ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၃) ယမန်နေ့မှအဆက်

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၁၃)
ယမန်နေ့မှအဆက်

ယင်းသို့လျှင် မြို့တော်ဝန် ဘိုင်ဆပ်ကို မလိုလား နိုင်ကြသော လူတန်းစားများသည် တစ်စထက်တစ်စ တိုးတက်များပြားလာခဲ့ပေသည်။     “မြို့ဝန်မင်း  ဘုန်းတောက်တော့ ပါနောက်ကခြေကြွသည်”ဆိုသော စကားအတိုင်း မြို့စာရေး မောင်ပိန်ကလည်း အငြိမ် မနေ ခြေ<ကပြီး အနည်းနည်းနှင့် ငွေရလမ်းဖွင့်နေလေ သည်။ဘုရင်မင်းမြတ်စေခိုင်းသမျှ အမှုကိစ္စတို့ကို သူ့လက်ကသာ လက်ဝါးကြီးအုပ်၍ အမြတ် ထုတ်လေတော့သည်။ဘုရင်မင်းက ကျောင်းဆောက်ခြင်း၊ ဘုရားတည် ခြင်း၊  အလှူတော်ပေးခြင်း၊  နန်းတွင်း အိမ်တော် အဆောင်တော်များ တိုးချဲ့ဆောက်လုပ်ခြင်း စသော အလုပ်အဆောင်များကို  ဆိုင်ရာ ပန်းတဉ်းဝန်၊ နန်းကံ ကျွေးဝန် စသူတို့အပေါ်မှကျော်လွှား၍ လက်ဝါးကြီး အုပ်ပြီး  ပစ္စည်းအသုံး အလုပ်အဆောင်စီမံရာတို့၌ ရှေးခေတ်အမြတ်ကြီးစား တစ်ဦး ဖြစ်သည့်အားလျော်စွာ ဦးပိန်က မျက်လုံးကျယ်ကျယ်ဖွင့်၍စားသည်။ လက်တံ ရှည်ရှည်နှိုက်၍စားသည်။ မိမိဌာနနှင့်ဆိုင်သည် မဆိုင်သည် အမှုမထား ဗြောသံကြား နှင့် တရားနာသည်။ ယနေ့ တွေ့မြင်နေရသေးသော အမရပူရမြို့ရှိ တောင် သမန်အင်းကြီးကို ဖြတ်ဆောက် ထားသည့်သစ်သား တံတားကြီးသည် ဦးပိန်ဆောက်သောတံတားကြီးဖြစ် ၍ “ဦးပိန်တံတား”ဟု ထင်ရှားကျော်ကြားနေသည်။

အချို့က သည်တံတားကြီးကို သူဌေးဦးပိန်က သူ့ပိုက်ဆံ နှင့်သူ ဆောက်လုပ်လှူဒါန်း ထားသည်ဟု အထင်ရှိခဲ့ ကြသေးသည်။ စင်စစ်တော့ ပုဂံမင်းကောင်းမှုသာဖြစ်သည်။ အင်းဝမြို့ ဘကြီးတော်ဘုရား နန်းစံစဉ်က ဆောက်လုပ်စံမြန်းတော်မူခဲ့သော အလွန် တရာကြီးကျယ် ခမ်းနားသော    နန်းတော်ကြီးဖြစ်၍ ထိုခေတ်က  “ဖန်နန်းရှင်”ဟူသော အမည်ဝိသေသကိုပင်ရရှိခဲ့သည်။ထိုကြီးကျယ်ခမ်းနားသော နန်းတော်ဟောင်းကြီးကို ဖျက်ယူသယ်ဆောင်ပြီး ဤတံတားကြီးကို ဆောက်လုပ် ခြင်းဖြစ်သည်။ ကျွန်းသားတိုင်ပေါင်းပင် တစ်ထောင် ကျော်သည်။ ကျွန်းသားကြမ်းခင်းပျဉ်ကြီးများမှာ ထု ၄ လက်မခန့်ရှိသည်။ တောင်သမန် အင်းကြီးကို ဖြတ်ဆောက်ထားသော တံတားကြီးဖြစ်၍ အလွန်ရှည်လျားသည်။ မြန်မာပြည်ရှိ သစ်သားတံတားထဲတွင်ဖြင့် ယနေ့အထိ ဦးပိန်တံတားကြီးက အရှည် လျားဆုံး ဖြစ်နေသည်။ 

