ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၉) ယမန်နေ့မှအဆက်

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၉)

ယမန်နေ့မှအဆက်

အတွင်းဝန် ဇရွံမြို့စား သတိုးမင်းကြီးမဟာမင်းလှ နော်ရထာ၊ ပေါက်မြိုင်မြို့စား မင်းကြီးမင်းလှမဟာ ကျော်ထင်၊ ပန်းတိမ်းမဘဲ နှစ်မြို့စား မင်းကြီးမဟာမင်းလှ ကျော်သူ တို့ကို အတွင်းဝန်အရာနှင့် ထမ်းရွက်မြဲထမ်း ရွက်စေသည်။

မင်္ဂလာအိမ်တော်ပါ ကျွန်တော်ရင်း အတွင်းဝန် ကျီးဝန်မင်းကြီး မဟာသက်တော်ရှည် မင်းကြီး မဟာ မင်းလှကျော်တို့ကိုလည်း အတွင်းဝန်ခန့်ထားသည်။

စလေဓနုဖြူမြို့စားဝန်ကြီး၏ညီ မင်းကြီးမဟာ မင်းထင်မင်းခေါင်ကျော်ကို ရှေ့ဝန်မင်း၊ မင်္ဂလာအိမ်တော် ပါ အတွင်းဝန်မင်းကြီး မဟာမင်းလှမင်းခေါင်ကို လက်ယာဝင်းမှူး၊ ခမည်းတော် ရွှေဘိုမင်းတရားကြီး၏ ကျွန်တော်ရင်း မင်းကြီးမင်းလှ မဟာမင်းခေါင်ကို လက်ဝဲ၀င်းမှူး၊ မင်းကြီးမဟာမင်းခေါင်မင်းထင်ကို လည်း နောက်ဝင်းမှူးအရာနှင့်ပင် ထမ်းရွက်မြဲထမ်း ရွက်စေသည်။

မင်္ဂလာအိမ်တော်ပါကျန်သော ကျေးကျွန်အမှုထမ်း များကိုလည်း အချို့ဝန်စု၊ အချိုငမ်းစု၊ အချို့မှူးစုအဖြစ် မြို့ပြကျေးရွာအရာဌာန၊ ရွှေငွေအဝတ်အစား ဝင်းအိမ်ရာ အသီးသီး သင့်ရာသင့်ရာ ရွေးချယ်ခန့်အပ်ချီးမြှင့်လေသည်။

တစ်မင်းပြောင်းလျှင် တစ်ကြိမ်ရာထူးဌာနန္တရများလည်း အပြောင်းအလဲအတိုး အဆုတ် အဖြုတ်အချခံ ရသူတို့မှာ မင်းခယောက်ျား ကမ်းနားသစ်ပင်များသာဖြစ်လေသည်။ ရွှေဘို မင်းတရားကြီးနှင့် ပုဂံမင်းတရားတို့၏ထီးနန်း အပြောင်းအလွဲသည် ခမည်းတော်နတ်ရွာစံ ၍ သားတော် အိမ်ရှေ့ကတရားသဖြင့် ထီးမွေနန်းမွေဆက်ခံခြင်း ဖြစ်သောကြောင့် အေးချမ်းတည်ငြိမ်သော မင်းပြောင်း မင်းလွဲမျိုးဖြစ်စေ အနည်းအကျဉ်းတော့ ရာထူးပြုတ် သူ ကျသူများရှိလေသေး၏။

တိုက်ခိုက်ပုန်ကန်အနိုင်ရရှိသော မင်းပြောင်းမင်းလွဲ ဆိုသည်ကား အရင်းလဲလျှင်အဖျား ထင်းဖြစ်သော သဘောသကာအတိုင်း ရာထူးဌာနစည်းစိမ်များမှ အစုလိုက်အပြုံလိုက် ပြုတ်ကျသူတွေ အဆမတန်ပေါများလှပေသည်။ ပုဂံမင်းတရားသည် ဘုရင်းမင်းမြတ် အဖြစ် ထီးနန်းဆက်ခံခဲ့ရာ၌ ရှေးမင်းကောင်းမင်းမြတ်ရရှိပိုင်ဆိုင်ခဲ့ကြမြဲဖြစ်သော ဆင်ဖြူ တော်များပင် ရရှိပိုင်ဆိုင်တော်မူခဲ့ခြင်းဖြင့် ဘုန်းကံရှိသော မင်းတစ်ပါးဟုလည်း ရာဇဝင် ဆရာတို့အလိုကျ မှတ်တမ်းများတင်နိုင်ပေသေးသည်။

အကြောင်းကား နန်းဆက်ခံသောနှစ်အတွင်းမှာ ပင် တကောင်းမြို့ဝန်၊ မြို့စာရေးတို့က တကောင်းမြို့ တောတောင်နယ်မြေအတွင်း ရတနာဆင်ဖြူတော် တွေ့မြင်ကြောင်း လျှောက်တင်သောကြောင့် အတွင်း ဝန် ဝက်မစွတ်မြို့စား မင်းကြီးမင်းလှမဟာကျော်ထင်၊ ဆင်မင်းဝန်၊ ဆင်ဝန်၊ ဝန်ထောက်၊ မြင်းစုကြီးဝန်၊ သံတော်ဆင့်တို့ကို အပါးတော်များနှင့် အညာမြစ်စဉ် မြို့ကျေးရွာကျ အမှုထမ်းတို့ကိုခန့်ထားစေ၍ ဆင်ဖြူတော်ကိုထိန်းစေ ခဲ့သည်။ ထို့ပြင် ဟံသာဝတီရေဝန် ပဲခူးမြို့စားက ပဲခူးမြို့ စီရင်စုတောတောင်တွင်ကျော့ ဖမ်းရမိသည့် ထူးမြတ်သောမျက်လုံးဖြူပုလဲအဆင်း ဆင်တော်ကို ရွှေဖဝါးတော်အောက်သို့ လျှောက်ထား ဆက်သလာလေသည်။

