ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၁၂)
ယမန်နေ့မှအဆက်
သူ သြဇာမပေးဝံ့အောင် ကြောက်ရွံ့ခန့်ညားရသော ထိပ်တန်းအရာရှိ မင်းကြီး၊ ဝန်ကြီးများကိုမူ ထွက်လို့ဝင်လို့ကောင်းအောင် လက်ဆောင်ပဏ္ဏာနှင့် ချဉ်းကပ်ကာ အတွင်းကျကျပေါင်းသင်းခယပြီးမှ ဆန္ဒကတိ လိုက်ပါရသည်အထိ သွေးဆောင် စုစည်းခြင်းပြုလေ့ရှိ၏။
ထို့ကြောင့် အမှုအခင်းကြုံကြိုက်ရသော ပြည်သူ လူပါးလူနပ်များသည် အမှုအခင်းကို ရုံးတော်လွှတ်တော်သို့မရောက်ခင် မြို့ဝန်ဘိုင်ဆပ်ထံဝင်၍ လက်ဆောင်တံစိုးထိုး၍ အနိုင်ရလေအောင် ကြံဆောင်ကြလေသည်။
အချို့အမြော်အမြင်ရှိသူများသည်လည်း မိမိတို့၌ ဘာအမှု၊ အပြစ်မှ ရှိသူမဟုတ်ပါငြား လည်း ဘိုင်ဆပ်ထံသွား၍ မျက်နှာချိုသွေးထားရလေသည်။ စားဦးစားဖျားလက်ဆောင် ပဏ္ဏာများပို့ကာ မျက်နှာနာအောင် ပေါင်းထားရလေသည်။
အရာရှိမင်းမှုထမ်းအချင်းချင်းလည်း အဆင်းတွန်း၍ အမှုအပေါက် ရှာကြံတတ်ခြင်း ကြောင့် သူ့အရိပ် သူ့အကဲကို အမြဲကြည့်ပေါင်းနေကြရ၏။ ဘိုင်ဆပ်သည် မြို့တော် နေပြည်တော်အတွင်းတွင် လည်းကောင်း၊ လွှတ်တော်ရုံးတော်၌လည်းကောင်း၊ မတရား အာဏာစက်ဖြန့်ရုံသာမက နန်းတော်၊ အိမ်တော်၊ အဆောင်တော်တွင်းသို့ပင်သူ၏ အာဏာစက် စူးဝင်အောင် တန်ခိုးပြလာလေသည်။
ထို့ကြောင့် နန်းတော်သူ၊ နန်းတော်သားများကလည်း သူ့အား တစိမ့်စိမ့်အကြောက်များ လာခဲ့ပေသည်။ ဤသို့ မြို့ဝင်ဘိုင်ဆပ် တန်ခိုးထွား၍ မတရားမှုများ အပြုအလုပ်များ လာသောအခါ ဖြောင့်မှန်သော ဝန်ကြီးများ၊ မှူးတော်မတ်တော်များသည် သိလျက် သားနှင့် ရင်မဆိုင်နိုင်သေးဘဲ အံခဲ၍ ခံနေကြရသေးသည်။ အချို့ကလည်း “ခွေးရူးကောင်းစား တစ်မွန်းတည့်” သဘောမျိုးထားကာ ဘိုင်ဆပ်ခလုတ်တိုက်၍ လဲမည့်နေ့ကိုသာ ကြိတ်မှိတ်မျှော်မှန်းရင်း စောင့်စားနေကြရလေသည်။
ပုဂံမင်းတရားကြီးသည် ဘိုင်ဆပ်အား အထူးမျက်နှာ သာပေးထားသည့်အတွက်လည်း ဝန်ကြီး၊ မှူးကြီးများက အမှုသွားအမှန်ကိုတင်ရန် လျှောက်ထားရန်ခက်ခဲနေကြရခြင်း ဖြစ်လေသည်။ နေမြင့်လေ အရူးရင့်လေ ဆိုသည့်စကားအတိုင်းတော်ဖြောင့်သူဝန်ကြီး၊ မှူးကြီးတို့က ပုဂံမင်းတရားကြီး သိအောင် လျှောက်တင်ရန်ခက်၍ နေ့ရက်ကြန့်ကြာ နေလေ မြို့တော်ဝန်ဘိုင်ဆပ်၏ မတရားမှုပြုလုပ် အားကောင်းချင်တိုင်းကောင်း နေလေတော့သည်။
