
ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၁၀)
ယမန်နေ့မှအဆက်
ပုဂံမင်းတရားနန်းတက်၍ တစ်နှစ်ကျော် နှစ်နှစ်ခန့်တွင် ယခင်ခမည်းတော် လက်ထက်က အဟန့်အတားအရှိန်ဒြပ်ကမကုန်သေးသော်လည်း နှစ်နှစ် ကျော်လာသောအခါ ဇာတိရုပ် ကပြလာကြတော့သည်။
လွှတ်တော်၌ မင်းတုန်းမင်း၊ ကနောင်မင်းတို့က ဝန်ကြီးဝန်မှူးများနှင့် ခန့်ညားသေသပ်စွာ ပြည်ကြီးဝန်ကို ဆောင်လျက်ရှိကြသော်လည်း မင်းအလိုလိုက်မင်းကြိုက်ဆောင် နေကြ သော အိမ်တော်ပါအရာရှိတစ်သိုက်က တဖြည်းဖြည်းတွင်ကျယ်လာကြသည်။ တွင်ကျယ် လာကြသည်ဟုဆိုလျှင် ပင် လွှတ်တော်က သြဇာအာဏာတို့ကိုပင် ဝင်ရောက်စွက်ဖက် စပြုလာကြသည်။ တည်ကြည်ဖြောင့်မတ်သော ဝန်ကြီး၊ မှူးကြီးတို့မှာအာဏာမြှောင်တို့ ပေါ်ပေါက်လာမှုကြောင့်လည်း တဖြည်းဖြည်း အနှောင့်အယှက်ဖြစ်လာ ကြသည်။ ထို့ကြောင့် ဘုရင်မင်းတရားကို လျှောက်ထားလိုကြစေကာမူ ဘုရင်သည် “ ရာဇပဌာနံ” ဆိုသော စကားအတိုင်း အိမ်တော်ပါ အာဏာရ များဘက်မှ ဖေးမနေသကဲ့သို့ရှိလာသည်။
ယင်းသို့သောအခါ မင်းတုန်းမင်းသားကြီးမှူးပြုသော လွှတ်တော် ဝန်ကြီးများသည် စိတ်ပျက်အားလျော့စရာအခြေအနေတွေ ဖြစ်နေရှာ ကြရလေသည်။ အိမ်တော်ပါတို့သည် ရာဇပဌာနံကြောင့် ဝမ်းမြောက်အားတက်လာကြ ပြန်သည်။ သူတို့အိမ်တော်ပါ အဖွဲ့တစ်စု က တိုင်းပြည်ကြီးတွင် ထင်သလို ပြုကျင့်နိုင်လာစေသကဲ့သို့ရှိသည်။ သူတို့သည် သူတို့ လျှောက်သွားလိုသော မတရားလမ်းကြောင်းပေါ်မှာ အတားအဆီးပမာဖြစ်နေသော မင်းတုန်း မင်းအမှူးပြုသည့် လွှတ်တော်အရာရှိကြီးများကို တွန်းလှန်ပယ်ရှားပစ်လိုလာ ကြလေသည်။
ထို့ကြောင့် သူတို့အင်အားများသည်ထက်များလာစေရန် နည်းအမျိုးမျိုး နှင့်ကြံဖန်၍ လူစုကြသည်။ အချို့အရာရှိများသည် မိမိတို့ရာထူးစည်းစိမ် တည်မြဲရေးအတွက် လည်းကောင်း၊ တိုးတက်ရေးအတွက်လည်းကောင်း ရည်ရွယ်မျှော်ကိုးကာ အာဏာသာ မည့်ဘက်သို့ လက်သိပ်ထိုးကျိတ်ဝင်လို ကြသည်။
အိမ်တော်ပါအရာရှိတို့အင်အားက တစ်စတစ်စတောင့်တင်းလာသော အခါ အထက်ပါ ပုဂ္ဂိုလ်တို့သည်အိမ်တော်ပါတို့၏အသိမ်းအသွင်းကို ခံယူသွားကြလေသည်။ ထို့ကြောင့် အိမ်တော်ပါတို့အင်အားသည် တစ်နေ့ တခြား ဒီရေအလားတိုးပွားလျက်ရှိသည်။