ဘုန်းကြီးသောမင်းမှသာ ဆင်ဖြူရတနာရမြဲဆိုသော အတိုင်း ပုဂံမင်းတရားမှာလည်း ဆင်ဖြူတော်သစ်များ ဆိုက်ရောက်သဖြင့် နန်းတွင်းသူ၊ နန်းတွင်းသားများ အလွန်တရာ ဝမ်းမြောက်ကြကြောင်း ဆင်ဖြူတော်သိမ်းပွဲသဘင်များ ကျင်းပသေးသည်။

ဘိုင်ဆပ်တို့စခန်းထခြင်း

ပုဂံမင်းတရားလက်ထက်၌ အထူးအခွင့်အရေးရပြီး အဆမတန်ကောင်းစားနေသူမှာ မင်္ဂလာအိမ်တော်ပါ “ဘိုင်ဆပ်” ဖြစ်လေသည်။ဘိုင်ဆပ်အား ပုဂံမင်းတရားကြီးက မြို့ဝန် ရာထူးပေးသနားချီးမြှင့်ခြင်းသည် ချီးမြှင့်လွန်ကဲသွားခြင်း တစ်ရပ်ဖြစ်လေသည်။

“ကျီးကန်းသူကောင်းမြှောက်က ချေးခြောက်ကောက် စားသည်” ဆိုသော စကားပုံ အတိုင်း ပင် မြို့ဝန်မင်း ဖြစ်လာသော ထိုဘိုင်ဆပ်က ကျင့်သုံးသွားလေသည်။ ဘုရင်မင်းတစ်ပါး နန်းတက်လာလေလျှင် ရှိရင်းမင်းမှုထမ်းကြီးငယ်များ၊ မြို့စား ဗိုလ်မှူး တပ်မှူးများနှင့် မင်းဆွေမင်းမျိုးတို့မှာ ဆိုင်ရာဆိုင်ရာ ရာထူးစည်းစိမ်များ တိုးမြှင့်မစခြင်း၊ သို့မဟုတ် ဖြုတ်ချခံရခြင်း၊သို့မဟုတ် ရှိပြီးရာထူးဌာနအနေအထားအတိုင်းထားမြဲထားခြင်း၊ မင်းသစ် ၏အိမ်တော်ပါများ နေရာကောင်းရာထူးစည်းစိမ်ကောင်းများရရှိသွားခြင်း စသည်တို့မှာ ရှေးဧကရာဇ်ခေတ် ပဒေသရာဇ်ခေတ်မှအစပြု၍ နှောင်းခေတ်များအထိ တွေ့ကြုံခံစား ရမြဲဓမ္မတာ အတိုင်းပင်ဖြစ်ပါသည်။

ပုဂံမင်းတရားကြီးသည် မင်းသစ်ဘုရင်သစ်အဖြစ် ခံယူရရှိပြီးနောက် တိုင်းပြည်နိုင်ငံ အုပ်စိုးရသော ဘုရင် မင်းတစ်ပါး၏ ဝတ္တရားအတိုင်း တိုင်းရေးပြည်ရေး သာသနာရေးမှ အစပြုလျက် ဘုရင်တစ်ပါး၌ခံယူရမြဲ တာဝန်ဝတ္တရားများကိုခံယူကျင့်သုံးခဲ့သော်လည်း ရာဇဝင် မှတ်တမ်းများအရ အုပ်ချုပ်မှု၊ ပြည်ပဆက်ဆံမှုတို့၌ လျော့ရဲပျော့ညံ့မှုများ ရှိခဲ့လေသည်။ ထို့ကြောင့်လည်း ခမည်းတော်ရွှေဘိုမင်းတရားကြီးလက်ထက်က ငြိမ်ဝပ် လျက်ရှိသော အောက်နိုင်ငံအခြေအနေမှာ နယ်ချဲ့တို့အင်အားကလှုပ်ရှားစပြုလာသည်။

ဤသို့ လှုပ်ရှားစပြုလာသည်မှာလည်း ရွှေဘိုမင်းတရားကြီးကို ခံ့ညားလေးစားခဲ့ သလောက် သားတော် ပုဂံမင်းလက်ထက်ရောက်လာသောအခါ နယ်ချဲ့တို့ သည် ဘုရင်၏ ပျော့ကွက်ကို လက်ဝင်၍လျှိုနိုင်ရန် ကြံဖန်လှုပ်ရှားလာခြင်းဖြစ်သည်။

ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ကို လက်ဝယ်ရရှိထားသော နယ်ချဲ့အင်္ဂလိပ် တို့သည် ရန္တပိုစာချုပ်အရ ရန်ကုန်မြို့မှဆုတ်ခွာပေးခဲ့ရခြင်းကို အလျဉ်းမကျေနပ်ခဲ့ပေ။ ရွှေဘိုမင်းတရားလက်ထက်၌ အညွန့်မတက်၊ အတွန့်မတက်နိုင်သော်လည်း ပုဂံမင်း လက်ထက်ရောက်သောအခါ လှုပ်ရှားစပြုလာသည်။

ရန်စမှုကလေးများကိုလည်း အားထုတ်စပြုလာသည်။ ဤအချိန်၌ နိုင်ငံခြားသားတို့ ခံ့ညားရိုသေအောင် မစွမ်းဆောင်နိုင်ရုံမက တိုင်းပြည်အုပ်ချုပ်မှုကလည်း လျော့ရဲလာပြန် သည်။

ဆက်လက်ဖော်ပြပါမည်။

ဒဂုံခင်ခင်လေး