ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၅) ယမန်နေ့မှအဆက်

ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၁၅)

ယမန်နေ့မှအဆက်

ဤတွင် မြို့ဝန်မင်း ဦးဘိုင်ဆပ်သည် ငါကဲ့သို့သောပုဂ္ဂိုလ်အား သည်မိဖုရားက  အဘယ်ကြောင့်မလေးမစားပြုနေဘိသနည်းဟု ကြီးစွာအမျက်ထွက်လေတော့သည်။ ကြည့်သေးတာပေါ့ ဒီမိဖုရားကို ငါအပြုတ်ချမည်ဟု တပည့်ကြီး မောင်ပိန်အား ပွင့်လင်း စွာစကားဆိုလေလျှင် ချက်ဆိုနားခွက်ကမီးတောက်နေကျ မြို့စာရေး မောင်ပိန်က လည်း မီးလောင်ရာလေပင့်ပြုကာ ဟုတ်ပါကြောင်း သည်မိဖုရားကိစ္စမှာ လျှော့ပေး လိုက်လျှင် သခင်ကြီးတန်ခိုးမှေးမှိန်သွားပါမည်။ သခင်သွားရာခြေလှမ်း၌ ခလုတ် တံသင်းနှင့်တူနေသော သည်မိဖုရားကြီးကို အလျင်စလိုသုတ်သင်ဖယ်ရှားပစ်သင့် ကြောင်းမြို့ဝန်မင်းအလိုကျ မီးတောက်ကိုဆွ၍ပေးလျက်ရှိလေသည်။

ကံအားလျော်စွာပင် ဤရက်အတွင်း၌ အကြောင်းထူးတစ်ခုသည် မမျှော်လင့်ဘဲ ပေါ်ပေါက်လာလေသည်။ ဤကံအားလျော်စွာကား မြို့ဝန်မင်း ဦးဘိုင်ဆပ်နှင့် မြို့စာရေးမောင်ပိန်အမှူးပြုသော လူတစ်စုတို့၏ ကံအား လျော်စွာဟုသာ ဆိုထိုက်ပါ သည်။ အကြောင်းသော်ကား တစ်နေ့သော ညဉ့်အချိန်မှာဖြစ်ပါသည်။

ပုဂံမင်းတရားကြီးသည် ထို့နေ့ညဉ့်၌ နှစ်ခြိုက်စွာ စက်တော်ခေါ်လျက်ရှိသည်။ မင်းဧကရာဇ်၏စက်တော်ဆောင်ထဲသို့ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော စစ်တောင်း မြို့စားဝန်ကြီးဟောင်းသည် ဝင်ရောက်လာခဲ့ပေသည်။ ဝန်ကြီးသည် အရွယ်အိုမင်း သော်လည်းဖြူစင်သန့်ရှင်းသော ရုပ်လက္ခဏာနှင့် ကျက်သရေရှိလှပေသည်။ ဝတ်စား ဆင်ယင်မှုကလည်း ခေါင်းပေါင်းဖြူ၊ ဖော့လုံးအင်္ကျီလက်ရှည်အဖြူ၊ ပုဆိုးရှည်အဖြူနှင့် တဘက်ဖြူ(ဘွဲ့ဖြူ)ကို လေးဖက်တင်ခြုံ၍ ဝါးတောင်ဝှေး ကိုထောက်ကာ ဝင်လာခြင်း ဖြစ်သည်။ပုဂံမင်းသည် ရုတ်တရက် စက်ရာမှနိုးလာသည်။