ရှေးအခါက ပုံခိုင်းစရာရှိလျှင် “မင်းဟာက ရှည်လိုက် တာကွယ် ဦးပိန်တံတားကြီး ကျနေတာပဲ”ဟူ၍ ဥပမာ တင်စားပြောလေ့ရှိသည်။ ဤတံတားကြီးကို ဆောက်ချင် တော့ ဦးပိန်ကဉာဏ်ဆင်သည်။   ဆရာမြို့ဝန် ဘိုင်ဆပ်ကို ချဉ်းကပ်၍ တိုင်းသူ ပြည်သားများ အသွားအလာ လွယ်ကူသက်သာလေအောင် ဟိုတစ်ဖက်က ဘိုးတော် ဘုရားကောင်းမှုတော် ကျောက်တော်ကြီးဘုရားနှင့် သည်တစ်ဖက်က ဘကြီးတော် ကောင်းမှု ပုထိုးတော် ကြီးဘုရားကိုလည်း တံတားဖြင့် တစ်ဆက်တည်း သွားလာ ဖူးမြော်နိုင်ကြစေရန် ဤတောင်သမန်အင်းကြီးအား တံတားကြီးတစ်ခုဖြတ်၍ ဆောက်ထားရလျှင် အင်မတန်သင့်လျော်လျောက်ပတ်ပါမည်ဘုရားဟု ပုဂံမင်းတရား ကြီးအား တင်လျှောက်ရန် အကြံÓဏ်ပေးမိလေသည်။ သည်တွင် ကိုဘိုင်ဆပ်ကလည်း လာဘ်မြင်သည်နှင့် ဘုရင်မင်းကို လျှောက်တင်လေရာ “ဆောက်လုပ်စေ”ဟု အမိန့်ကျလာသည်။ ဤတွင် ဦးပိန်တို့မျက်စိကျ နေသော အင်းဝ က နန်းတော်ဟောင်းကြီးကို ဒီအတိုင်းပစ်ထားမည့်အစား ကုသိုလ်တရား တိုးတက်ပွား များလေအောင် နန်းတော်ဟောင်းကြီးမှကျွန်းတိုင်ကျွန်းသားများ ဖျက်ယူပြီး တံတား ကြီးဆောက်ရာ၌ နန်းတော် ကြီးက သစ်၊ ပျဉ်များကို အသုံးပြုလိုကြောင်း ခွင့်တောင်း ပြန်သည်။ ဘုရင်ထံမှ “ဖျက်စေ”ဟူသော အမိန့်အရ ဦးပိန်က နန်းတော်ဟောင်းကြီးကို တပည့်လက်သား စုံလင်စွာနှင့် သစ်တိုတစ်စမျှ မကျန်ရလေအောင် နန်းတော်ကြီးကို ဖျက်ဆီးသယ်ဆောင်ကြလေသည်။

