ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၁၆)

ယမန်နေ့မှအဆက်

အမိန့်မရှိ မပန်ကြားဘဲဝင်ရောက်ကျူးကျော်ခဲ့သော်ဒူးဖြတ်၊ လက်ဖြတ်၊ အသက်ပြတ်သည်အထိ အပြစ်ရှိပါသည်။ အနောက်ဝန်သည် ဤကိစ္စကိုအထူးဂရုပြုအုပ်ချုပ်ရပါသည်။

မင်းမိန်းမတို့စံနေရာ အနောက်ပိုင်းအတွက် အမှုထမ်းရသောအမှုထမ်းများသာဖြစ်သူ ပွဲတော်အုပ်ပို့သူ၊ ရေပို့သူ၊ ဆီမီးထွန်းသူ၊ အမှိုက်သရိုက်သိမ်းသူ၊ အိမ်သာသန့်စင်ရသူများမှာ ယောက်ျားငယ်သူတော်များနှင့်မိန်းမစိုး ခေါ် ယောက်ျားအင်္ဂါမရှိသူ၊ သင်းကွပ်ထားသူများသာလျှင် အနောက်ပိုင်းကို ဝင်ရောက်အမှုထမ်းကြရပါသည်။

ဤမျှစည်းကမ်းတကြီးထားခဲ့ရာတွင် ယခုအခါ မြို့ဝန်မင်း ဦးဘိုင်ဆပ်မှာ အနောက်ဝန်၏အဖွင့်အမိန့်မပါဘဲ စကားမိဖုရား အဆောင်ထဲသို့ နောက်ပါတပည့်သားယောက်ျားကြီးများနှင့် စုံလင်စွာနှင့်ချဉ်းနင်းဝင်ရောက်ကျူးကျော်လာခဲ့မိပေပြီ။ သူသည်  ဒေါသကိုရှေ့ထားပြီး မာန်မာနတရားကလည်း ပိတ်ဆီးဖုံးလွှမ်း၍ မျက်ကန်းသဖွယ် ဖြစ်သွားရလေပြီ။

ဤအချက်ကြောင့် ပွက်ပွက်ဆူသွားရလေသည်။ “အနောက်ဝန်မင်းအမိန့်မပါ။ မည်သူထံမှ အခွင့်မတောင်းဘဲ ရွှေနန်းတော် အနောက်ထဲသို့ မြို့ဝန်ဘိုင်ဆပ်ရောက်လာပြီး ဘုရားကျွန်မ၏ အဆောင်မှာ ကျူးကျော်စော်ကားလာပါသည်။ ဘုရားကျွန်မင်း၏ လက်ပါးစေ အပျိုတော်ငရွှေရသမီး မိညိုအား ရွှေဖလားခိုးမှုဖြင့် သူ့လက်သို့ပေးအပ်ရမည်ဟု ကြမ်းတမ်းမောက်မာစွာ တောင်းဆိုလာပါသည်ဘုရား” ဟု စကားမိဖုရားက ပုဂံမင်းတရားကြီးအား ဝင်ရောက်လျှောက်တင်လေတော့သည်။

ဤတွင် ပုဂံမင်းတရားကြီးသည် အိမ်တော်ပါ ငယ်ကျွန်ကြီးမြို့ဝန်မင်းဘိုင်ဆပ်အား အနောက်ပိုင်းကျူးကျော်မှုနှင့်သူ့မိဖုရားအား စော်ကားရမည်လားဟု အမျက်တော်ပွားလေပြီ။

ဘိုင်ဆပ်တို့သွားရာလမ်း

ပုဂံမင်းတရားကြီးသည် မြို့တော်ဝန်ဘိုင်ဆပ်အပေါ်၌ အမျက်တော်ပွားပြီးလျှင် လွှတ်တော်ဝန်ကြီးများကိုရှေ့တော်သို့ခေါ်၍ အနောက်ပိုင်းသို့  ဝင်ရောက်ကျူးကျော်မှုကို တိုင်တန်းတော်မူပြန်လေသည်။ ယင်းသို့ မင်းဧကရာဇ်က မှူးတော်၊ မတ်တော်များကို တိုင်ကြားတော်မူလိုက်သောအခါ ယခင်အချိန်များက ဘိုင်ဆပ်၏မတရားမှုများကို တိုင်ကြားချင်လျက် မျက်နှာသာပေးထားခြင်း ခံနေရသူဖြစ်နေသောကြောင့် မပြောသာမလျှောက်ရဲဖြစ်ခဲ့ရသူများ ဖြစ်နေသဖြင့်အခွင့်တော်သာဆဲ ထူးကဲဆိုးညစ်စွာ ပြုမူလာခဲ့ သော မြို့ဝန်ဘိုင်ဆပ်၏အကြောင်းစုံတို့ကို ပေါင်းဆုံပြီးလျှောက်ထားသံတော်ဦးတင်နိုင်ကြလေတော့သည်။

ဤတွင် ဘုရင်မင်းမြတ်သည် ဖြစ်ကြောင်းအလုံးစုံကုန်စင်အောင်သိရှိသွားတော်မူသည်။ ဘိုင်ဆပ်သည်ဤပြစ်မှုတစ်ခုသာမဟုတ်။ ပြည်သူဆင်းရဲသားများနှင့်တကွ ရွှေမြို့တော်ပတ်ဝန်းကျင်မှ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်နှင့် မင်းမှုထမ်းများအထိ လူတိုင်းတို့ အပေါ်၌ မဟုတ်မမှန်မှုခင်းရှာကြံ၍ ကြေးငွေလာဘ်လာဘများစားယူပြီး ညှဉ်းပန်းနှိပ်စက်ပြုလုပ်ခဲ့သော အမှုများစွာ တို့ကို အတိအကျသိရှိတော်မူရလေသည်။ နောက်နောင်က ပေါက်မြောက်အောင် ဘုရင်ကိုမတင်မလျှောက်ဝံ့ကြသောကြောင့် ရဟန်း ရှင်လူပြည်သူလူထုအများမှာ ပူပန်ဆင်းရဲစွာရှိခဲ့ရကြောင်း စသောအကြောင်းများ မှူးတော်၊ မတ်တော်တို့ တင်လျှောက်ဖွင့်ချ တိုင်တန်းတော်မူလေတော့သည်။

မိမိယုံကြည်သဒ္ဒါတော်မူခဲ့၍ ချီးမြှင့်သူကောင်းပြုသော် ခံရသည်မျှမက အာဏာကိုအလွဲသုံးစားပြုရမည်လားဟု များစွာ အမျက်ထွက် တော်မူသည်။ ဤကြောင့် ဤ၍ ဤမျှနှစ်ရှည်လများ တိုင်းသူပြည်သားတို့အပေါ်၌ မလျော်မကန်မမှန် ဖောက်ဖျက်သစ္စာ ပျက်လူ ယုတ်မာအား သွားမြဲလမ်းသို့ သွားစေတော့သည်။ “သွားမြဲလမ်း” ဆိုသည်ကား ကားတင်၊ ရင်ခွဲ၊ အသည်းနေလှန်းခြင်းဟုဆိုအပ်သော ကြီးလေးသောရာဇဝတ်သားများအားပေးသော စီရင်ချက်ဖြင့် အသက်ကို ခြွေလိုက်ခြင်းပင်ဖြစ်လေသည်။