“အလို...စစ်တောင်းစားအဘိုးပါကလား။ ကျုပ်အဆောင်တော်ထဲကို   ဘယ်လို အကြောင်းရှိလို့ ဝင်ရောက်ခဲ့ပါသနည်း”ဟု  မေးမြန်းတော်မူသောအခါ  စစ်တောင်းစား ဝန်ကြီးသည် “အရှင့်သားကို သတိပေးလို၍လာခဲ့ပါသည်။ တိုင်းပြည်ကို ပြန်လို့ကြည့် တော်မူ ပါဦး” ဟု တင်လျှောက်လေသည်။ ပုဂံမင်းတရားကြီးက “စစ်တောင်းစားဘိုးဘိုး ရယ်၊ ကျုပ်တရားသဖြင့် မင်းလုပ်နေပါသည်။ တိုင်းပြည် ဘယ်ကဲ့သို့ပြန်ကြည့်ရဦး မည်နည်း”ဟုပြန်လည်အမိန့်တော်ရှိလေသည်။ ထိုအခါ စစ်တောင်းစားဝန်ကြီးက “အရှင့်သား တိုင်းပြည် အကြောင်းကို သိရှိတော်မူလိုပါက ရွှေနန်းတော်မြောက် စမုတ်တော်တွင် ရုပ်စုံပွဲခံတော်မူပါလျှင် ယခုဖြစ်ပေါ် နေသောအကြောင်းအရာများကို သိတော်မူရပါလိမ့်မည်”ဟု လျှောက်တင်ပြီးလျှင် ဝတ်ဖြူစင်ကြယ်ဝတ်ဆင် ထားသူ စစ်တောင်းစားဝန်ကြီးသည် ရုတ်တရက် အဆောင်တော်ထဲမှ ပျောက်ကွယ်သွား လေသည်။

ပုဂံမင်းတရားကြီးသည် စက်တော်ခေါ်တော်မူရာမှ ဖျတ်ခနဲလန့်နိုးတော်မူလာသည်။ ပတ်ဝန်းကျင်ကိုကြည့် တော်မူသောအခါ စစ်တောင်းဝန်ကြီးလည်းမရှိတော့ပါ။ ဤတွင် အိပ်မက်မြင်မက်တော်မူကြောင်း သိမြင်တော်မူ သည်။ ဤစစ်တောင်းစား ဝန်ကြီး ဟောင်းသည်လည်း ယခုအခါ လူ့ပြည်လူရွာ၌မရှိတော့သောပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ သမာဓိတရားရှိ၍ ကျော်ကြားထင်ရှားခဲ့သူ စစ်တောင်းစားဝန်ကြီးမှာ လွန်ခဲ့သော နှစ်များအတွင်းကကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီးသူဖြစ်ပါသည်။

ပုဂံမင်းတရားကြီးသည် မိမိအိပ်မက်အခင်းအသွားကို စဉ်းစားဆင်ခြင်ကာ တုန်လှုပ် ချောက်ချားလာသည်။ “ငါ့တိုင်းတော်ပြည်တော်မှာ ဘာတွေများဖြစ်ပျက်နေ ပါလိမ့် မည်နည်း”ဟု   ကြောင့်ကြစိတ်စောမိသည်။  စစ်တောင်းစားဝန်ကြီး တင်လျှောက်ခဲ့ သော စကားထဲ၌ မြောက်စမုတ်တော်မှာ ရုပ်စုံပွဲခံပါက အမှုကိစ္စများ အားလုံး သိမြင် တော်မူရပါလိမ့်မည်ဆိုသောစကားအတိုင်းနောက်တစ်နေ့ညဉ့်မှာပင်ဘုရင့်အမိန့်တော်  နှင့် မြောက်စမုတ်ဆောင်တော်မှာ ရုပ်စုံပွဲသဘင်ခံတော် မူရန် အမိန့်တော်ထုတ်ပြန် လိုက်လေသည်။ အမိန့်တော် အတိုင်း မြောက်စမုတ်တော်ရှေ့တွင် ရွှေနန်းသုံးရုပ်စုံ သဘင်ပွဲခံလေလျှင် နန်းတော်သူ၊ နန်းတော်သားများ၊ မင်းမိဖုရား၊ ဆွေတော်မျိုးတော်၊ မှူးတော်၊ မတ်တော်ကတော်မယား စုံလင်စွာပွဲသဘင်ကြည့်ရန် စည်ကားစွာ စုရုံးရောက်လာကြလေသည်။

