ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

(၆၃)ဂျူးမြစ်

အင်္ဂလိပ်အမည် - Allium Hookeri Root

            တစ်မျိုး - Chinese Chives

မျိုးရင်း - Liliaceae (နှင်းပန်းမျိုးရင်း)

ရုက္ခဗေဒအမည် - Allium Tuberosum

အဓိကဆေးဖက်ဝင်ပုံ

သွေးဖိအားတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အရိုးပါးရောဂါ၊ သက်ကြီးသတိမေ့ရောဂါ (အယ်ဇိုင်းမား)၊ အဆုတ်နှင့်  အစာအိမ်အူလမ်းကြောင်း အကျိတ်ကင်ဆာရောဂါများကို ကာကွယ်ကုသရန် ဆေးဖက်ဝင်အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

စိုက်ပျိုးပင်အဖြစ် အေးသောဒေသများ ဖြစ်သည့် ရှမ်းပြည်နယ်၊ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ပင်းတယ၊ နောင်ကယားဒေသတို့မှာ အများအပြားစိုက်ပျိုးကြသည်။ ဆေးဖက်ဝင်အစိတ်အပိုင်း - အမြစ်

အပင်ပုံသဏ္ဌာန်

ဂျူးမြစ်ကို ပဲပင်ပေါက်ထက် ရှည်လျားသော ဖြူဖွေးသည့် အမြစ်သဏ္ဌာန်တွေ့ရသည်။ ၃ လက်မမှ ၆ လက်မထိ ရှည်လျားသော အမြစ်များ တွေ့ရှိရသည်။ အပင်ပုံသဏ္ဌာန်မှာ ကြက်သွန်ဥသဏ္ဌာန် ရှိသည်။ ဥမှအရွက်ထွက်ပြီး အမြစ်အလွန်ထူထဲစွာထွက်သည်။

ဆေးကျမ်းများအဆို

အရသာနှင့် အကျိုးသွားမှာ ပူခါး၍ စပ်ဖျဉ်းဖျဉ်းအရသာရှိသည်။ ပူ၍ ဝမ်းမီးတောက်စေသောသတ္တိရှိသည်။ ဂုဏ်နှင့်စွမ်းရည်မှာ  ဆာလောင်မွတ်သိပ်စေသည်။ အစာအိမ်ကို နှိုးဆွပေးသောသတ္တိရှိသည်။ အစာကိုလည်းကြေစေသည်။ ဝမ်းကြောတင်းရောင်ခြင်းကို ပျောက်ကင်းစေသည်။ ပိုးနှင့်အဆိပ်ကိုနိုင်သည်။ ဆီးဝမ်းကိုရွှင်စေသည်။ အသဲရောင်ရေဖျဉ်း၊ နှလုံးရောင်၊ နှလုံးကြီးရောဂါများကို ကောင်းစေနိုင်သည်။  

ဂျူးမြစ်တွင်ပါဝင်သော အာဟာရဓာတ်များ-

အနောက်တိုင်းသုတေသနပြုချက်များအရ ဂျူးမြစ် ၁၀၀ ဂရမ်လျှင်

ကာဗွန်ဟိုက်ဒရိတ်         -           ၄ ဒသမ ၃၅ ဂရမ်

ပရိုတင်း                         -           ၃ ဒသမ၂၇ ဂရမ်

အဆီ                             -           သုည ဒသမ ၇၃ ဂရမ်

ကိုလက်စထရော             -           သုည ဒသမ ၀၈ မီလီဂရမ်

အမျှင်ဓာတ်                    -           ၂ ဒသမ ၅ ဂရမ်

စွမ်းအင်                         -           ၃၀ Kcal  ပါရှိသည်။

ဂျူးမြစ်တွင် ပါဝင်သောဗီတာမင်နှင့် သတ္တုဓာတ်များမှာ -

ဖောလစ်အက်စစ် - ၁၀၅ g ၊ နိုင်ယာစင် ၂၁၇ ဒသမ ၇ g၊ ဗီတာမင်ကေ ၂၁၂ ဒသမ ၇ g၊  သိုင်ယာမင်း သုည ဒသမ ၀၇၈ mg၊ ဗီတာမင်စီ ၅၈ ဒသမ ၁ mg၊  ဗီတာမင်အီး သုည ဒသမ ၂၁ mg၊

ဂျူးမြစ်တွင်ပါဝင်သောသတ္တုဓာတ်များမှာ -

ကယ်စီယမ်   ၉၂   mg၊ ကော့ပါး သုည ဒသမ ၁၅၇ mg၊ သံဓာတ် ၁ ဒသမ ၆၀ mg ၊ မဂ္ဂနီစီယမ် ၄၂ mg၊ မင်းဂနိစ် သုည ဒသမ ၃၇၃ mg ၊ စီလီနီယမ် သုည ဒသမ ၉၀ g၊ ဇင့် သုည ဒသမ ၅၆ mg ပါရှိသည်။

ကင်ဆာရောဂါကာကွယ်စေသည့် ဒြပ်ပေါင်းများမှာ -

သိုင်အိုဆိုင်ဖိုနိတ် ၃ ဒသမ ၆ mg၊ ဗီတာကရိုတင်း ၂၆၁၂  g၊ ဗီတာကရိုင်တိုဇမ်သင် သုည ဒမသ ၀၁ g၊ လူတိန်းဇီဇမ်သင် ၃၂၃ g ပါရှိသည်။ 

ဆေးဖက်ဝင်အသုံးပြုပုံ

  • နှလုံးသွေးကြောကျဉ်းရောဂါဖြစ်လျှင် ဂျူးမြစ်ကို ရေနွေးဖြင့်ပြုတ်ပြီး မတ်ခွက်တစ်လုံး နေ့စဉ်သောက်သုံးပါက သက်သာ စေနိုင်သည်။
  • နှလုံးကြောင့်ဖြစ်သော အမောရောဂါအတွက် ဂျူးမြစ်ပြုတ်ရည်တွင် ပျားရည် သင့်ရုံထည့်၍ သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်သည်။
  • အစာအိမ်အနာပေါက်လျှင် ဂျူးမြစ်ကိုပြုတ်ပြီးသကြားနှင့်ရော၍စားပေးပါ။
  • အစာမကြေရောဂါဖြစ်လျှင် ဂျူးမြစ်ကို အတို့အမြှုပ်ပြုလုပ်၍ စားပေးခြင်းဖြင့် အစာကြေစေနိုင်သည်။
  • ခြေတုန်လက်တုန်ရောဂါနှင့် သက်ကြီး သူငယ်ပြန်ရောဂါများမှ  ကာကွယ်စေရန်အတွက် ဂျူးမြစ်ကိုဖျော်ရည်ကဲ့သို့ နေ့စဉ် သောက်သုံးပေးနိုင်သည်။

(၆၄) ဂုံခါး

အင်္ဂလိပ်အမည်   -           Leptadenia Pyrotechnica

မျိုးရင်း             -           Asclepiadaceae            (မရိုးမျိုးရင်း)

ရုက္ခဗေဒအမည် -            Leptadenia reticulata

အဓိကဆေးဖက်ဝင်ပုံ

ဖောရောင်၊ ဝမ်းရင်အောင့်ခြင်း၊ ခံတွင်း ပျက်ခြင်း၊ အစာမကြေရောဂါ၊ ပန်းနာရောဂါ၊ ရင်ကျပ်ရောဂါ၊ နှုတ်မမြိန်ရောဂါများအတွက်

ဆေးဖက်ဝင်သည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသတွင် အလေ့ကျပေါက်ရောက်သော နွယ်ပင်တစ်မျိုးဖြစ်သည်။ မိုးဥတုတွင် အထူးသဖြင့် ပေါက် ရောက်သည်။ ဆေးဖက်ဝင်အစိတ်အပိုင်း - အရိုး၊ အမြစ်၊

အပင်ပုံသဏ္ဌာန်

နွယ်ပင်ဖြစ်သည်။ နွယ်တွင် အပွေးများရှိသည်။ သစ်ပင်ကြီးများတွင် မှီတွယ်၍ တက်ပြီးပေါက်ရောက်သဖြင့် အပင်ကြီးလျှင်ကြီး သလောက် နွယ်များ ပြန့်ပွားကြီးထွားသည်။ ခွေးတောက်ပင်ကဲ့သို့ အရွက်များမှာ ဝိုင်းပြီးအဖျားတွင်ချွန်သည်။ အကြောများလည်း ရှိသည်။ အပင်နွယ်၏ အထစ်များတွင် အဖူးကလေးများထွက်၍ အပွင့်ပွင့်ကြသည်။ ခါးသောအရသာရှိသည်။ အရိုး၊ အရွက်၊ အပွင့်၊ အမြစ် ပဉ္စငါးပါး လုံးခါးသည်။

ရှင်နာဂသိန်၏ ပုံပြဆေးအဘိဓာန်အဆို (ပုံသဏ္ဌာန်) ၎င်းသည် အခြားသောအပင်တို့ကို မှီ၍တက်သောနွယ်မျိုးဖြစ်သည်။ အပွင့်ငယ် ၏။ ဖြူ၏။ မွှေး၏။ ဂုံချို၊ ဂုံခါး၊ ဂုံသများ၊ ဂုံလက်တို၊ ဂုံဗောဓိဟူ၍ ငါးမျိုးရှိကြောင်းသိရ၏။ ဆေးဖက်ဝင်တွင် ဂုံခါးသာလျှင် အသုံးများကြ၏။ သုံးသောအခါ အမြစ်ကိုများသောအားဖြင့်သုံးကြ၏။