ဘုရင်တစ်လက်ထက်တွင် အဝေးမြို့ဝန်များရှိသလို မင်းနေပြည် ရွှေမြို့ တော်၌လည်း ရွှေမြို့တော်ဝန်များတစ်ယောက်မက၊ နှစ်ယောက်မက၊ ၃-၄ ယောက်အထိခန့်ထား သူကောင်းပြုထားလေ့ရှိကြရာမှ ပုဂံမင်းတရားလက်ထက်တွင် မြို့ဝန်ဟောင်း နှစ်ယောက် ရှိပြီး အပေါ်တွင် အိမ်တော်ပါ ကို ဘိုင်ဆပ်ကို အကြီးအမှူး မြို့ဝန်ကြီးအဖြစ် ထပ်၍ခန့်အပ် သူကောင်းပြု ထားလိုက်သည်။
ဤတွင် မြို့ဝန်လက်သစ်ကြီး ဘိုင်ဆပ်သည် အခြားမြို့ဝန်တို့အပေါ် ကျော်လွှား၍ တန်ဖိုး အာဏာထွားလျက်ရှိသူဖြစ်သည်။ မြို့တော်ဝန်လက်အောက်တွင် မြို့စာရေးဆိုသူများ လည်း ရှိရသေး သည်။ ထိုမြို့တော်ဝန်များတွင် ရွှေမြို့တော်ဝန် ဘိုင်ဆပ်က လက်သပ် မွေးယူလိုက်သောမြို့စာရေးလက်သစ်မှာ “မောင်ပိန်” ဆိုသူဖြစ်လေ သည်။
ယင်းမြို့စာရေး မောင်ပိန်သည် ရာထူးရခါစက သာမညလူတစ်ယောက်မျှ သာဖြစ်သော် လည်း ပုဂံမင်း နန်းစံခြောက်နှစ်အတွင်း သူဌေးကြီးဦးပိန် ဖြစ်လာခဲ့လေသည်။ “မြို့စာရေး ဦးပိန်၊ သူဌေးမင်း ဦးပိန်” နိုင်ငံတော် လေးရပ်မှာ ကျော်စောသတင်းအရှိန် တော်တော်ပြင်း တဲ့သူဖြစ်သည်။
အမရပူရ တောင်သမန်အင်းကြီးတွင်ဖြတ်ဆောက်ထားသော တံတားကြီးသည် မြို့စာရေး သူဌေးကြီးမောင်ပိန်ဆောက်လုပ်ခဲ့သော တံတားကြီး ဖြစ်၍ (ဦးပိန်တံတား)ဟု ယခုတိုင် တွင်သည်။ ဆရာမြို့ဝန် ဘိုင်ဆပ်၏ အလိုကိုလည်း ချက်ဆိုလျှင် နားခွက်က မီးတောက် အောင် အလိုက်သိသူ ဖြစ်သည်။ ငွေရပေါက်ရှာရာတွင်လည်း ထူးကဲသောပါရမီရှင် တစ်ယောက် ဟု ဆိုလောက်ပေသည်။ ဦးပိန်ပင် သူဌေးကြီးဖြစ်နေသေးလျှင် ဦးပိန်၏ ဆရာ မြို့တော်ဝန်ဘိုင်ဆပ်မှာ ဦးပိန်ထက် အဆတစ်ရာ၊ တစ်ထောင်သာနေအောင် ဌေးသော ဇောတိကသူဌေးတစ်ဦး ပင်ဖြစ်လာလေသည်။
မြို့တော်ဝန် ဘိုင်ဆပ်နှင့်တပည့်ကျော် မြို့စာရေးမောင်ပိန်တို့ ငွေရှာ ရေးသည် အာဏာ သြဇာကို တိုက်ရိုက်သုံးခြင်းလည်းရှိသည်။ အာဏာ ကို သွယ်ဝိုက်သောနည်း မျိုးစုံဖြင့် လည်းသုံးသည်။သူတို့သည် တုတ်တစ်ချက်တည်းနှင့် သားကောင်သုံးလေးကောင် ရအောင်ဖမ်းသောအာဏာ သုံးနည်းကိုလည်း ကောင်းမွန်စွာဆည်းပူးမိကြလေသည်။
