
ယမန်နေ့မှအဆက်
“မငိုရဘူးလေ...မင်းပညာ သင်ချင်တယ်ဆို...”
ဘဘဘုန်းဘုန်းက လှမ်းပြောသည်။ မည်သို့မျှ ဆောက်တည်၍ မရတော့ပါ။ မည်သို့ဖြစ်မှန်းမသိ။ ထိန်းချုပ်၍မရတော့ပါ။ “ကဲ...ဒါဆိုရင်လည်း ဘုန်းဘုန်းမပြန်သေးပါဘူးကွာ ...မငိုနဲ့တော့ တိတ်တိတ်...”
ဘဘဘုန်းဘုန်းက အားပေးနှစ်သိမ့်သည်။ ဘဘဘုန်းဘုန်း မပြန်သေးဘူးဆို၍ အားရှိသလို ဖြစ်ရသည်။ ငိုရှိုက်နေသည်များ သက်သာလျော့ပါးသွားသည်။ ဘဘဘုန်းဘုန်း မိဘမဲ့ကျောင်းမှာ တစ်ညအိပ်ပါသည်။ ကိုယ်နှင့်အတူ ဘဘဘုန်းဘုန်းရှိနေသေးသည် ဆိုသောအသိက စိတ်သက်သာရသော်လည်း ညအိပ်သောအခါ အိပ်ရာထဲမှာ မျက်ရည်မဆည်နိုင်ဖြစ်ရသည်။ ရွာကိုသတိရသည်။ အိမ်ကိုသတိရသည်။
အဖေကြီးကိုသတိရသည်။ ဦးလေးကိုသတိရသည်။ သတိအရဆုံးမှာ အမေကြီးဖြစ်သည်။ ရွာမှထွက်လာစဉ်က စာသင်ချင်စိတ်ကြီးမားနေသည်။ စာသင်ရမည်ကို ဝမ်းသာသည်။ ဤသို့လွမ်း လွမ်းဆွေးငိုကြွေးရလိမ့်မည်ဟု လုံးဝမတွေးမိ။ ကိုယ့်ကိုယ်ကိုယ်ပင် မကျေမနပ် ဖြစ်မိရလေသည်။ နောက်တစ်နေ့တွင် ဘဘဘုန်းဘုန်း ပြန်ကြွခါနီးမှာ ကန်တော့နှုတ်ဆက် ရသည်။ မောင်ငြိမ်းချမ်းရှိုက် ကြီးတငင်ငိုမိသည်။ ဘဘဘုန်းဘုန်းက ပညာတတ်အောင် ကျောင်းနေရခြင်းဖြစ်ကြောင်း၊ မြို့ကြီးပြကြီးမှာ ပညာသင်ခွင့်ရတာ ဝမ်းသာစရာဖြစ်ကြောင်း၊ ကိုယ့်လိုကလေးတွေ အများကြီးရှိကြောင်း၊ နောက်တော့ ပျော်သွားမှာဖြစ်ကြောင်း အားပေးစကား ပြော၍ ပညာကို ကြိုးစားသင်ရန်ဆုံးမသည်။
မောင်ငြိမ်းချမ်းပါးစပ်မှ ဘာမျှပြန်မပြောနိုင်၍ ဘဘဘုန်းဘုန်းကို ခေါင်းညိတ်ပြသည်။ ဘဘဘုန်းဘုန်း စိတ်မကောင်းဖြစ်မှာစိုး၍ မငိုမိအောင် ကြိုးစားသည်။ မရပါ။ မျက်ရည်များက အဆက်မပြတ်စီးကျလာသည်။ မရှိုက်မိအောင်ကြိုးစားသည်မရ ရှိုက်သံက အလိုလို ထွက်လာသည်။ ဘဘဘုန်းဘုန်း စိတ်မကောင်းစွာနှင့် ပြန်ကြွသွားရသည်။ ရွာနှင့်အဝေးကြီးမှာ မိဘဘိုးဘွားနှင့် ဆွေဝေးမျိုး ဝေးအသိအကျွမ်း တစ်ယောက်မျှမရှိသော နေရာမှာ မောင်ငြိမ်းချမ်း တစ်ယောက်တည်းကျန်ခဲ့ပြီ။ အားငယ်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။
သူ့အတွက် သတ်မှတ်ပေးထားသော နေရာလေးမှာ မောင်ငြိမ်း ချမ်းသွားထိုင်လိုက်သည်။ ထိုနေရာတွင် အမေကြီး ပေးလိုက်သော ထန်းခေါက်ဖာလေးရှိသည်။ အထဲမှာ အမေကြီး ထည့်ပေးလိုက်သော အဝတ်ကလေးများ ရှိသည်။ အဝတ်ဖာလေးအနီးနေရသည်မှာ အမေကြီးအနား ကပ်နေရသလို ခံစားရသည်။ အလွမ်းအဆွေး သက်သာသည်။ သို့သော် မျက်ရည်ကျသည်ကမရပ်။ ငိုရှိုက်ရသည် ကလည်း လျော့ပါးခြင်းမရှိ။ ငိုနေရင်းမှ မကုန်နိုင် မခန်းနိုင်ကျဆင်းနေသော မျက်ရည်များကို အံ့သြမိရသေးသည်။
“မငိုပါနဲ့ကွာ ...မင်းကလည်း...လာပါ...ငါတို့ နဲ့ကစားရအောင်”
မောင်ငြိမ်းချမ်းအရွယ် အသက် ရှစ်နှစ်ခန့်ရှိသော ကောင်လေးတစ်ယောက်ကလာခေါ်နေသည်။ မောင်ငြိမ်းချမ်းခေါင်းရမ်းပြသည်။ မျက်ရည်များ က စီးကျဆဲ။
“ငါလည်းရောက်စက မင်းလိုပဲ။ နောက်တော့ပျော်သွားတာပါပဲ...”
