ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၄) ယမန်နေ့မှအဆက်

ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၁၄)
ယမန်နေ့မှအဆက်

ပုဂံမင်းတရားကြီးသည်မြို့ဝန်ဘိုင်ဆပ်အပေါ်တွင်အခွင့်အရေးပေးမှု အများအပြားရှိရာ တွင် တစ်ခုသော အခွင့်အရေးမှာ မှူးတော်မတ်တော်ကြီးများအဖို့ အနှောင့် အယှက် ဖြစ်ရဆုံး၊ ခံပြင်းစရာအကောင်းဆုံးသော အခွင့်အရေးဖြစ်နေပါသည်။  ထိုအခွင့်အရေး သည်ကား အခြားမဟုတ်ပါ။

အမရပူရမှာ စတုတ္ထနန်းစံ ပုဂံမင်းတရားကြီးသည်နဂိုမူလဝါသနာစွဲကာ ကြက်၊ ငှက် တိရစ္ဆာန်တို့ကို အထူးဝါသနာထုံခဲ့သည်တွင် ဘိုင်ဆပ်က မင်းသား ဘဝကပင် ပုဂံမင်း အလိုကျခစားထမ်းရွက်ခဲ့သည်။ပုဂံမင်းဘုရင်မင်းအဖြစ်ရောက်တော်မူသောအခါလည်းအထက်အခါကာလက မွေးမြူတော်မူထားသော ကြက်၊ ငှက်၊ ချိုး၊ ခါ စသော တိရစ္ဆာန် တို့ကို တောင်ဥယျာဉ်၊ မြောက်ဥယျာဉ်တော်အတွင်း၌ ထူးထူးမွန်မွန်ပြု၍ ကြည့်ရှု ကျွေးမွေးစေပြီးနောက် ဘိုင်ဆပ်အား တိရစ္ဆာန်ဝန်ခန့်တော်မူထားသည်။ ထို့ကြောင့် ဘိုင်ဆပ်သည် ရွှေမြို့တော်ဝန်မဖြစ်ခင် စောစောအချိန်ကရရှိခဲ့ပြီးသော တိရစ္ဆာန် ဝန်မင်းလည်း ဖြစ်နေသောကြောင့် တန်ခိုး ထင်ပေါ်လာပြီး တိရစ္ဆာန် ကြက်၊ ငှက်၊ ချိုး၊ ခါ အထူးအဆန်းများကိုလည်း ထပ်မံရှာဖွေဆက်သသည်။ ချိုးများ၊ ခါများကို လိမ္မာ ယဉ်ကျေးအောင်လည်း တပည့်အမြောက်အမြားထား၍ သင်ကြားယဉ်ပါးစေသည်။ ဘုရင်မင်း အကြိုက်လည်း လုပ်တတ်လွန်းအားကြီး၍ သဒ္ဓါလွန်ပြီး မြို့ဝန်ကြီးအဖြစ် ထပ်မံခန့်ထားမြှောက်စားတော်မူခဲ့ ခြင်းလည်းဖြစ်သည်။

ထိုမျှမကသေး ဘုရင်အဖြစ် ရောက်တော်မူသော အခါလည်း မင်္ဂလာအိမ်တော်မှာ တုန်းက တိရစ္ဆာန်ကိစ္စနှင့် လက်ပွန်းတတီးရင်းနှီးတော်မူခဲ့သောအလေ့အတိုင်း ဘုရင် မင်းဖြစ်လာသောအခါလည်း ဘိုင်ဆပ်ကိုပင် အထူးခင်မင်ရင်းနှီးစွာ နေတော်မူ တတ်ပြန်သည်။