တံတားကြီးအတွက်သုံးသော ကျွန်းတိုင်၊ ကျွန်း ကြမ်းခင်းမှတစ်ပါး  ကျန်ပစ္စည်းအား လုံးသည် သူဌေး ဦးပိန်က ဘုÍ္စဟီဘုံးလေတော့၏။ ဤတွင် ဖန်နန်းရှင်အမည်ခံ ဘကြီးတော်မင်း၏ အင်းဝနန်းတော်ဟောင်းကြီးသည် စုတေစိတ်ကျပြီး တောင်သမန် အင်းကြီးမှ သစ်သားတံတား(ခေါ်) ဦးပိန် တံတားကြီးအဖြစ်နှင့်   ယနေ့တိုင်မမေ့နိုင် အောင် တည်ရှိလျက်နေပါသည်။
ဖန်နန်းရှင်အမည်ခံထိုက်အောင်    သိုက်မြိုက် ခမ်းနားသော နန်းတော်ကြီးတွင် နန်းဦး ပြာသာဒ်ဆောင်နှင့်ရာဇပလ္လင်တည်ရှိရာ သီဟာသနအဆောင်ကြီး၌ စိုက်ထူအပ်သော လူနှစ်ဖက်စာရှိ ကျွန်းတိုင်ကြီးများ သည် အလွန်ရှည်၍ မော့ကြည့်လိုက်လျှင်ခေါင်း ပေါင်း ပြုတ်ကျရစမြဲဖြစ်သည်။

ရတနာပုံ မန္တလေးနန်းတော်ကြီးမှာလည်း မီးမလောင်မီက ဤအတိုင်း တွေ့မြင်ခဲ့ ရဖူးလေသည်။ ဘကြီးတော်၏နန်းတော်ကြီးမှာလည်း ပလ္လင်ရှစ်ခန်းအပါအဝင် အဆောင်ပြာသာဒ်များနှင့် လူတစ်ဖက်စာ ရှည်လျားသော တိုင်ကြီးများသည် ဦးပိန် တံတား၌ပင် ပါမလာတော့ဘဲ သာမန်အောက်ခံတိုင်များသာ ယနေ့တွေ့ရ မည်ဖြစ်ပါ သည်။ နန်းတော်ကြီးတစ်ခုလုံးခြုံ၍ကြည့်ရလျှင် သိကြားရှိခိုး ရုပ်တိုင်ပန်းပု ကျွန်းသား ကျည်းရှင် များ၊ ဖန်စီမှန်စီ ရွှေချမျက်နှာကြက်များ၊ ဖန်စီမှန်စီရွှေချ နံရံအကာကြီးများ၊ ဟင်္သာပြဒါးတစ်ဝက် ရွှေတစ်ဝက်  ဖန်စီမှန်စီရွှေချခါးစည်းများဖြင့်  လှပဆန်းကြယ်စွာ ပြင်ဆင်မွမ်းမံလုပ်ဆောင်ထားသော နန်းတိုင်များအားလုံးမှာ သူဌေးဦးပိန်၏ လက်ချက် နှင့် အစပျောက်ကုန်ကြသည်။ တောင်သမန်အင်းကြီး ကိုဖြတ်၍ဆောက် ထားသော တံတားကြီးကို အင်းဝနန်းတော်အဟောင်းကြီးမှ ပစ္စည်းများနှင့် ဆောက်လုပ်ပြီး စီးသွား လေသည်ဟူ၍ သာ အမှတ်သညာထားလေတော့သည်။ဤနည်း ဤဟန်မျိုးနှင့် စားလာခဲ့သော မြို့စာရေး ဦးပိန်သည်နောက်သောအခါ၌ သူဌေးကြီးဦးပိန်ဖြစ် လာပါလေသတည်း။မြို့ဝန် ဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့၏ ခြယ်လှယ်မှုကြောင့် ပြည်သူလူထုနှင့် တကွ တော်မှန်ဖြောင့်ထားသော   မှူးတော်မတ်တော်ကြီးများမှာ စိတ်ရောနားပါ မချမ်းမသာရှိနေကြကုန်သည်။ဘုရင် ရွှေနားတော်ကြားအောင် မည်သူမျှစွန့်စား၍ လျှောက်ကြားဝံ့မည့်   သူရဲကောင်း တစ်ဦးတလေမျှပေါ်မလာသေးပေ။  
       
ဆက်လက်ဖော်ပြပါမည်။