျိုးကွဲများ၏ ပြောင်းလဲမှုများနှင့် အသစ်ဖြစ်ပေါ်မှုများကို အချိန်နှင့်တစ်ပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်မှသာလျှင် ကိုဗစ်-၁၉ ကြောင့် ကူးစက်မှုနှင့်သေဆုံးမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ် ကြောင်း သုံးသပ်တင်ပြရပါတယ်။ ။
ကိုဇေ