ဆေးကျမ်းများအဆို

အရသာနှင့် အကျိုးသွား။ ။ ချို၏။ ဖန်၏။ ခါးသက်သက် စပ်ရှားရှားရှိ၏။ ပူ၏။ ဝိပါက၌ စပ်၏။ ဝမ်းမီးကို တောက်စေ၏။ ဂုဏ်နှင့်စွမ်းရည်။ ။ ကြေကျက်လွယ်၏။ နှုတ်ကိုမြိန်စေ၏။ ဝဖြိုးစေ၏။ အသံကိုစင်ကြယ်စေ၏။ ပညာကိုပွားစေ၏။  အသက်ကို ရှည်စေ၏။  လေသလိပ်ကိုနိုင်၏။ ၎င်းအပြင် ကာလသားရောဂါ၊ ဝါသင့်နာ၊ ခယရုဂ်ရောဂါ၊ ချောင်းဆိုးရောဂါ၊ တုလာသရော ရောဂါ၊ ပါဒရက်ရောဂါ၊ အစာမကြေလေပြည့်၊ ဂူလုံး၊  အဆိပ်နှင့်  အဖျားရောဂါတို့ကို ပျောက်ကင်းစေ၏။

ဆေးအဘိဓာန်များမှအဆို

ဂုံခါးရွက်သည်  အဆိပ်အတောက်များကိုလည်းကောင်း၊ အဖျားအနာ၊ ငှက်ဖျားနာများကိုလည်း ကောင်းနိုင်သည်။ အပွင့်သည် သွေး အားနည်း၍ ကျုံလှီသောအနာ၊ ချောင်းဆိုးနာ၊ ဆာလောင်သောအနာ၊ ချွေးထွက်နည်းသော အနာတို့ကိုနိုင်သည်။ အမြစ်သည် အကြောတင်းသောအနာ၊ ဝမ်းရင်ပြည့်သောအနာ၊ ဝမ်း၌အလုံးရှိသော အနာတို့ကိုနိုင်သည်။ အဆိပ်အတောက်နှင့်အဖျားတို့ကို ပယ်ဖျောက်စေတတ်၏။ သွေး၊ သည်းခြေ၊ သလိပ်နာ၊ လည်ချောင်းနာ၊ လျှာနာ၊ အာခြောက်သွေ့သောအနာတို့ကို နိုင်၏ဟု ဖွင့်ဆိုသည်။

ဆေးဖက်ဝင်အသုံးပြုပုံ

  • ကွမ်းစားသူများ လေမပွစေရန်၊ လေမထစေရန်၊ ကွမ်းကြောင့် ကြို့မထိုးစေရန် ဂုံခါး အနည်းငယ်ထည့်စားရသည်။
  • အစားများ၍ အစာမကြေဖြစ်လျှင် ဂုံခါးမှုန့်အနည်းငယ်ကို လျက်ပေးလျှင် အစာကြေစေနိုင်သည်။
  • အစာစားပြီးနောက် လေခံပြီး ကြို့ထိုးလျှင် ဂုံခါးမှုန့်ကိုပျားရည်နှင့်ရောပြီးလျက်ပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။
  • လျှာနာ၊ အာခေါင်နာ၊ ခံတွင်းနာများဖြစ်လျှင် ဂုံခါးအမြစ်ကို ငုံထားခြင်းဖြင့် ထွက်လာသောအရည်ကို မျိုချပေးပါက သက်သာစေနိုင်သည်။
  • ချမ်းတုန်ဖျား၊ ငှက်ဖျားဖြစ်လျှင် ဂုံခါး အရွက်၊ အပွင့်၊ အမြစ်များကို ပြုတ်၍ သောက်ပေးပါက အဖျားပျက်စေနိုင်သည်။
  • နို့တိုက်မိခင်များ နို့ထွက်နည်းပါက ဂုံခါးရွက်ကို ဟင်းချိုချက်သောက်ပါက နို့ထွက်ကောင်းစေနိုင်သည်။
  • ချောင်းခြောက်ဆိုးလျှင် ဂုံခါးအမှုန့်ကို နွယ်ချို၊ သိန္ဓောတို့ဖြင့် ရောကြိတ်ပြီး လျက်ဆားအဖြစ်လျက်ပေးပါက သက်သာ စေနိုင်သည်။   ။

 

 

 

 

ကြည်လွင်မြင့်(မုဒြာ)