တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ (၄) သန်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ
နေပြည်တော် အောက်တိုဘာ ၂
ကျန်းမာရေး ဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိပါသည်။ ထိုသို့ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး doses (၂၄)သန်း စာချုပ် ချုပ်ဆို ဝယ်ယူထားသည့်အနက် ကာကွယ်ဆေး အကြိမ်ရေ (၄) သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၂-၁ဝ-၂ဝ၂၁) ရက်နေ့ ညနေ (၅းဝဝ) နာရီတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်း မပျက်ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ပါသည်။
ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည် အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေး အစီအစဉ်များအလိုက် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပါသည်။
၂-၁ဝ-၂ဝ၂၁ နေ့အထိ ကာကွယ်ဆေးများ ရောက်ရှိလာမှု အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂ )သန်း၊ Sinopharm (၁၄) သန်း၊ Sinovac (၂) သန်း စုစုပေါင်း (၁၈) သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး doses (၅)သန်းကျော်အားလည်း လက်ခံရရှိပြီး ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁-၁ဝ-၂ဝ၂၁)ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၈၂၆၄၁၅၇) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၃၈၆၃၃၄၄) ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ (၄၄ဝဝ၈၁၃) ဦးရှိပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ (၁-၁ဝ-၂ဝ၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၂၁၂၇၅ဝ၁) ကြိမ် ထိုးနှံပြီးဖြစ်ပါသည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန