ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

အမှတ်စဉ် (၁၁)

ယမန်နေ့မှအဆက်

ထိုအစားအစာများသည် ချိုးတို့၊ ခါတို့၊ ကြက်၊ ငှက်တို့အဖို့ နေ့စဉ်ထာဝရ စားသုံးကျွေးမွေးရသော ပင်မအစာအာဟာရတွေ ဖြစ်သည်။ ထိုအစာများအပြင် အထူးကျွေးမွေးရသော ပိုးကောင်၊ မွှားကောင် အစာမျိုးကိုလည်း အမှုထမ်းတို့က ရှာဖွေပေးကြရလေသေးသည်။

ချိုး၊ ခါ၊ ကြက်၊ ငှက် စသော သတ္တဝါတို့သည် မြေပိုး၊ မြေမွှား သတ္တဝါငယ်ကလေးများကို မြေတွင် ခြေနှင့်ယက်၍ဖြစ်စေ၊ နှုတ်သီးဖြင့် ပေါက်၍ဖြစ်စေ ရှာဖွေစားတတ်သည်။ ခြ၊ ပလူ၊ ပုရွက်ဆိတ်များကိုလည်း အလွန်နှစ်သက်ကြမြဲဖြစ်သည်။ သူတို့ အနှစ်သက်ဆုံးကား မြေပိုး၊ မြေမွှားအပါအဝင် မြေခွေးဆိုသော အကောင်ငယ်တစ်မျိုးဖြစ်သည်။ ချိုးနှင့်ခါသည် မြေခွေးတစ်ကောင် စားရလျှင် အသက်တစ်နှစ် ပိုရှည်အောင် ကျန်းမာလာသည်ဟု အဆိုရှိသည်။

ယင်းမြေခွေးဆိုသည့် သတ္တဝါသည် ခြေလေးချောင်းရှိသော မြေခွေးမဟုတ်ပါ။ ပုရစ်ကဲ့သို့ မြေတွင်းအောင်း သတ္တဝါငယ်တစ်မျိုးဖြစ်သည်။ အရွယ်မှာလည်း ပုရစ်လောက်သာရှိ၍ အတောင်မပေါက်သော သတ္တဝါ တစ်မျိုးဖြစ်သည်။ မြေပွပွထဲမှာ တွင်းပြု၍ နေလေ့ရှိပါသည်။ သည်မြေခွေးကောင်ငယ်အား မြေကိုတူးယူ ရှာဖွေရလေသည်။

ငှက်ဥယျာဉ်အုပ်ကြီး ရွှေမြို့တော်ဝန် ဘိုင်ဆပ်သည် သူ၏တပည့်များကို မြေခွေးတူးခိုင်းလေ့ရှိသည်။ မြေခွေးတူးယူ ရှာဖွေရာ၌ မြို့ပြင်ဘက် လွတ်လပ်ရာမြေတွင် မရှာရပါ။ မြို့ထဲရပ်ထဲမှာပဲ ရှာဖွေ တူးယူစေသည်။ အမရပူရမြို့တွင်းရှိ ဆင်းရဲသား ကျွန်တော်မျိုးတို့သည်လည်းကောင်း၊ အရာထမ်း အမှုထမ်းတို့သည် လည်းကောင်း မိမိတို့ အိုးအိမ်ခြံမြေများ အတွင်းသို့ မြေခွေးတူးယူလာသူ မင်းမှုထမ်း ငှက်ဥယျာဉ်လုလင်များအား တားဆီး ပိတ်ပင်နိုင်ခွင့်မရှိပေ။

အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်က အမြတ်တနိုး မွေးမြူထားသော ချိုးတော်၊ ခါတော်၊ ငှက်တော် များစေရန် ၎င်းချိုးတော်၊ ငှက်တော်တို့ အလွန်ကြိုက် နှစ်သက်သော မြေခွေးကောင်တူးဖို့ လာခြင်းကြောင့် ဖြစ်သည်။တားလျှင် မင်းအာဏာကို ခုခံသူဖြစ်သည်။

ထို့ကြောင့် မည်သူမျှ မတားဝံ့ကြဘဲ မိမိတို့ခြံထဲ၊ အိမ်အောက်များထဲသို့ မြေခွေးလာတူးလျှင် ကြည်သာဖော်ရွေစွာ လက်ခံခွင့်ပြုရလေသည်။

ထို့ကြောင့် ရွှေမြို့တော်အတွင်း ရှိသမျှ အိုးအိမ်ခြံမြေများသည် မင်းလုလင်တို့ မြေခွေးတူးရန် နေရာတွေဖြစ်နေသည်။ မြေများ တူးဆွသွားလျှင်လည်း မြေခွေးကောင်ရသည် မရသည်မသိ၊ ခြံမြေများမှာတော့ မြေလှန်ပြီးသား ဖြစ်သွားတော့သည်။

အချို့အိမ်ရှင်များသည် ရွှေမြို့တော်ဝန်တပည့် ငှက်တော်ထိန်း မင်းလုလင်များအား မိမိတို့အိမ်ဝိုင်း အတွင်း မြေခွေးအတူး မခံလိုပါက လာဘ်ထိုးကြရသည်။

လာဘ်ထိုးလျှင် မင်းလုလင်တို့က မတူးကြတော့ဘဲ တခြားအိမ်ဘက်သို့ ဆက်လက်ထွက်ခွာ သွားလေသည်။

ဟိုရောက်တော့လည်း လာဘ်ပေးမှုအပေါ် မူတည်ပြီးအခြားအိမ်ဘက်သို့ ဆက်လက် ထွက်ခွာသွားသည်။ အကယ်၍ လာဘ်မရပါက တစ်ခြံလုံး၊ အိမ်အောက် တစ်ထပ်လုံး ပွစာကြဲသွားအောင် မြေခွေးတူးကြရှာကြလေသည်။ မတော်တဆ မြေခွေးမရဘဲ ရွှေအိုး၊ ငွေအိုးများရလျှင်လည်း အိမ်ရှင်နှင့်မဆိုင် သူတို့အပြီးအပိုင် သိမ်းယူ သွားကြလေတော့သည်။

ထိုခေတ် ထိုအချိန်က ပစ္စည်းဥစ္စာ အတော်အသင့် ရှိသူများသည် မိမိတို့ပိုင် ရွှေငွေများကို အိုးငယ်နှင့်ထည့်၍ မြေ၌မြှုပ်ထား သိမ်းဆည်းလေ့ရှိပါသည်။ ယခုခေတ်ကဲ့သို့ ဘဏ်တိုက်မျိုးမရှိ၊ မီးဘေးအန္တရာယ်ကလည်း အလွန်ကြီးလေတော့ ပစ္စည်းများကို မြေမှာအမြဲမြှုပ်ထားလေ့ ရှိကြပါသည်။

ဒါတွေကိုသိနေသော    ရွှေမြို့တော်ဝန် ဘိုင်ဆပ်နှင့်တပည့် မင်းလုလင်တို့သည် ဘုရားဖူးရင်း လိပ်ဥတူးကြပါသည်။ မြေခွေးရှာရန်ဟု နာမည်တပ်ပြီး သူတစ်ပါး၏ ချွေးနှဲစာ မြေမြှုပ်ထားသော ရွှေငွေပစ္စည်းဥစ္စာများကို လိုက်လံရှာဖွေ တူးယူနေကြခြင်းဖြစ်သည်။

