ငပုတောမြို့နယ်၊ ပြင်ခရိုင်တိုက်နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concertrator များ လှူဒါန်း၊ ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့တို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက် ပြီးစီးမှု အခြေအနေများအားကြည့်ရှု
နေပြည်တော်၊ အောက်တိုဘာ - ၆
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်တိုက်နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concertrator ၂ လုံး နှင့် အဆိုပါဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့တို့၌ အောက်ဆီဂျင် ထုတ်လုပ်မည့် စက်ရုံတည်ဆောက်နေသည့်အခြေအနေများနှင့် တည်ဆောက် ပြီးစီးသည့်အောက်ဆီဂျင်စက်ရုံတို့အား သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။