ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှအဆက်

ဗုဒ္ဓဘာသာလူမျိုးတို့ ထုံးတမ်းစဉ်လာအရ ရန်သူဖြစ်စေကာမူ သနားကရုဏာ ရှေ့ထားလေ့ရှိသူများ ဖြစ်ကြသော်လည်း ရာဇဝတ်ဘေးကြောင့် သေရတော့မည့်ဆဲဆဲ  ရာဇဝတ်ကောင် ဘိုင်ဆပ်တို့ကိုမူကား သနားကရုဏာပင် မဖက်နိုင်တော့ဘဲ  စိတ်ထဲက အငြိုးကြီးခဲ့သလောက် စိတ်ပေါက်ပေါက်နှင့် မသေခင် လက်စားချေချင်စိတ် ဖြစ်ပေါ်နေသူတွေ အဆမတန် များပြားလျက်ရှိလေသည်။

အချို့မှာ နှုတ်အမူအရာ၊ ကိုယ်အမူအရာ မပြလိုက်တော့ဘဲ သင်္ချိုင်းသို့ ဆွဲထုတ်လာသော ဘိုင်ဆပ်တို့အား ဝမ်းသာအားရနှင့်ပြုံးပြသူက မရှား၊ ငါ့သမီးကိုဖျက်ဆီးသူ၊ ငါ့သားကို မတရားထောင်ချသူ၊ ငါ့တူကို ရာထူးဖြုတ်ပစ်သူ၊ ငါ့ပစ္စည်းသိမ်းယူသူ၊ ငါတို့အပေါ် မတရားလုပ်ခဲ့သူဟူသော ရန်ငြိုးကလည်း ကြီးချင်တိုင်း အကြီးခံလာခဲ့ရခြင်းကြောင့် လမ်းကိုပင် ဖြောင့်ဖြောင့်လျှောက်၍ မဖြစ်နိုင်အောင်ရှိသဖြင့် ပါးကွက်အာဏာသားများက ဘိုင်ဆပ်တို့အား သုသာန်ကို ခဲရာခဲဆစ် ထုတ်ယူ ဆောင်ကြဉ်းလာခဲ့ရလေသည်။

ဤလူထုပရိသတ်ထဲမှ အထူးခြားဆုံး ပုဂ္ဂိုလ်တစ်ယောက်လည်း ပါရှိခဲ့လေသည်။ ထိုပုဂ္ဂိုလ်သည်ကား အခြားမဟုတ်ပါ။ ဝတ်ဖြူစင်ကြယ်ဝတ်ထားသော အဂ္ဂိရတ်ဆရာ ဖိုးသူတော်ကြီး ''ရန်အောင်ဇေဋ္ဌ'' ခေါ် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါသည်။

ထိုဖိုးသူတော်ကြီး ရန်အောင်ဇေဋ္ဌသည် ထွက်ရပ်လမ်းအတွက် အဂ္ဂိရတ်ထိုးခြင်းထက် ရွှေဖြစ်ငွေဖြစ်လမ်းကို လိုက်ကာ အဂ္ဂိရတ်ထိုးလာသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်၏။ သို့ပင်ဖြစ်ငြားလည်း ရှစ်ပါးသီလ နေ့စဉ်စောင့်ထိန်း၍ ညစာမစားသော ပုဂ္ဂိုလ်ထူး တစ်ဦးဖြစ်ပါသည်။  သူသည် ဘုန်းကြီးကျောင်းထဲက ဇရပ်တစ်ဆောင်မှာ နေသည်။ နေ့စဉ် ဆွမ်းခံစားသည်။

နံနက်စာ ဆွမ်းစားပြီးနောက် တစ်နေ့လုံး ဖိုထိုး(အဂ္ဂိရတ်ထိုး) နေတော့သည်။

ထိုပုဂ္ဂိုလ်ကြီးသည် ဘယ်အရပ်ဇာတိမှန်းလည်း မည်သူမျှမသိကြပေ။

ဤနေရာသို့ ဖိုးသူတော်အဖြစ် လာရောက် နေထိုင်သည်မှာတော့ ဘကြီးတော်ဘုရား လက်ထက်တော် နောက်ပိုင်းနှင့် ရွှေဘိုမင်းတရား လက်ထက်အထိပင်ဖြစ်လေသည်။

ဖိုးသူတော်ဘဝနှင့် ငယ်စဉ်ကပင်နေလာသူဟု အားလုံးက ထင်ကြပါသည်။ အဂ္ဂိရတ်ထိုးသည်မှလွဲ၍ အကျင့်သိက္ခာရှိသော လူသူတော်ကြီး တစ်ဦးဟူ၍ အားလုံးက ယူဆနေကြသည်။