လူမတရား လူညစ်လူကျယ် မြို့တော်ဝန်ဘိုင်ဆပ်ကိုသာမက   ဘိုင်ဆပ်၏လက်ရုံးတစ်ဆူဖြစ်သော မြို့စာရေး မောင်ပိန်ကို လည်းကောင်း၊ အခြားသောဘိုင်ဆပ်၏အပေါင်းအပါငယ်သားများကိုလည်းကောင်း စစ်ဆေးရွေးထုတ်ပြီးလျှင် အဆုံးစီရင်စေ သည်။ ဘိုင်ဆပ်နှင့်မောင်ပိန်တို့၏သား၊ မယားများပါမကျန် အပြစ်ဒဏ်ခံစေရုံသာမက မြို့ဝန်မင်းဘိုင်ဆပ်နှင့် မြို့စာရေးမောင်ပိန်တို့ စုဆောင်းထားသမျှ စည်းစိမ်ဥစ္စာ၊ ရတနာရွှေငွေ၊ မြေယာကိုင်းကျွန်းမှစ၍ ရှိသမျှပစ္စည်းကိုသိမ်းဆည်း၍ ဘဏ္ဍာတော်ပြုလိုက်သည်။

သို့သော် ထိုပစ္စည်းဥစ္စာတို့ကို ဘဏ္ဍာတော်အဖြစ်သိမ်းယူလိုက်သော်လည်း တိုင်းသူပြည်သားတို့၏ ပစ္စည်းများဖြစ်သောကြောင့် ပြည်သူပြည်သားတို့ ကုသိုလ်တရားပွားများစေရန် ရည်သန်လျက် ကျောင်းကန်ဘုရားများကို တည်ထားပြုပြင် လှူဒါန်းရာ ဌာန၌ ထိုပစ္စည်းများကို ထပ်ဖြည့်အသုံးပြုစေသည်ဟု သိရှိရလေသည်။ ထိုအဖြစ်များကို နေပြည်တော်တစ်လွှားတွင် ဟိုးလေးတကျော် ကျော်ကြားရုံမက အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြသည်။

မိမိတို့အပေါ် မတရားအနိုင်ကျင့်ခဲ့သော မြို့ဝန်ဘိုင်ဆပ်၊ မြို့စာရေးမောင်ပိန်အမှူးရှိသော လူတစ်စုယခုလို ရာဇဝတ်ပြစ်ဒဏ်ခံရပြီဆို သောသတင်းကို ကြားရသူတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ မျက်ရည်စက်လက်နှင့်ခေါင်းငုံ့ခံခဲ့ရသော အညှဉ်းဆဲခံလူ တစ်စု သည် ယခုမှ အမှောင်ခွင်း၍ အလင်းရောင်ရသူများနှယ် ဝမ်းသာရွှင်မြူးမှုတွေဖြစ်နေကြရသည်။

မိမိတို့ထံမှ ညှဉ်းဆဲယူငင်သွား၍ ဆုံးပါးသောပစ္စည်းဥစ္စာများကိုလည်း ဘဏ္ဍာတော်အဖြစ်သိမ်းပြီး ဘုရားကျောင်းကန် ဆောက် လုပ်ပြုပြင်ရာတွင် ထည့်ဝင်သုံးစွဲကြောင်း ကြားသိရသောအခါ မိမိတို့ပစ္စည်းပမာဏအလျောက် ဝမ်းမြောက်စွာ သာဓုခေါ် လိုက်ကြ ရလေတော့သည်။

ဤမျှလည်း မကသေးပေ။ လူပွေလူတေ ဘိုင်ဆပ်တို့ကို အသေသတ်ရန်သုသာန်သို့ထုတ်ယူလာသောအခါမှာလည်း များစွာသော နေပြည်တော်သား၊ နေပြည်တော်သူများသည် လမ်းဘေး ဝဲ၊ ယာတစ်ဖက်တစ်ချက်ဝိုင်းအုံကြည့်ရှုကာ မျက်နှာကို တံတွေးနှင့် ထွေးသူ ကထွေး၊ ဖုန်များ၊ သဲများဆုပ်ကာ သူတို့မျက်နှာကို လှမ်းပက်သူကပက်နှင့် ရက်စက်စွာ လက်တုံ့ပြန်ကြလေသည်။               

ဆက်လက်ဖော်ပြပါမည်။