COVID-19 RT-PCR နည်းပညာဖြင့် ရောဂါရှာဖွေခြင်း လုပ်ငန်းနှင့် မျိုးရိုးဗီဇပြောင်း  ကိုရိုနာဗိုင်းရပ်ပိုး ရှာဖွေနိုင်ရေး လုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လို

COVID-19 RT-PCR နည်းပညာဖြင့် ရောဂါရှာဖွေခြင်း လုပ်ငန်းနှင့် မျိုးရိုးဗီဇပြောင်း  ကိုရိုနာဗိုင်းရပ်ပိုး ရှာဖွေနိုင်ရေး လုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လို

နေပြည်တော်  အောက်တိုဘာ  ၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊    ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက်  ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသန ဦးစီးဌာနသို့ ရောက်ရှိကာ ညွှန်ကြားရေးမှူးချုပ်  ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့်  ဌာနဝန်ထမ်းများအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်    ပြည်ထောင်စုဝန်ကြီးက   ဆေးသုတေသန ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မူလတာဝန်အပြင် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ကုသရေး လုပ်ငန်းများနှင့် ဝန်ကြီးဌာန    Call Center တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းအတွက် အထူးကျေးဇူး တင်ရှိပါကြောင်း၊ COVID-19 RT-PCRနည်းပညာဖြင့် ရောဂါရှာဖွေခြင်း လုပ်ငန်းနှင့်   မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်ပိုး  ရှာဖွေနိုင်ရေး လုပ်ငန်း (Gene Sequencing)ကို  အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ရန် လိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်း လုပ်ငန်းအတွက်   အသည်းရောင် အသားဝါ  ကာကွယ်ဆေး လုပ်ငန်းအတွေ့အကြုံရှိပြီးဖြစ်သည့် ဆေးသုတေသန ဦးစီး ဌာနအနေဖြင့်   စက်မှုဝန်ကြီးဌာနနှင့် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ဆဲ သုတေသန လုပ်ငန်းများ အောင်မြင်ပြီးမြောက်စေရန်၊ ဌာနမူလ တာဝန်များကိုလည်း မလစ်ဟင်းစေရန်   စီစဉ်ဆောင်ရွက် စေလိုပါကြောင်း၊  ဆေးသုတေသန ညီလာခံ၏ ရွှေရတု အခမ်းအနားကိုလည်း  ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာလှိုင်မြတ်သူက  ကိုဗစ်-၁၉ ရောဂါ အတည်ပြု  သာမန်လက္ခဏာရှိ လူနာများတွင်   ဆေးခါးကြီး ပါဝင်သည့် တိုင်းရင်းဆေးဖုံ ''ဝိသမအဖျားပျောက်ဆေး''၏ အကျိုးထိရောက်မှု  သုတေသန လုပ်ငန်းနှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်နှင့် ဆေးသုတေသန ဦးစီးဌာနမှ ပညာရှင်များ ပူးပေါင်း၍   လူပုဂ္ဂိုလ်များအပေါ်   မစမ်းသပ်မီ ဓာတ်ခွဲခန်း တိရစ္ဆာန်များပေါ်တွင် စမ်းသပ်နိုင်ရန် (Animal Trial) အတွက် ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် စတင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗဟိုသားဖွား သင်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ကြီး၊   ဆရာမများနှင့် သင်တန်း တက်ရောက်နေသော နောက်ဆုံးနှစ် သင်တန်းသူများနှင့် တွေ့ဆုံပြီး သင်တန်းအတွက် ပြင်ဆင်ထားရှိသည့် စာသင်ခန်းများ၊   လက်တွေ့လေ့ကျင့်ခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည်   ရန်ကုန်မြို့ရှိ ကလေးဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ဆေးရုံဝန်ထမ်းများနှင့်အတူ  ခုတင်-၅၅ဝ ဆံ့  ကလေးဆေးရုံကြီး-ရန်ကုန်မှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး များအား စုစည်းတွေ့ဆုံသည်။

ထို့ပြင်   ပြည်ထောင်စုဝန်ကြီးသည် သူနာပြု သင်တန်းကျောင်း-ရန်ကုန်မြို့သို့လည်း သွားရောက်ကာ  စာသင်ခန်းများ၊ Skill Lab,  Language Lab  တို့ကို လှည့်လည်ကြည့်ရှုပြီး သင်တန်းတက်ရောက်နေသည့် နောက်ဆုံးနှစ် သင်တန်းသူများနှင့် တွေ့ဆုံခဲ့သည်။    သူနာပြု/သားဖွား/ နှီးနွှယ်သင်တန်းကျောင်း ၂၆ ကျောင်းအား ၇-၁ဝ-၂ဝ၂၁ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ  တတိယနှစ် သူနာပြုသင်တန်းသား၊ သင်တန်းသူ   ၅၄၉ ဦးနှင့် ဒုတိယနှစ် သားဖွားသင်တန်းသူ ၁၃၂ ဦး တက်ရောက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အုတ်တစ်ချပ် သဲတစ်ပွင့် ကိုဗစ်-၁၉ ကုသရေးဌာနသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါလူနာများ  လက်ခံကုသနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ တတိယလှိုင်း လူနာများလျော့နည်း လာနေသော်လည်း လူနာများ အကျိုးငှာ ယခုကိုဗစ်စင်တာကို ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်ပါကြောင်း မှာကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင်လည်း  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်လည်းကောင်း၊ ရန်ကုန်မြို့ရှိ  ဗဟိုအမျိုးသမီး ဆေးရုံကြီး  ဆေးရုံအုပ်ကြီး  ဒေါက်တာ ခင်မောင်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်၊ ဆေးရုံဝန်ထမ်းများနှင့် လည်းကောင်း  တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။