ထို့ကြောင့် မနက်မိုးလင်း၍ ဘုရင်မင်းမြတ်မျက်နှာတော် ရေကျချိန်တိုင်း   စောစီးစွာ  ဘိုင်ဆပ်ကအခစားဝင်ရသည်။ ချိုးစကား၊ ခါစကားများကို လက်ရင်းပြု၍ ရှေးဦးစွာ သံတော်ဦးတင် အစီရင်ခံရသည်။ တိရစ္ဆာန် ကြက်၊ ငှက်အကြောင်း စကားမေးမြန်း လျှောက်ထားပြီးမှလွှတ်အကြောင်း၊ ရုံးအကြောင်း၊ နန်းတွင်းအကြောင်း၊ တိုင်းပြည် နိုင်ငံအကြောင်း သတင်းများကို ဘိုင်ဆပ်က သူကြားသိရသမျှသော သူအကျိုး ရှိမည့်အပိုမိုကိစ္စများပါ လျှောက်ထားသတင်းပေးထားခဲ့ရပြီးဖြစ်သည်။

ဘုရင်နှင့် နံနက်ညီလာခံအတွက် ရောက်လာစုရုံး နေကြသော ဝန်ကြီး၊ ဝန်ထောက်၊ အတွင်းဝန် စသော မှူးတော်မတ်တော်ကြီးများသည် အပြင်မှစောင့်နေကြ ရသေး သည်။ အတွင်းတော်က ဘိုင်ဆပ်ထွက်လာမှ မှူးတော်မတ်တော်ကြီးများက ဝင်ရောက်ခစားကြရပါ သည်။ ဘိုင်ဆပ်မှာ ဤမျှအခွင့်အရေးရနေသည်။ ဘုရင် နှင့် မိုးလင်းလျှင်လင်းချင်း သူကအရင်တွေ့ရသည်။ သူပြီးမှ မှူးတော်မတ်တော်ကြီးများက ညီလာခံဝင်ခွင့် ရကြသည်။

ထိုနေ့အဖို့ ဘုရင်မင်းမြတ် မည်သည်ကိုအလိုတော် ရှိသည် မရှိသည်များကို ဘိုင်ဆပ် အား ချဉ်းကပ်၍မှူးတော်မတ်တော်တို့က  မေးမြန်းစုံစမ်းကြရပြန်လေ သည်။ ထိုမျှ အထိ သူ၏တန်ခိုးကထွန်းပနေသည်။

ယင်းသို့ ညီလာခံဝင်သူ မှူးတော်၊ မတ်တော်ကြီးတို့က  မြို့ဝန် ဦးဘိုင်ဆပ်ကိုပင်  ဆီးကြိုမေးမြန်းကြရ သဖြင့် ညီလာခံထွက်တော်မမူလိုသောအခါမှာလည်း ဦးဘိုင်ဆပ် ၏လျှောက်ထားချက်နှင့်ပင်   မှူးတော်၊မတ်တော်တို့က ညီလာခံမှထွက်သွား ကြလေ သည်။

စပ်လျဉ်းမိရာ အကျိုးအကြောင်းနှင့် ဘုရင့်အမိန့်တော်တို့ ရှိသမျှကိုလည်း မှူးတော်၊  မတ်တော်တို့က ဦးဘိုင်ဆပ်ကလျှောက်ထားမှသာ အလုံးစုံသိနိုင်ကြသဖြင့်  အထူး သဒ္ဓါတော်မူနေသည်ကို သိမြင်နေသောကြောင့်  ဦးဘိုင်ဆပ်အား ပြောဆိုရန်သော် လည်းကောင်း၊ သူ၏မသင့်မလျော်အမူအရာများကိုလည်းကောင်း သည်းခံ နေကြ ရသော မှူးကြီး၊ မတ်ကြီး အများအပြားရှိနေပါသည်။

ဆိုအပ်ပြီးသည့်အတိုင်း မြို့ဝန်မင်း၊ တိရစ္ဆာန်ဝန်မင်း ဦးဘိုင်ဆပ်နှင့် မြို့ဝန်မင်း ဘုန်းတောက်၍ ပါနောက် ခြေကြွဖြစ်နေသူ မြို့စာရေးမောင်ပိန်တို့၏ မောက်မာ ပြင်းပြ အာဏာရပြီး အဓမ္မစနစ်မျိုးနှင့် ဆိုးဝါးနေချင်တိုင်း နေကြသူများဖြစ်သည့်အားလျော်စွာ တစ်နေ့သောအခါဘိုင်ဆပ်တို့ အမြင်ကပ်နေသော မိဖုရားတစ်ဦး၏ အဆောင်၌ ခစားနေထိုင်သူ လက်ပါးစေမောင်းမငယ် တစ်ဦးအား မတရားအမှုဆင်လေသည်။

