ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြဝတီမီဒီယာစင်တာသို့ သွားရောက်ကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြဝတီမီဒီယာစင်တာသို့ သွားရောက်ကြည့်ရှု

ရန်ကုန်  အောက်တိုဘာ  ၁၂

ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များ၊ TV, FM Broadcaster များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ် အမှတ် (၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ၊ သတင်းနှင့် မီဒီယာလုပ်ငန်း (မြဝတီ) (MWD Media Centre)တွင် ကိုဗစ်-၁၉ ကပ်ရောဂါ    ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ  ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု လေ့လာကြသည်။

ရှေးဦးစွာ မြဝတီမီဒီယာ စင်တာရှိ Theater တွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက် ပြောကြားရာ၌  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် အနုပညာရှင်များကို လေးစားပြီး ပညာရှင်များအဖြစ် သတ်မှတ်ကာ လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် မကြာခဏ မှာကြားလေ့ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က  မြဝတီမီဒီယာစင်တာကို အများပြည်သူအတွက် အနုပညာရှင်များက နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်စွာ  ဖန်တီး ထုတ်လုပ်တင်ဆက်နိုင်ရန် ၂ဝ၁၉ ခုနှစ်ကတည်းက စတင်ဆောက်လုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အနုပညာ အဆင့်အတန်းတစ်ခု ပိုမိုမြင့်တက်လာအောင် မြော်တွေးပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြဝတီမီဒီယာစင်တာကို အစီအစဉ်  ၁၈ ခုဖြင့် လိုက်လံရှင်းလင်း ပြသမည်ဖြစ်ရာ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် TVç FM Broadcaster  များအနေဖြင့် မြဝတီမီဒီယာစင်တာကို အသုံးပြုပြီး အနုပညာ လုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဖန်တီးထုတ်လုပ်နိုင်ရန် အသုံးပြုကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလှစိုးက ယခုကဲ့သို့  စာပေ၊ ဂီတ၊ အနုပညာရှင်များ အားလုံးနှင့် တစုတစည်းတည်း  တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် နယ်မြေအေးချမ်း သာယာရေး၊ လုံခြုံရေး၊  တရားဥပဒေ စိုးမိုးရေးအပြင် စီးပွားရေးရာ   တိုးတက်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် အနုပညာရှင်များ အနေဖြင့်လည်း အခက်အခဲများ ရှိပါက ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အနုပညာရှင်များ ပါဝင်ဆောင်ရွက်ကြမည့် ပွဲလမ်းသဘင်များ ကျင်းပနိုင်ရေး အတွက် ပွဲမိန့်မှစ၍ ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အနုပညာရှင်များ၏ အခက်အခဲများကို ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်းအားဖြင့် အနုပညာရှင်များ အနေဖြင့် အနုပညာစွမ်းအားကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ပြီး အများပြည်သူအတွက် ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 ဆက်လက်၍ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ မြဝတီသတင်းနှင့် မီဒီယာလုပ်ငန်းမှ ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက မြဝတီမီဒီယာ စင်တာတွင် အနုပညာလုပ်ငန်းများ နိုင်ငံတကာအဆင့်မီ ရိုက်ကူးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြဝတီမီဒီယာစင်တာအကြောင်း Video Clip ကို  ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသည့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ၊ TVçFM Broadcaster  များ၊ စုစုပေါင်း အင်အား  ၁၅ဝ ခန့်နှင့်အတူ မြဝတီမီဒီယာစင်တာ အတွင်းရှိ Theater, Studio(1), Studio(2),Radio Studio , Sound Studio , Mini Studio , Cinema, News Studio , Talk Show Studio , Box Seat Room , CER Rooms, Music Studio , Control Room , Control 1&2 , Indoor Studio ,စာကြည့်တိုက်, Training Room , ရုံးခန်း များ , Ball Room , Open Terrence , Meeting Room တို့တွင် သရုပ်ပြသမှုနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့် လည်ကြည့်ရှု လေ့လာကြသည်။

မြဝတီမီဒီယာစင်တာကို ပြည်သူလူထု ယုံကြည်အားထားရသည့် မီဒီယာ လုပ်ငန်းကြီးအဖြစ် မီဒီယာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် မီဒီယာအခန်းကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂ဝ၁၉ ခုနှစ် မေလတွင် စတင်တည်ဆောက်ခဲပြီး ၂ဝ၂၁ ခုနှစ် မေလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊   မြဝတီစင်တာတွင် 4K အရည်အသွေးဖြင့် 3D ပြသနိုင်သည့် လူ ၂ဝဝ ဆံ့ ရုပ်ရှင်ရုံ၊ ကြီးမားသော LED Projectorများ ပါဝင်သည့် လူ ၃ဝဝ ဆံ့ ကဇာတ်ရုံ၊  ဖျော်ဖြေရေးအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများ၊ Game Show များ၊ Model Show ပြိုင်ပွဲများ ပြုလုပ်နိုင်သည့် စတိတ်စင်၏ နောက်ခံဒီဇိုင်းများ၊ လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်သည့် TV Studio အခန်းများ၊ Mini Studio ခန်းများ၊ News Studio များ၊ Music Studio များ၊ သင်တန်း ခန်းမများ၊ စီးပွားရေးဆိုင်ရာ ရုံးခန်းများ ပါရှိပြီး နယ်ပယ်စုံမှ အနုပညာသမားများနှင့် မီဒီယာလုပ်ငန်း လုပ်ကိုင်သူများကို တစ်နေရာတည်းတွင် အဆင့်မြင့်နည်းပညာသုံး အသံဖမ်း စတူဒီယိုများ၊ ရိုက်ကူးထုတ်လွှင့် တင်ဆက်မှုများဖြင့် ဆောင်ရွက်နိုင်အောင် ဝန်ဆောင်မှု ပေးနိုင်ကြောင်း၊ မြဝတီမီဒီယာစင်တာရှိ Studio များ အားလုံး၏ ရိုက်ကူးတင်ဆက်မှုများကို TV Channel များတွင် တိုက်ရိုက်(Live) ထုတ်လွှင့်နိုင်သကဲ့သို့ Online Media အမျိုးအစားပေါင်း ၂ဝဝ ကျော်တွင်လည်း  တစ်ပြိုင်တည်း Live Streaming ထုတ်လွှင့် နိုင်အောင် စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။