မိမိတို့ခြံကိုမတူးရန် လာဘ်ပေးသူများကို လာဘ်ယူသော်လည်း ပစ္စည်းရှိပုံမရသူများ အပေါ်မှာသာ ယူပါသည်။ တကယ်တမ်း ရွှေအိုး၊ ငွေအိုးမြှုပ်နိုင်သူများနှင့် တွေ့လျှင်တော့ လာဘ်ပေးသော်လည်း မယူတော့ဘဲ အတင်းဝင်ပြီး တူးတော့သည်။ ရွှေအိုး၊ ငွေအိုးများ ပေါ်လာလျှင် ပစ္စည်းရှင်ကို မျက်ရည်စက်လက် ထားခဲ့ပြီး ယူငင်သိမ်းဆည်း သွားတတ်ကြပါသည်။

ပြီးတော့ ကိုယ်ပိုင်လျှို့ဝှက်အထောက်တော်များကိုလည်း မြို့ဝန်မင်း ဘိုင်ဆပ်ကထား၍ မည်သူပစ္စည်း မည်မျှချမ်းသာနေကြောင်းကို စုံစမ်းပြီး လျှို့ဝှက်စာရင်း သွင်းထားရပါသည်။ မြို့စာရေး မောင်ပိန်သည် မြို့ထဲအိမ်ပေါက်စေ့ကြည့်ပြီး အိမ်များ၊ ခြံများ၌ မည်သူ မည်မျှ ချမ်းသာကြွယ်ဝကြောင်း ကောင်းကောင်းကြီး သိနေသူဖြစ်ပါသည်။

မြို့စာရေး ဦးပိန်ထံမှ လျှို့ဝှက်စာရင်း ပေးထားသော အိမ်များကို မြေခွေးရှာရန် မြေလှန်တူးဆွကြသည်။ ရသမျှ ရွှေအိုး၊ ငွေအိုးများကို သိမ်းကျုံးယူငင်သွားပြီး လေးပုံ ပုံပါသည်။ နှစ်ပုံက မြို့ဝန်ဘိုင်ဆပ်၊ တစ်ပုံက မြို့စာရေးမောင်ပိန်၊ ကျန်တစ်ပုံက ငှက်တော်ထိန်း မင်းလုလင်များ ဝေယူကြရပါသည်။ ဤနည်းသည် မြို့တော်ဝန် ဘိုင်ဆပ်အတွက် ချိုးငှက်၊ ခါငှက်တို့အပေါ်မှ အမြတ်ထွက်လာသော နည်းတစ်မျိုးသာ ဖြစ်ပါသေးသည်။

အခြားနည်းများမှာ မိန်းမပျို လှလှကလေးများကို ခေါ်ယူဖျက်ဆီးခြင်း၊ မဖျက်ဆီးလိုပါက ရှိသမျှ ရွှေတို ရွှေစတွေ စုပုံပေးပြီး  ဝေးရာသို့ပြေးရခြင်း၊ ပိုက်ဆံငွေကြေး ချမ်းသာသူများထံမှ ငွေကြေးရနိုင်ရန် ဗျူရိုကရက်ခေတ်က ဘိန်းပစ်ဖမ်းသော နည်းမျိုးစုံကို သုံးစွဲ၍ ငွေရှာငွေညှစ်ခြင်း၊ ၁၂ မှု မင်းတိုင်းမှာ လိုတာထက်ပိုမိုစွာ ညှဉ်းပန်းယူငင် အမြတ်ထုတ်ခြင်း၊ လွှတ်တော်ရောက် အမှုအခင်းကြီးများကိုလည်း ကြားဝင်လုပ်ယူပြီး မှူးကြီးမတ်ကြီးတို့အပေါ်တွင် သြဇာပေး၍ သူခိုင်းသလို အမှုစီရင်ပေးခြင်း၊ သူ၏သြဇာမနာခံဘဲ အမှုမှန်ဖြစ်စေခဲ့သော အရာရှိမှူးမတ်ဆိုလျှင် အလုပ်ဖြုတ်လျှင် ဖြုတ်၊ အဝေးဝန်အဖြစ်နှင့် ပြေးရသူကပြေးရ၊ ရာထူးအဆင့်ကျလျှင်ကျ ဖြစ်ကြရလေသည်။

ဆက်လက်ဖော်ပြပါမည်။