ဘိုင်ဆပ်သဘောမှာ ဤသို့ အမှုဆင်လိုက်လျှင် မိဖုရားထံမှ တံစိုးလက်ဆောင်များ အချိုင့်သားရလေမည် ထင်သည်။ ဘိုင်ဆပ်သည် ဤနည်းမျိုးအတိုင်း မင်းဆွေ မင်းမျိုးတို့အပေါ်မှာ ငွေညှစ်နေခြင်းဖြစ်သည်။ အချို့မှာ အမှုသွားမမှန်ကြောင်း သိသည့်တိုင်အောင် ဘုရင်မင်း မြတ်နားပေါက်ကြားလျှင် အထင်အမြင်လွဲမှားခံရမည် များကို သေရမလောက် ကြောက်ရွံ့ကြခြင်းကြောင့် အပူအေးအောင် မြို့ဝန်ဘိုင်ဆပ် အား ရှိစုမဲ့စုပုံပေး လာဘ်ထိုးကြမြဲဖြစ်လေသည်။

ယခုလည်း ဤသဘောသဘာဝအတိုင်း မြို့ဝန် ဘိုင်ဆပ်က ရွှေဖလားပျောက်မှု တစ်ခုကိုဆင်လိုက်သည်။ အမှုစစ်ဆေးသောအခါ ရွှေဖလားခိုးယူသူသည် နားခံမောင် ရွှေရ၏သမီး  ရှင်ညိုဖြစ်သည်ဟုဆိုသည်။

ရှင်ညိုမညိုကို ခေါ်ယူစစ်ဆေးသောအခါ မညိုသည် စကားမိဖုရားအဆောင်၌ နေထိုင် ခစားသူဖြစ်ကြောင်း ထွက်ဆိုလေသည်။ဤသတင်းကိုကြားရသော စကားမိဖုရားမှ လွန်စွာ စိတ်မချမ်းမသာဖြစ်နေရရှာသည်။ တပည့်မကောင်း ဆရာခေါင်း ဆိုသော စကားအတိုင်း မိဖုရား၏ရံရွေတော် တစ်ဦး ခိုးမှုဖြစ်ရသည်ဆိုလျှင် သခင်ဖြစ်သူ မိဖုရားမှာတာဝန်မကင်းဖြစ်နေပြန်ပါသည်။

ထို့ကြောင့် မိဖုရားမှာ အလွန်စိတ်မချမ်းမသာဖြစ်ပြီးမင်းတရားကြီး သိတော်မူသွား မည်ကိုလည်း အလွန်စိုးရိမ်ပူပန်လျက်ရှိသည်။ ဘိုင်ဆပ်က အမှုဆင်၍ ငွေညှဉ်းခြင်း ဖြစ်ကြောင်းကိုလည်း ကောင်းစွာသိရှိလေသည်။

အခြားသူများလို လာဘ်ထိုးရန်မှာလည်း မိဖုရား တစ်ပါးတည်းဟူသော ဂုဏ်သိက္ခာ ကိုငဲ့ညှာကာ အမှုအေးအောင် ငွေပေးလာဘ်ထိုးခြင်းမပြုလိုပေ။ ထို့ကြောင့် နေ့ရက် အတန်ကြာလာခဲ့လေသည်။ ဘိုင်ဆပ်တို့ကလည်းမိဖုရားထံမှ လာဘ်ပေးရန် လာနိုး လာနိုးနှင့် အမှုကိုကြိုးရှည်နှင့်လှန်ထားသည်။ သို့သော် တော်တော်နှင့် လာဘ်ထိုး ရန်မလာကြပေ။ 

ဆက်လက်ဖော်ပြပါမည်။