ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး ယမန်နေ့မှအဆက် အမှတ်စဉ်(၇)

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး
ယမန်နေ့မှအဆက်

အမှတ်စဉ်(၇)

၁၁။ ကိုယ်လုပ်တော် ကောင်းတုံမြို့စား သီရိစိတ္တာ မဟေတွင် ဖွားမြင်သူ သမီးတော်ညောင်အုပ်

မြို့စား သီရိသာမာဝတီတစ်ပါး။

၁၂။ ကိုယ်လုပ်တော် နွယ်တမယ်ရွာစားမှ

(က)   သမီးတော် ငယ်ကကွယ်လွန်

(ခ)     သားတော်မောင်တုတ် ၁၅ နှစ်မှကွယ်လွန်

(ဂ)    သားတော်ငယ်က ကွယ်လွန်

(ဃ)   သားတော်ငယ်ကလွန် စုစုပေါင်း ၄ ပါး

၁၃။ ကိုယ်လုပ်တော် မယ်ဖားတွင် ဖွားမြင်သော

သားတော် ငယ်စဉ်က ကွယ်လွန် တစ်ပါး။

၁၄။ ကိုယ်လုပ်တော် မယ်ရွှေကြာတွင် ဖွားမြင် သော သမီးတော်တစ်ပါးငယ်က ကွယ်လွန်။

၁၅။ ကိုယ်လုပ်တော် မယ်အိပူတွင် သားတော်လှိုင်မြို့စား မင်းသားသီရိမဟာဓမ္မရာဇတစ်ပါး ဖွားမြင်သည်။

၁၆။ ကိုယ်လုပ်တော် မယ်ပိုးပွားတွင် ဖွားမြင်သောသားတော်တစ်ပါးမှာ ငယ်စဉ်က ကွယ်လွန် သည်။စုစုပေါင်း မိဖုရားခေါင်ကြီးအပါဝင် မိဖုရား၊ ကိုယ်လုပ်တော်ပေါင်း ၁၆ ယောက်မှဖွားမြင်သမျှ သားတော်၊ သမီးတော်တို့မှာ သားတော် ၂၀၊ သမီးတော် ၁၇ ပါးတို့ဖြစ်ကြသည်။

အထူးသဖြင့် ရွှေဘိုမင်းတရားကြီးဘုရင်မင်းအဖြစ်ရောက်တော်မူမှ သားတော်၊ သမီးတော်များမှာ တစ်ပါးမှထပ်မံဖွားမြင်ခြင်းမရှိတော့ပေ။

သားတော်ပုဂံမင်းသည် ခမည်းတော်ရွှေဘိုမင်းတရားကြီး၏အရိုက်အရာ ထီးမွေနန်းမွေဆက်ကို သက္ကရာဇ် ၁၂၀၈ ခုနှစ် တပေါင်းလဆန်း ၁၃ ရက်၊ စနေနေ့တွင် ဆက်ခံသိမ်းပိုက်တော်မူသည်။ မိဖုရား

ခေါင်ကြီးမှာ ဘေးတော်ဖြစ်သော ဘိုးတော်ဘုရား၏ သားတော်မက္ခရာမင်းသားကြီး၏သမီးတော် သီရိသု ရတနာပဘာဒေဝီဖြစ်သည်။ ခမည်းတော်ရွှေဘို မင်းတရားကိုယ်တော်တိုင်က သားတော် ပုဂံမင်း ကို မင်းသားဘဝကပင်  လက်ထပ်ပေးတော်မူခဲ့ပြီးသူ ဖြစ်သည်။

ပုဂံမင်းသည် ယင်းမိဖုရားခေါင်ကြီးနှင့်အတူ ခြင်္သေ့ ခံသောရွှေနန်းဥကင် သီဟာသနရာဇာပလ’င်တော်သို့ မိဖုရားခေါင်ကြီးနှင့်အတူ ထွက်စံ၍ ထီးဆောင်းမင်္ဂလာ၊ မဟာဥကင်သဖွင့်တော်မူပြီးလျှင် သီရိသုဓမ္မတိလောက ပဝရမဟာရာဇာဓိ ရာဇာမည်သောဘွဲ့တံဆိပ်တော် နာမတော်ကို မြတပ် ပတ္တမြားအပြည့်စီ ရှစ်ထောင့် ကွမ်းခွက်တွင်တင်၍ အတွင်းဝန်ပေါက်မြိုင်မြို့စား မင်းကြီး မင်းလှမဟာကျော်ထင်က ဖတ်လျှောက်ပြီးလျှင် ညီတော် မင်းတုန်းမင်းသီရိသုမဟာဓမ္မရာဇာက  ဘွဲ့တော်ကို ဆက်သရလေသည်။

သီရိတိလောကမဟာရတနာဒေဝီမည်သော မိဖုရား ခေါင်ကြီး၏ဘွဲ့နာမတော်ကိုလည်း မြတပ် ပတ္တမြား အပြည့်စီ ရှစ်ထောင့်သောကွမ်းခွက်တင်၍ အတွင်းဝန် ဇရွံမြို့စား သတိုးမင်းကြီး မဟာမင်း လှနော်ရထာက ဖတ်လျှောက်ပြီးလျှင် ညီတော်ကနောင်မင်းသားသတိုး မင်းရဲကျော်ထင်က ဆက်သရလေသည်။