ထိုပုဂ္ဂိုလ် ဖိုးသူတော်ကြီး ရန်အောင်ဇေဋ္ဌသည် ဓားကြီးထမ်းလျက် ပရိသတ်တွင်းမှ တိုးဝှေ့ထွက်လာပြီးနောက် ဘိုင်ဆပ်တို့နောက်သို့ လိုက်သွားလေသည်။ ဘိုင်ဆပ်ကိုမုန်းတီးသော ပရိသတ်ကြီးသည် ဓားထမ်းလာသော ဖိုးသူတော်ကြီးကို အံ့အားသင့်ကာ စိုက်ကြည့်နေကြပါသည်။

လူသူတော် ပိတ်ဖြူဝတ် ဖိုးသူတော်ကြီး ဓားကြီးထမ်း ဝင်လာသည်မှာလည်း အထူးအဆန်းကြီး ဖြစ်နေသည်။

ဤတွင် သူတော်ရန်အောင်ဇေဋ္ဌက အာဏာသားများအား လှမ်းအော်သည်။ ''ဟေ့...မောင်တို့ နေကြပါဦးကွ၊ ငါလည်း မင်းတို့နဲ့အတူလိုက်ပါရစေ၊ ငါ့သားကိုသတ်တဲ့ ဘိုင်ဆပ်ကို ငါမကျေဘူး။ ငါကိုယ်တိုင် မင်းတို့နှင့်အတူ ဝိုင်းကူသတ်ပါရစေ၊ နေပါဦး စောင့်ပါဦး''ဟူ၍ ဟစ်အော်ရင်း နောက်က လိုက်သွားလေသည်။

ညစာမစားရှစ်ပါးသီလ အမြဲစောင့်ထိန်းနေသူ   ဖိုးသူတော်ကြီးက ဘိုင်ဆပ်ကို သတ်ပါရစေဟု ဓားထမ်း ဟစ်အော်လိုက်သည်ကို ပရိသတ်က ကျေနပ်စွာ လက်ခုပ်သြဘာ ပေးကြသည်။ သူတို့လို လူဝတ်ကြောင် မဆိုထားနှင့် သူတော်ကောင်းတရား အားထုတ်နေသူ ဖိုးသူတော်ကြီးကတောင်မှ ဤမျှမုန်းတီးနေပါကလား ဟူ၍ မှတ်ချက်ချကြသည်။ ကျေနပ်ကြသည်။

ထို့ကြောင့် ဖိုးသူတော်ကြီးကို မည်သူမျှ မတားဆီးကြဘဲ လမ်းရှဲ၍ပင် ပေးလိုက်ကြသည်။

သူတော်ကြီး ရန်အောင်ဇေဋ္ဌလည်း ဓားကြီးထမ်းလျက်နှင့် ဘိုင်ဆပ်တို့ကို မီလာသည်။ အာဏာသားများကလည်း သူတော်ကောင်းကြီးကို သိရှိသူများ ဖြစ်ခြင်းကြောင့်  လိုက်လာသည်ကို တားဆီးမှု မပြုကြဘဲ နေကြသည်။

ဤတွင် သူတော်ရန်အောင်ဇေဋ္ဌသည် ရာဇဝတ်ကောင် မြို့ဝန်မင်း ဘိုင်ဆပ်အနားသို့ ယှဉ်ကပ်ကာ ဓားထမ်းပြီး သင်္ချိုင်းအရောက် လိုက်ပါသွားလေသည်။

လမ်းတစ်လျှောက်လုံးရှိ ရပ်ကြည့်နေကြသော ပရိသတ်များကလည်း သူတော်ကြီး လိုက်ပါသွားသည်ကို ကိုယ်စားပြုကာ အားရဝမ်းသာစွာ လက်မြှောက် နှုတ်ဆက်ပြကြလေသည်။

''ပါဏာတိပါတာကံ သူ့အသက်သတ်ခြင်းကို ဝေရာမဏိ ရှောင်ကြဉ်ပါ၏''

လို့ ဘုရားထံမှာ ကတိထား၍ ရှစ်ပါးသီလ စောင့်ထိန်းရသူ သူတော် ရန်အောင်ဇေဋ္ဌကတောင် ဘိုင်ဆပ်ကိုသတ်ပါရစေဟု ရန်ငြိုးပြုသည်။

