နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

နေပြည်တော်  အောက်တိုဘာ  ၁၂

 ကျောင်းနေအရွယ် ကလေးတိုင်း    ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်အတွက် နိုင်ငံတော် အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ  ယနေ့တွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၁၂  နှစ်နှင့်အထက်  အခြေခံပညာအလယ်တန်း၊ အထက်တန်း  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)ကို စတင်ထိုးနှံပေးသည်။

ယနေ့မှ စတင်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅ ရက်အထိ လျာထားပြီး နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များဖြစ်သော ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ အခြေခံပညာ ကျောင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၈ ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ၇၄ ကျောင်းစုစုပေါင်း ၈၅၉ ကျောင်း အနက် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာသင်ကျောင်း ၄၉၆ ကျောင်း တွင်ရှိသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦးကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။

ထို့ကြောင့် မြို့နယ်အလိုက် ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာများ၌  အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဦးရေ စာရင်းအလိုက် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးကြသည်။

ထို့ပြင် ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များ ထားရှိ၍ လက်ဆေးစေခြင်း၊ Mask နှင့် Faceshield များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း တို့ကို တာဝန်ကျကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြပြီး  ပညာပေးဗွီနိုင်း ဆိုင်းဘုတ်များကိုလည်း ကျောင်းတွင်း၊ ကျောင်းပြင် ချိတ်ဆွဲထားရှိကာ အသိပညာပေးမှုများ ဆောင်ရွက်ထားသည်ကို တွေ့ရှိ ရသည်။

ယင်းသို့ ဆောင်ရွက်ပြီးပါက ပညာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်၍ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ကြိုတင်အသိပညာ ပေးခြင်းများ ဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက် လက်မှတ်ရယူကာ ကာကွယ် ဆေး ထိုးနှံပေးသည်။

ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း   ဆေးကြောင့် နောက်ဆက်တွဲ လက္ခဏာများ ဖြစ်ပေါ်မှု ရှိ၊မရှိ စောင့်ကြည့်နိုင်ရန် သီးသန့်အခန်းများတွင် ထားရှိပြီး  နာရီဝက်စောင့်ကြည့်စေကာ ကျန်းမာရေး ချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ပေးနိုင်ရန်လည်း ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်စေရန် School Bus များ စီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက်လည်း မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များက လုံခြုံရေး ဆောင်ရွက်ပေးသည်ကို တွေ့ရှိရသည်။

ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးပါက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကျောင်းများတွင် လုံခြုံစိတ်ချစွာ ပညာသင်ကြား သင်ယူခွင့်ရရှိမည် ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်း သူများကိုလည်း ထိုးနှံနိုင်ရေး ဆက်လက်စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဦးစားပေး အစီအစဉ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အခြေခံပညာကျောင်းသား၊ ကျောင်း သူများတွင်     ကိုဗစ်  - ၁၉ ရောဂါဖြစ်ပွား၊ သေဆုံးမှုကို လျှော့ချရန်နှင့် ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ရည်ရွယ် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။