အခုကျောင်းပိတ်ထားလို့ လူနည်းနေတာပါ။ ကျောင်းပြန်ဖွင့်ရင် လူတွေအများကြီး ရောက်လာမှာ ပိုပျော်စရာကောင်းတယ်...မင်းပျော်မှာပါ...”
အားပေးစကားပြောနေသော အရွယ်တူကောင်လေးကို မောင်ငြိမ်းချမ်းခင်မင်စိတ်နှင့် လှမ်းကြည့်လိုက်သည်။ မျက်ရည်များကကျနေဆဲ။
“လာ...သွားကစားမယ်...”
ကောင်လေးကထပ်ခေါ်သည်။ မောင်ငြိမ်းချမ်းခေါင်းရမ်းပြလိုက်သည်။
“မင်းနာမည် ဘယ်သူလဲ...”
ကောင်လေးက မောင်ငြိမ်းချမ်းကိုကြည့်ပြီး မိတ်ဆက်နေသည်။ မောင်ငြိမ်းချမ်း ပြန်ပြော ချင်သည်။ သို့သော်ပြော၍မရ။ ပြောရန်ကြိုးစားလျှင် အသံမထွက်။ မျက်ရည်များသာ ထွက်လာသည်။ နောက်ဆုံးတော့ကောင်လေးက ဆက်မပြောချင်၍လား သနား၍လားမသိ။ မောင်ငြိမ်းချမ်းအနားမှ ထသွားသည်။ မောင်ငြိမ်းချမ်းစိတ်ထဲမှာ ကျောင်းမြန်မြန်ဖွင့်စေ ချင်သည်။ ကျောင်းဖွင့်၍စာသင်နေရလျှင် အမေကြီးနှင့်ရွာကို လွမ်းစိတ်သက်သာမည် ထင်သည်။
မောင်ငြိမ်းချမ်း မိဘမဲ့ကျောင်းသို့ ရောက်လာသည်မှာ အချိန်အခါမဟုတ်ပါ။ ဘဘဘုန်းဘုန်း ရွာသို့ရောက်လာစဉ် အခွင့်ကောင်းယူ၍ မိဘမဲ့ကျောင်းသို့ ပို့ပေးရန် အဖေကြီးက အကူအညီ တောင်းခြင်းဖြစ်သည်။ ဘဘဘုန်းဘုန်းကလည်း ကျောင်းပိတ်ရက် ကျောင်းဖွင့်ရက် မစဉ်းစား နိုင် သူရွာမှပြန်သည်နှင့် မောင်ငြိမ်းချမ်းကိုခေါ်သွားပြီး မန္တလေးမိဘမဲ့ကျောင်းသို့ ပို့ခဲ့ခြင်း ဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက် ဖြစ်နေသည်။ ဘော်ဒါကျောင်းသားအားလုံးနီးပါး အိမ်ပြန်ရောက် နေကြသည်။ မိဘမရှိကြသော်လည်း အစ်ကို၊ အစ်မ၊ ဦးလေး၊ အဒေါ်၊ အဘိုး၊ အဘွား ဆွေမျိုးသားချင်းများရှိရာ နေအိမ်သို့ပြန်သွားကြခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်းကို ကစားရန် ခေါ်ပြီး အားပေးစကားပြောသည့် မောင်မောင်လေးသာ ဘယ်မှပြန်စရာမရှိ၍ ကျောင်းမှာ ကျန်နေခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မိဘမဲ့ကျောင်း ဘော်ဒါမှာ လူနည်း၍တိတ်ဆိတ်ခြောက်ကပ်နေ၏။ ဆရာတော် ဦးပဝရ ရှိသော်လည်း ဆရာတော်ကသူ့အလုပ်နှင့်သူ အမြဲရှုပ်နေသည်။ ကောင်းစွာတွေ့မြင်ခွင့်ရဖို့ ပင်မလွယ်။
ဆက်လက်ဖော်ပြပါမည်။