ဘိုင်ဆပ်သည် သူတော်ကြီး ရန်အောင်ဇေဋ္ဌ သားကို ဘယ်တုံးကများ မယားရပြီး ဘယ်တုံးကများ မွေးတဲ့သားပါလိမ့် စသော အတွေးများက တသီကြီး တတန်းကြီးဖြစ်နေသည်။ ''ဟုတ်မှာပါ ဟုတ်မှာပါ။ ဒီဘိုင်ဆပ်ဆိုတဲ့ သတ္တဝါဟာ ဖိုးသူတော်ရဲ့သားကိုတောင် မရှောင်ပါကလား၊ ယုတ်မာလိုက်တဲ့ ဖြစ်ခြင်း''စသောအဖြေများနှင့် တစ်ယောက်တစ်ပါးစပ် အနှံ့အပြား ကူးစက်သတင်းကြီးသွားလေသည်။

သူတို့ထင်သည့်အတိုင်း  သူတော်ရန်အောင်ဇေဋ္ဌသည် မြို့ဝန်ဟောင်း ဘိုင်ဆပ်နှင့် ကိုယ်ချင်းကပ်၍ ဓားထမ်းလိုက်ပါသွားခြင်းကို အတပ်အထင် မြင်လိုက်ကြရလေသည်။ သုသာန်တစ်စသို့ ရောက်သောအခါ အာဏာသားများက သူတို့တာဝန် ဝတ္တရားအတိုင်း ဘိုင်ဆပ်အား ကားစင်မှာတင်သည်။

ရင်ခွဲသည်။ သွေးပွက်ပွက် ပန်းထွက်သည်။ ဘိုင်ဆပ်ဇက်ကျိုးလျက် မျက်လုံးကြောင်တောင်နှင့် အသက်ထွက်နေသည်။ အူ၊ အသည်းများသည် ရင်ဘတ်ရှေ့ တွဲလွဲကျလာကာ   ဆတ်ဆတ်ခါ တုန်နေကြသေးသည်။

ထိုအချိန်အခါ၌ ဖိုးသူတော်ရန်အောင်ဇေဋ္ဌနှုတ်မှ တရားဓမ္မသံများ ရွတ်အံနေသည်။ သတ်ဖြတ်ခုတ်ထစ်ရာတွင် ရန်အောင်ဇေဋ္ဌ၏ ဓားသည် မြေပေါ်မှာချထားသည်။ ထိုးရာခုတ်ရာတွင် အပါအဝင် မရှိတော့ပေ။

''ငါလေ ပါဏာတိပါတာကံထိုက်မှာ စိုးလို့ဟ''ဆိုသောအဖြေကို အာဏာ ပါးကွက်သားတွေက ကြားသိလိုက်ရသည်။

သို့သော် ရွှေမြို့တော် လေးပြင်လေးရပ်မှာတော့ ဘိုင်ဆပ်ကို သူတော် ရန်အောင်ဇေဋ္ဌကိုယ်တိုင် ဓားထမ်းပြီး လိုက်သတ်သည်။ သူ့သားကို သတ်ဖူးလို့ သူ့ကို လက်စားချေသည်ဟူ၍ ကျော်စောသွားလေသည်။

''အင်း ဘိုင်ဆပ်တို့ကတော့ ဖိုးသူတော်တောင်မှ မရှောင်ပါကလား'' ဟူ၍ စုတ်သပ်ကြသည်။ ရှစ်ပါးသီလ စောင့်ထိန်းသော ဖိုးသူတော်က လူသတ်ရပါ့မလား ဟူသော အပြစ်တင်သံပင် လုံးဝမကြားရသလောက် ရှိခဲ့လေသည်။

မည်သူမျှ ဖိုးသူတော်ကို သံသယမရှိကြပေ။ မိဘကတစ်ဆင့် သားသမီး လက်ထက်ထိ ဖိုးသူတော်က ဘိုင်ဆပ်ကို လိုက်သတ်သည့်သတင်း ကူးစက် လာခဲ့သည်။ မြို့ဝန်ဘိုင်ဆပ် ဆိုးသွမ်းကြောင်း၊ မြို့စာရေး မောင်ပိန် ကလိန်ကလယ် နိုင်ကြောင်းနှင့် ပုံပြင်တစ်ခုသဖွယ် ပြောကြဟောကြ ရှိလာခဲ့သည်။

ဖိုးသူတော် လူသတ်သည်ကို မကဲ့ရဲ့နိုင်ဘဲ အားရကျေနပ်ခဲ့ကြသည်။ သို့သော် ဖိုးသူတော်  လူသတ်ခြင်းကို   လက်သင့်မခံ လိုသူတစ်ဦးက ဤသံသယကို ဖြေရှင်းလိုသော ဆန္ဒရှိခဲ့သည်။ ထိုသံသယကို မတင်မကျ ရှိနေသူမှာ သံတော်ဆင့် အဝေးကျီဝန်မင်း ဦးလတ်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။