ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၈) ယမန်နေ့မှအဆက်

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၈)

ယမန်နေ့မှအဆက်

အခြားသောမင်းညီမင်းသားများကိုလည်း ဘွဲ့အမည်များ တိုးမြှင့်ပေးသည်။ မှူးတော် မတ်တော်ကြီးများကအစ ဗိုလ်မှူး၊ တပ်မှူး ဝန်စု ဝန်စာရေး စာချီမှစ၍အရာထမ်း အမှုထမ်းများအား အဆင့်အတန်းတိုး၍မြှောက်စားခြင်း၊ ဘွဲ့မည်ရည် အထိုက် အလျောက်တိုးမြှင့်ပေးမြဲအတိုင်း ပေးခဲ့သည်။

ပုဂံမင်း မင်းသားဘဝ၊ အိမ်ရှေ့မင်းဘဝက ထမ်းရွက်ခစားကြသော တပည့်ကျေးကျွန် အများစုကိုလည်းမင်္ဂလာအိမ်တော်ပါ တပည့်များကို နန်းတက်စဘုရင်တို့ ထုံးစံအတိုင်း ထူးထူးခြားခြားမြှောက်စားသူကောင်းပြုတော်မူပါသည်။ သည်အထဲတွင် မင်္ဂလာ အိမ်တော်ပါ ကျေးတော်မျိုး။ ကျွန်တော်မျိုး အရင်းအချာများအနက်မှ အထူးသူတော် ကောင်းပြုခံရသူမှာ ဇေဒဘာရီကုလားစပ်“ဘိုင်ဆပ်”သည် ထိပ်ဆုံးကပါလာလေ သည်။ သူ့နောက်တွင် မြို့စားရေးမောင်ပိန်ဖြစ်ပါ သည်။ သူတို့နှစ်ဦး ပေါင်းဆုံမိသော အခါ အမရပူရနေပြည်တော်ကြီး၌ “ဓားအထက်ဆုံးပုဂ္ဂိုလ်”ဖြစ်လာလေသည်။

ပုဂံမင်းသည် ဘုရင်ဧကရာဇ်တို့ ထုံးတမ်းအစဉ်အလာအတိုင်း ပြုမူနေထိုင်ရသည်။ တိုင်းရေးပြည်ရာတို့၌သုံးသပ်ညှိနှိုင်းဆွေးနွေးမှုစီရင်ခင်းစီရင်ဖွယ်ကိစ္စများကို ပြတ်သား တိကျစွာ အမိန့်တော်ထုတ်ပြန်မှုတို့ပင်ပြုငြားသော်လည်း လွှတ်တော်ထဲတွင် အိမ်ရှေ့ မင်းသဖွယ် စီရင်ခင်းစီရင်ဖွယ်တို့နှင့် တိုင်းပြည်နိုင်ငံအရေး၊သာသနာရေးများမှာအများ အားဖြင့် မင်းတုန်းမင်းကြီးကသာ စီမံရွက်ဆောင်လျက်ရှိသည်။ မှူးတော်မတ်တော်များ မှာလည်း မင်းတုန်းမင်းသားကြီးနှင့်သာအများအားဖြင့် အတူတကွ တိုင်းရေးပြည်မှုပြုစု ရွက်ဆောင်ကြရသည်။

ထုံးတမ်းစဉ်လာအတိုင်း ပုဂံမင်းသည် ခမည်းတော်ရွှေဘိုမင်းတရားကြီး နတ်ရွာစံ တော်မူ၍ မင်းအဖြစ်ကို ဆက်ခံသိမ်းယူတော်မူသောနေ့မှာပင် ပုဂံမင်းသည် တရား သဖြင့် မင်းအဖြစ်သို့ရောက်တော်မူသောအကြောင်းကို နိုင်ငံတော်အတွင်းရှိ တိုင်း နေပြည်သူရှင်လူအပေါင်းတို့ထံ ပျံ့နှံ့အောင် ကြားသိစေခြင်းအလို့ငှာ ပြည်သူအပေါင်း တို့ကို ငြိမ်ဝပ်အေးမြချမ်းသာစွာနှင့် ရောင်းဝယ်ဖောက်ကား ကူးသန်းသွားလာနိုင် ကြစေခြင်း၊ နေမြဲထိုင်မြဲအေးချမ်းသာယာစွာ နေထိုင်စေခြင်းငှာ စေ့နှံ့အောင် မောင်းကြေးနင်းလှည့်လည်တီးခတ်ကြေညာစေပါသည်။

ရှေးခေတ်မှာ သတင်းစာ၊ ရေဒီယိုစသည်များမပေါ်ပေါက်မီကပင်ဖြစ်၍ တိုင်းပြည်သူ လူထုအား မောင်းကြေးနင်းလှည့်လည်ခြင်းဖြင့် အစိုးရပြန်တမ်းများ ထုတ်ပြန် ကြေညာလေ့ရှိသည်။

နန်းတွင်းကိစ္စများမှာလည်း ရှေးထုံးစံနှင့်အညီဝင်းတော်လေးမျက်နှာ ကိုယ်ရံတော်၊ ရွှေမြို့တော်လေးမျက်နှာ၊ တံခါးဆယ့်နှစ်ရပ်၊ အစောင့်အနေအမှုထမ်းကိုလည်း ရာဇဝတ်မင်းညီမင်းသား မှူးတော်မတ်တော်၊ ဗိုလ်မှူးတပ်မှူး၊ ဒိုင်းမှူးအသင်းမှူးမှစ၍ အမှုထမ်းအပေါင်းတို့ကိုလည်း သစ္စာတော်ပေးမြဲ ထုံးစံအတိုင်း သစ္စာတော်ပေးကြရလေ သည်။

