ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ခရီးစဉ်သစ်အဖြစ် ကျောက်မျက်မှော်ဘုရားအပြင် တခြားခရီးစဉ်သစ်များကိုလည်း လာရောက်လည်ပတ်နိုင်

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ခရီးစဉ်သစ်အဖြစ် ကျောက်မျက်မှော်ဘုရားအပြင် တခြားခရီးစဉ်သစ်များကိုလည်း လာရောက်လည်ပတ်နိုင်

ညောင်ဦး၊ ခရီးသွား

မန္တလေးတိုင်းဒေသကြီး    ညောင်ဦး မြို့နယ်ရှိ    ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသ၌    ဘုရားဖူးပြည်သူများအတွက်ခရီးစဉ်သစ်အဖြစ် ကျောက်မျက်မှော် ဘုရားအပြင်   တခြားခရီးစဉ်သစ်များကိုလည်း  လာရောက်လည်ပတ်နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦး၏ပြောဆို ချက်အရ သိရသည်။

“ကျောက်မျက်မှော်ဘုရားက အရင်က ချုံနွယ်ပိတ်ပေါင်းတွေထူထပ်တော့    လူ အရောက်အပေါက်နည်းတယ်။    အခု ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလိုက်တော့ ကျောက်မျက်မှော်ဘုရားကနေ လောကနန္ဒာ ဘုရားကိုလည်း ဖူးလို့ရတယ်။ ဧရာဝတီ မြစ်ကမ်းဘေးမှာရှိတော့ ရှုခင်းလည်းလှတယ်။   တန့်ကြည့်တောင်အလှကိုလည်း ကြည့်လို့ရတယ်။ ကျောက်မျက်မှော်ဘုရား က ထူးခြားမှုရှိပါတယ်” ဟု  ၎င်းကပြော သည်။

ကျောက်မျက်မှော်ဘုရားသို့  ယခင်က ဘုရားဖူးလာရောက်သူ   နည်းပါးခဲ့သော် လည်း လက်ရှိတွင် ဘုရားဘေးရှိ ချုံနွယ်များကိုရှင်းလင်းကာ   ခရီးစဉ်သစ်အဖြစ်  ပြန်လည် ဖော်ဆောင်လိုက်သည့်အတွက်   လက်ရှိတွင်   ဒေသခံများ လာရောက်ဖူးမြော်ကြ သကဲ့သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလည်း လာရောက်ဖူးမြော်ကြ သည်။

ထို့ပြင်  ဇီးအိုရွာနှင့်   ပုပ္ပားဒေသရှိစက်စက်ယိုရွာ စသည့်ခရီးစဉ်များကိုလည်း ခရီးစဉ် သစ်များအဖြစ်   လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ရှေး ဟောင်းယဉ်ကျေးမှုလက်ရာ   များစွာရှိပြီး ပုပ္ပားတောင်သို့ သွားရောက်လည်ပတ် နိုင်သည့်အပြင်    မကွေးတိုင်းဒေသကြီး  စလေ မြို့နယ်ဘက်သို့လည်း  သွားရောက် လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။  

စောယု