မြို့တော်ဝန် ဘိုင်ဆပ်ကို မနှစ်မြို့သူတစ်စုသည် အချင်းချင်းတွေ့ဆုံသည့်အခါများတွင် ပုဂံမင်းတရားကြီး ရွှေနားတော်ကြားရန် မည်သို့ကြံစည်ရမည်ကို တိုးတိုးတိတ်တိတ် တိုင်ပင်မိကြသည်။ ဇွတ်အတင်းအရဲကိုး၍ တင်လျှောက်ရန်မှာလည်း မင်းတရားကြီးက သူ၏အိမ်တော်ပါတပည့် ဘိုင်ဆပ်အား ချီးမြှောက်သူကောင်းပြုထားခြင်းကို မနာလို၍ လျှောက်တင်သည်ဟု ထင်မှတ်တော်မူလိုက်မည်ကိုကား များစွာကြောက်ရွံ့၍ လျှောက်ထားရန် နောက်တွန့်သွားကြရပြန်လေသည်။
အချို့က ပုဂံမင်း၏ မယ်တော်မိဖုရားကြီးအားလျှောက်တင်၍ မိဖုရားကြီးမှတစ်ဆင့် သတိပေးစေ ချင်သော ဆန္ဒရှိကြသည်။ ထို့ကြောင့် မယ်တော်မိဖုရား ကြီးအား ချဉ်းကပ် ကာ အဖြစ်အပျက် အခက်အခဲများကို တီးတိုးလျှောက်ထားကြသည်။
မယ်တော်မိဖုရားကြီးသည်လည်း မြို့ဝန်မင်း ဘိုင်ဆပ် ဘုန်းတောက်နေပုံ၊ မြို့ဝင်စာရေးမောင်ပိန်ကပါ နောက်ခြေကြွဖြစ်ပုံများကို ကြားသိတန်သလောက် ကြားသိတော်မူပြီးလည်းဖြစ်နေသောကြောင့် သားတော်နှင့် တွေ့တော်မူသောအခါ ဘိုင်ဆပ်အကြောင်း သတိပေးတော်မူပါသည်။ သို့သော် ပုဂံမင်းတရားက အယုံအကြည်မရှိပါ။
“အလကားပါ မယ်တော်ဘုရား၊ ဘိုင်ဆပ်ကို မနာလိုသူတွေ တယ်များနေပါသည်” ဟူ၍သာ မိန့်တော်မူလိုက်လေသည်။ ယင်းသို့ မယ်တော်မိဖုရားကြီးနှင့် မအောင်မြင် သော အခါမှ နှမတော်စုဖုရားကြီးထံဝင်၍ နှီးနှောတိုင်ပင်ကြရပြန်သည်။
သို့သော် နှမတော် စုဖုရားကြီးအား ပုဂံမင်းတရားကြီးက နှမတော်အရင်း တစ်ဦး အဖြစ်နှင့် ဘုရင်ဖြစ် ခါမှ မြို့ရွာကျေးစားများ တိုးတက်ပေးသနား မြှောက်စား တော်မူသည်ကား မှန်ပါ၏။ ထိုမှတစ်ပါး အခြားအခွင့် အရေးအာဏာမရှိပါလေ။ ထိုမှတစ်ပါး စုဖုရားကြီး၏ အဆောင်တော်တွင် တာဝန်ယူ၍ပြုစုစောင့်ရှောက် ထားရသော ညီမတော် ၂-ပါး ဖြစ်သူ ရာဇဝတ်တော်နှင့် ကွယ်လွန်ရှာသော အနောက်နန်းမိဖုရား မမြကလေး၏ ကျန်ရစ်သော သမီးတော်ကလေး လှိုင်ထိပ်ခေါင်တင် အားလည်းကောင်း၊ ရာဇဝတ်တော်နှင့် ကွယ်လွန်ခဲ့ရသူ နန်းမတော် မယ်နု၏သမီးတော် စုဖုရား(ဆင်ဖြူမရှင်) တို့က ရှိနေသေးသည်။