ကေသရာဇာခြင်္သေ့မင်းသည် ဆင်ပြောင်ကြီးကိုဖမ်းသောအခါ တွင်လည်းကောင်း၊ ယုန်သူ ငယ်ကို ဖမ်းသောအခါတွင်လည်းကောင်း မိမိခွန်အားကို အလုံးစုံအားထုတ်သကဲ့သို့ မြို့တော်ဝန် ဘိုင်ဆပ်သည် အာဏာတစ်ကြိမ်သုံးလျှင် ကိစ္စလေးငါးမျိုးပြီးစီးစေသည်။ လွှတ်တော် ကြီးသို့ရောက်နေသော အမှုအခင်းကြီးမှအစပြု၍ အရပ်ထဲရန်ဖြစ်သော အမှုသေးကလေးများအထိ မိမိ၏ငွေအိတ်ကိုလည်းကောင်း၊ အာဏာ အိတ်ကိုလည်း ကောင်း ဖောင်းသည်ထက်ဖောင်းကြွ လာစေသည်။ တန်ခိုး အာဏာကိုလည်း တိုးသည် ထက် တိုးပွားလာစေသည်။ တပည့်တပန်း မိုက်ကန်းကန်းအကောင်တွေလည်း သစ္စာခံ သထက်ခံလာကြကုန်သည်။
အရာရှိအပိုင်းကလည်း ကျိုးနွံကိုင်းရှိုင်းလာကြစေပြန်သည်။ဘုရင်မင်း ကလည်း မင်းအလို လိုက်မင်းကြိုက်ဆောင်တတ်သောသစ္စာရှိ ကျေးရင်းကျွန်ယုံတစ်ယောက်ဟူ၍ အသိ အမှတ်ပြုသထက်ပြုလာစေသည်။
ဤသည်ကို အကျိုးတရားကြီးငါးပါးနှင့်ပြည့်စုံသောအမှုကို ပြုလေ တိုင်းပြုလေတိုင်းသော အမှုကြီးငယ်တို့အပေါ်တွင် တစ်ချက်ခုတ် ငါးချက် ပြတ်သည့်စနစ်ကိုသုံးစွဲခဲ့သူဖြစ်သည်။ ဥပမာ-ပုဂံမင်းတရားကြီးသည် ဘုရင် မင်းအဖြစ် ရောက်နေတော်မူသော်လည်း ငယ်စဉ် အခါက ပါလာခဲ့သော ဝါသနာတော်ကို မစွန့်ပယ်နိုင်ခဲ့ပေ။ ချိုးကလေးတွေ၊ ခါကလေးတွေ၊ ကြက်ငယ်၊ ငှက်ငယ်ကလေးတွေကို မွေးမြူရာ၌ ဝါသနာအထုံမကုန်နိုင်အောင် ရှိတော်မူလေရာ ဒါလေးတစ်ခုကိုအရင်းပြု၍ ကြီးပွားလာခဲ့သူ မြို့တော်ဝန် ဘိုင်ဆပ်က လည်း ချိုး၊ ခါ၊ ကြက်၊ ငှက်ကိစ္စဘက်က နည်းနည်းမှ မလစ်လပ်ရအောင် အကျိုးတော် ဆောင် အမှုတော်ထမ်းလျက်ရှိသည်။ “ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ” ဆိုသလို ဘုရင် မင်းမြတ်မွေးမြူထား သော ချိုး၊ ခါ စသော တိရစ္ဆာန်ငှက်ဥယျာဉ်ကြီးမှာ ကြီးပွားချင်တိုင်း ကြီးပွားနေပါသည်။ ငှက်ဥယျာဉ်၌ အမှုထမ်းနေသော အမှုထမ်းများက လည်း အဖွဲ့အစည်း ကြီးတစ်ခုလိုဖြစ်လာခဲ့ပါသည်။ သည်အဖွဲ့သည် အလွန်တွင်ကျယ်ပြီး တန်ခိုးလည်းကြီး ပါသည်။
ချိုး၊ ခါများ အစာစားဖို့ ကျွေးမွေးရသောရိက္ခာများကလည်း အမျိုးမျိုးဖြစ်သည်။ လတ်ဆတ် သော မြေစာမြက်ညွန့်ကလေးများ၊ နှမ်းစေ့များ၊လူး၊ ဆတ်၊ ပြောင်းစေ့၊ စပါးစေ့ စသောအစေ့များမှာ ကျီတော်များနှင့်အပြည့် အမြဲဖြည့်တင်းစုဆောင်းထားရသည်။
ဆက်လက်ဖော်ပြပါမည်။ ။