နိုင်ငံတော်အတွင်းရှိ ထီးရံ၊ နန်းရံစော်ဘွား၊ မြို့စားတပ်ပေါင်းစား၊ မြို့ဝန်စစ်ကဲများ ကိုလည်း အသီးသီးထုံးစံနှင့်အညီ သင့်ရာသင့်ရာတို့ကို ခန့်အပ်သစ္စာတော်ပေးမြဲ ထုံးစံ သစ္စာတော်ပေးလေသည်။

တိုင်းနိုင်ငံအတွင်း ပြည်သူလူထုအပေါင်းတို့ ငြိမ်ဝပ်ချမ်းသာစေခြင်း အကျိုးငှာ တိုင်းရေးပြည်မှုအစပြု၍တရားစကား အယှက်အတင်ရှိသည်များကိုလည်း ညီတော် မင်းတုန်းမင်းသီဟသူရဓမ္မရာဇာကိုဆိုခဲ့ပြီး သည့်အတိုင်း လွှတ်တော်သို့တက်၍ စီရင်မြဲ စီရင်စေရသည့်အပြင် မက္ခရာမင်းသားကြီး မဟာသီရိသုဓမ္မရာဇာကိုလည်း မင်းတုန်းမင်းနှင့်လွှတ်တက်စီရင်စေရလေသည်။

ပုဂံမင်းတရားကြီးသည် မယ်တော်ဖြစ်သော ရွှေဘိုမင်းတရားကြီး၏ မိဖုရားခေါင်ကြီးကို ခမည်းတော်မင်းတရားကြီးရှိစဉ်က ချီးမြှင့်ခဲ့သော မြို့မကျေးရွာ အဆောင်အယောင် အခမ်းအနားများနှင့်တကွ စံနေတော်မူရင်း တောင်နန်းတော်တွင် စံနေစေပါသည်။

ပုဂံမင်းတရား၏ နှမတော်အရင်းဖြစ်သော (စုဖုရားကြီး)ကို သီရိပဝရတိလောကရတနာ မင်္ဂလာဒေဝီကိုလည်း ဇေယျာပူရတိုင်းစစ်ကိုင်းမြို့ကြီးနှင့်တကွ အညာမြစ်စဉ် ငစဉ်ကူးမြို့၊သာယာဝတီမြို့ဆိပ် စံရွေးကျေးရွာ ပါဒလမြို့၊ တောင်ငူမြို့အဝင် မြို့ကျေးရွာများကို အသုံးကံကျွေးခံ၊ ထပ်မံချီးမြှင့်ပေးတော်မူပြီးလျှင် ကိုယ်တော်စား မယ်တော်မိဖုရားခေါင်ကြီးအပါးတော်၌ နေ့ရောညပါ စောင့်ရှောက်လုပ်ကျွေးပြုစု တော်မူစေသည်။

၎င်းင်းနှမတော် စုဖုရားကြီး အသုံးကံကျွေးခံရရှိထားသော ဇေယျာပူရစစ်ကိုင်းမြို့မှ အစပြု၍ အညာအကြေရှိ မြို့ကျေးရွာများကိုလည်း နှမတော် စုဖုရားကြီး၏ ကျွန်တော် မျိုးရင်းဖြစ်သူ(မဟာသီဟမင်းထင်)ကို နှမတော်ဝန်ဟူ၍ ခန့်ထားသူကောင်းပြု တော်မူပြီးလျှင် အုပ်ချုပ်ထိန်းသိမ်းစေသည်။

ပုဂံမင်းတရား၏ မိဖုရားခေါင်ကြီးဖြစ်သူ သီရိတိလောကမဟာရတနာဒေဝီကိုလည်း ပြည်မြို့၊ တောင်ငူမြို့များကို အသုံးကံကျွေးခံ ပေးတော်မူလေသည်။

ကောင်းတုံမြို့စား ဝန်ကြီး သတိုးမင်းရဲရာဇာ၊ ယောမြို့စား သတိုးမင်းကြီး မဟာမင်းခေါင်၊ မင်းကြီးမဟာမင်းလှကျော်ခေါင်တို့နှင့် ဝန်ထောက်မင်းကြီး မဟာသင်္ကြန် မဟာမင်းထင်စည်သူတို့ကို ဝန်ကြီးအရာ၊ဝန်ထောက်အရာစား ကျေးမြို့ ရွာများကို ရုပ်သိမ်းနှုတ်ပိတ်လိုက်ပြီးလျှင် ထန်းတပင်မြို့စား သူရဲဝန် ဝန်ကြီးမဟာ သီဟသူ ရွှေလှံဗိုလ်၊ ညောင်အုပ်မြို့စားဝန်ကြီးမင်းကြီး မဟာမင်းခေါင်ကျော်စွာတို့ကို အဂ္ဂမဟာသေနာပတိဝန်ကြီးအရာနှင့် လွှတ်တော်သို့တက်၍စီရင်မြဲ စီရင်စေရသည်။

ဘကြီးတော်ဘုရား ကျွန်တော်ရင်း စစ်တောင်းမြို့စားမင်းကြီးမဟာမင်းလှ မင်းထင်၊ ရှေ့ဝင်မှူးမင်းကြီးမဟာ မင်းခေါင်ရာဇာတို့ကိုလည်း အဂ္ဂမဟာသေနာပတိဝန်ကြီးများ ခန့်တော်မူသည်။

ဇွဲသဘုံးမြို့စား မဟာမင်းထင်မင်းကျော်၊ အိမ်တော်ပါ ကျွန်တော်ရင်းရွှေတောင် သီရိကျော်သူတို့ကိုလည်းဝန်ထောက်ခန့်ထားသည်။

 ဆက်လက်ဖော်ပြပါမည်။