ပုဂံမင်း၏နန်းသိမ်းဘိသေကသဘင်ခံရာတွင်  ရောက်လာသောစော်ဘွား၊ မြို့စား စသည်တို့ကလည်း

လက်ဆောင်တော်အသီးသီးနှင့်  အသင့်ရောက်ရှိမြဲ ရောက်ကြရလေသည်။

ဘိသေကမင်္ဂလာသဘင် ဆင်ယင်ရာ နေ့ထူးနေ့မြတ်  အခါ မင်္ဂလာအထိမ်းအမှတ်အဖြစ် ထောင်တန်း အကျဉ်း ကျနေရသူများကိုလည်း အကျဉ်းမှလွှတ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးလျှင် အိမ်တော်ပါ အမှုတော်ထမ်း  များကိုလည်း တခမ်းတနားချီးမြှင့်သူကောင်းပြုတော်မူလေသည်။

ပုဂံမင်း စတင်သူကောင်းပြုသူများကို အစဉ်အတိုင်း မိဖုရားများမှ အစပြု၍ ရေးသားတင်ပြရပေမည်။

၁။      ရွှေနန်းအခေါင် တောင်ညာစံထား မိဖုရားကြီး အပြင် ပုဂံမင်းသားအဖြစ် မင်္ဂလာအိမ်တော် စံစဉ်က။

၂။      အိမ်တော်ပါမိဖုရား သီပေါမြို့စားကို မြောက် နန်းတင်ပြီးလျှင်  “သီရိမဟာရတနာဒေဝီ”ဟူ၍

ဘွဲ့နှင်းအပ်သည်။

၃။      မင်္ဂလာအိမ်တော်ပါ စလင်းမြို့စားကို အလယ် နန်းမိဖုရားအဖြစ် တင်ပြီးလျှင် “သီရိတိလောက

အတုလ ရတနာဒေဝီ”ဟူ၍ ဘွဲ့နှင်းအပ်သည်။

၄။      မိုးညှင်းမင်းသားသမီး မြတောင်မြို့စားကို အနောက်နန်းမိဖုရားအဖြစ် ထားပြီးလျှင် “သီရိ

ရတနာစန္ဒာမဟေ” ဟူ၍ ဘွဲ့အပ်နှင်းသည်။

၅။      မင်္ဂလာအိမ်တော်ပါ ရမည်းသင်းမြို့စားကို မြောက်ဆောင်တော်မိဖုရားအဖြစ်ထားပြီးလျှင်

“သီရိရတနာနန္ဒာမဟေ”ဟူ၍ ဘွဲ့အပ်နှင်းသည်။

၆။      မင်္ဂလာအိမ်တော်ပါ မိုးကောင်းမြို့စားကို  တောင်ရွှေရေးဆောင် မိဖုရားထားပြီးလျှင်

“သီရိသုစန္ဒာနန္ဒာမဟေ”ဟူ၍ ဘွဲ့အပ်နှင်းသည်။

၇။      မင်္ဂလာအိမ်တော်ပါ ဝါကျမင်းမြို့စားကို  မြောက်ရွှေရေးဆောင်  မိဖုရားထားပြီးလျှင်

“သီရိသုပတာစန္ဒာ မဟေ”ဟူ၍ ဘွဲ့နှင်းသည်။

ယင်းသို့  နန်းရဆောင်ရ  မိဖုရားများအပြင်  ကျန်မိဖုရားများကိုလည်း ဘွဲ့အမည်ပေးအပ်နှင်းရာ-

၁။      မိုင်းလုံမြို့စားကို သီရိကေသာမလ’မဟေ။

၂။      စကုမြို့စားကို သီရိနန္ဒမလ’မဟေ။

၃။      မြန်အောင်မြို့စားကို  သီရိသုတရတနာမဟေ။

၄။      ကာမမြို့စားကို သီရိသုမြတ်စွာမဟေ။

၅။      ရွှေကူမြို့စားကို သီရိသုရတနာဝတီ။

၆။      ခဲပေါင်မြို့စားသမီးကို သီရိသုရတနာမင်္ဂလာဝတီ။

ညီတော် မင်းတုန်းမင်း  သီရိသုမဟာဓမ္မရာဇာအား “သီရိမဟာသီဟသူရဓမ္မရာဇာ” ဟူ၍ လည်းကောင်း။ ညီတော် ကနောင်မင်းသား သတိုးမင်းရဲကျော်စွာကို “သီရိမဟာဓမ္မရာဇာ” ဟူ၍ လည်းကောင်း ဘွဲ့ပေးတော်မူပြီး လွှတ်တက်မင်းသားကြီးများ အခွင့်အာဏာတိုးမြှင့် ပေးသည်။

ဆက်လက်ဖော်ပြပါမည်။

ဒဂုံခင်ခင်လေး