ပုဂံမင်းတရားကြီးသည်လည်း ရုပ်စုံပွဲသဘင်တော် ကို ရှုစားတော်မူရန် မြောက်စမုတ် အဆောင်တော် ဥကင်၌စံတော်မူလျက်ရှိနေသည်။   အိပ်မက်အရ စစ်တောင်းစား ဝန်ကြီးအလိုအတိုင်း မြောက်စမုတ် ရုပ်စုံသဘင်ဆင်နွှဲရာတွင် ဘယ်သို့သော အကြောင်းထူး ကိစ္စ ပေါ်ပေါက်ရမည်မသိသဖြင့် သတိတော်ထားပြီး အိပ်မက်ထဲ ကအတိုင်း မှန်မမှန်၊ မည်သို့သောအကြောင်း ထူးပေါ်မပေါ် မျှော်လင့်စောင့်စား တော်မူလျက်ရှိနေလေသည်။

“နေသေးသပချုံထဲက ချိုသွေးတမြမြ”ဆိုသောစကား အတိုင်း စကားမိဖုရားကို အဖြုတ်ချရန် မာန်စောင်နေသော မြို့တော်ဝန်မင်း ဦးဘိုင်ဆပ်သည် ရွှေနန်းတော် မြောက်စမုတ်၌ ရုတ်ရုတ်သဲသဲ ရုပ်စုံသဘင်စည်ကား နေဆဲမှာ မာန်မာန တံခွန်လွှား နေသူပီပီ အချက်ရလေပြီဟု နှလုံးပြုကာ မိမိကိုယ်တိုင်ခေါင်းဆောင်လျက် အနောက်ပိုင်း မင်းမိန်းမတို့အဆောင်သို့ ရုတ်တရက် ဝင်ရောက်လာပြီးလျှင် ရွှေဖလား သူခိုး မမိညိုကို ပေးအပ်ရမည်ဟုတောင်းလာသည်။

မြို့တော်ဝန်ကိုယ်တိုင်ခေါင်းဆောင်ကာ တပည့် လက်သားနောက်ပါ ပါးကွက်အာဏာ သားများလည်းတစ်သိုက်တစ်မြုံကြီးပါလာသည်။ စကားမိဖုရားကလည်း  ဆတ်ဆတ် ကြဲ ပင်ဖြစ်သည်။ အခြားသူတွေလို ခပ်အေးအေးငုံ့ခံလို့ ကိစ္စမြန်မြန်အေးအောင် လာဘ်ပေးမည့်သူမဟုတ်ရုံမကဘဲ  မြို့ဝန်ဘိုင်ဆပ်၏လမ်းလွဲလာသည်ကို အခွင့် ကောင်း ယူကာ အနောက်ပိုင်းသို့ကျူးကျော်ဝင်ရောက်လာမှုနှင့် ပြန်၍ တိုင်လိုက် လေသည်။

မြန်မာဘုရင်တို့လက်ထက်က ထုံးတမ်းစဉ်လာတစ်ရပ်မှာ ရွှေနန်းတော်တွင် အရှေ့မင်းသားယောကျ်ားပိုင်း၊ အနောက်မင်းမိန်းမပိုင်းဟူ၍ ခွဲခြားထားပြီးလျှင် အနောက်ပိုင်းမင်းမိန်းမတို့စံနေရာအဆောင်များသို့မည်သည့်ယောကျ်ားမှ ဝင်ရောက် ခြင်းမပြုရပေ။အကယ်၍ အကြောင်းကိစ္စရှိ၍ဝင်ရောက်ရန်ရှိပါက အနောက်ဝန် အမှူးပြုသောအရာရှိများထံအမိန့်ခံပြီးမှ ဝင်ရောက်ခွင့် ရှိရမြဲဖြစ်သည်။          

ဆက်လက်ဖော်ပြပါမည်။