ပုဂံမင်းတရား၏နှမတော်အရင်းဖြစ်ခြင်းကြောင့်သာဆင်ဖြူမရှင်နှင့်လှိုင်ထိပ် ခေါင်တင် တို့ကို ခေါ်ယူစောင့်ရှောက်ထားဝံ့ခြင်းဖြစ်သည်။ အခြားသူသာဆို လျှင် ရာဇဝတ်သင့်သူ၏ သားသမီးများကို ဘယ်လိုပင် ကရုဏာရှိစေကာမူ ခေါ်ယူပြုစု စောင့်ရှောက်ထားဝံ့ကြ မည်မဟုတ်ပါလေ။
နှမအရင်းဖြစ်၍ ကြည့်လို့နေသည်ဟု မှတ်ယူကြသည်။ တစ်ကြောင်းလည်း ပုဂံမင်းတရားကြီး ဘုရင် မင်းအဖြစ် နန်းတက်စဉ်က ဆွေတော်မျိုးတော်များကို အသီးသီးရာထူးစားကျေး မြို့ရွာများနှင့် ဘွဲ့မည်ရည်များ ပေးသနားတော်မူခဲ့ရာ အခြားသူတွေ အသီးသီးအထိုက် အလျောက် တိုးတက်ရရှိခဲ့ကြသော်လည်း ဆင်ဖြူမရှင် နှင့် လှိုင်ထိပ်ခေါင်တင်တို့မှာ တိုးတက်ပေးသနားရာ၌ စာရင်းမပါပါ။ လှိုင်ထိပ်ထားမှာ သူ၏ခမည်းတော် ရွှေဘိုမင်းက ပေးသနားခဲ့ဖူးသော လှိုင်မြို့ စားအတိုင်း သာရှိနေပါသည်။ ဒါတွေကို ထောက်ထားခြင်းဖြင့် ပုဂံမင်းတရားသည် ဆင်ဖြူမရှင်စုဖုရားနှင့် လှိုင်ထိပ် ထားတို့အပေါ်တွင် အာရုံဝင်စားတော်မူခြင်း မရှိကြောင်း သိသာထင်ရှားပါသည်။(ဆင်ဖြူမရှင်)ဟူသော အခေါ် သည် ထိုစဉ်က မရှိသေးပါ။ သို့ရာတွင် စုဖုရားကြီးနှင့် ရှုပ်ထွေးနေမည်စိုးသောကြောင့် (ဆင်ဖြူမရှင်) စုဖုရား ဟူ၍ ရေးသားရခြင်းဖြစ်ပါသည်။
ယင်းသို့သော အကြောင်းအရာများကြောင့် နှမတော်စုဖုရားကြီးသည် မောင်တော် ပုဂံမင်းသားအား မှူးတော်မတ်တော်ကြီးများကိုယ်စား ဘိုင်ဆပ်၏ အကြောင်းများကို ပြောဆိုသတိပေးရန် အရိပ်အဆင် ကြည့်၍သာနေရသည်။ ရုတ်တရက် မလျှောက်တင် သေးဘဲနေသည်။ တစ်နည်းအားဖြင့် ပုဂံမင်းတရားကြီးသည် ဘိုင်ဆပ်မှ ဘိုင်ဆပ် ဖြစ်ကာ သဒ္ဓါတော်မူလွန်း ခြင်း၊ အရေးပါလွန်းခြင်း၊ မျက်နှာသာပေးတော်မူလွန်း ခြင်းများကို မြင်နေရသောကြောင့်လည်း မယ်တော် သတိပေးစဉ်ကနည်းတူ သူ၏အိမ် တော်ပါ ငယ်ကျွန်ကြီး ဘုန်းကြီးကောင်းစားနေခြင်းကို မနာလိုကြဘူးဆိုသော အဖြေမျိုးနှင့် တပ်ဆုတ်လာရဟန်ကို နှမတော်စုဖုရားကြီးက မလိုလားပေ။
ဆက်လက်ဖော်ပြပါမည်။
ဒဂုံခင်ခင်လေး